ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Nov 22, 2007

Learning in MIT OpenCourseWares

အမ်တိုင်တီ၏ အပွင့် သင်ခန်းစာများ - Learning in MIT OCW

မက်ဆာချုးဆက် နည်းပညာတက္ကသိုလ်ရဲ့ အပွင့် သင်ခန်းစာများ (MIT OpenCourseWare - MIT OCW)ဟာ အဲဒီတက္ကသိုလ်ရဲ့ ဘွဲ့ကြိုနဲ့ ဘွဲ့လွန်အဆင့် သင်ခန်းစာများကို မည်သူမဆို၊ မည်သည့် နေရာကနေမဆို အွန်လိုင်းကနေ တစ်ဆင့်၊ လွတ်လပ် ပွင့်လင်းစွာ ရယူသင်ကြားနိုင်စေဖို့ ၊ အမ်တိုင်တီ စာသင်ခန်းများထဲက သင်ခန်းစာတွေကို အင်တာနက်ပေါ် တင်ထားပေးတဲ့ အမ်အိုင်တီရဲ့ ပဏာမ ခြေလှမ်း ဖြစ်ပါတယ်။ ဒီသင်ခန်းစာများကို အင်တာနက်ကို အခြေခံထားတဲ့၊ အမ်အိုင်တီရဲ့ ထုထည်ကြီးမားတဲ့ သင်ခန်းစာများအဖြစ် မှတ်ယူမယ် ဆိုရင်လည်း ရပါတယ်။ ဒီလုပ်ငန်းကို ၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တာ အခုအချိန်မှာ ငါးနှစ်ကျော်ကာလကို ရောက်နေပြီ ဖြစ်ပါတယ်။ ငွေကြေး ရန်ပုံငွေ ပူးပေါင်းထည့်ဝင်မှု အနေနဲ့ အမ်အိုင်တီ အပြင် William and Flora Hewlett Foundation နဲ့ Andrew W. Mellon Foundation တို့လည်း ပါဝင်ထားပါတယ်။ ဒီလုပ်ငန်းမှာ ပါဝင်တဲ့ သင်ခန်းစာများကို မည်သူမဆို လေ့လာသင်ယူနိုင်တဲ့ "ပွင့်လင်းသော ပညာရေးဆိုင်ရာ အရင်းအမြစ်များ (open educational resources)" အဖြစ်သို့ ရောက်ရှိအောင် ပြောင်းလဲတဲ့ အခါမှာ အခြားသော တက္ကသိုလ်များ၊ အဖွဲ့အစည်းများရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှု များစွာကိုလည်း ရရှိခဲ့ပါတယ်။

၂၀၀၇ ခုနှစ် နိုဝင်ဘာလ - အခုအချိန်မှာ ဆိုရင် သင်ခန်းစာပေါင်း ၁၈၀၀ ကျော်ကို အွန်လိုင်းကနေတဆင့် လေ့လာလို့ ရပြီ ဖြစ်ပါတယ်။ အဲဒီထဲကမှ အချို့ကို နှစ်အလိုက် စီစဉ်ထားတဲ့ ဖတ်ရှုရန် စာရင်းများ၊ ဆွေးနွေးရန် ခေါင်းစဉ်များ အနေနဲ့ ထားရှိပေမယ့်လည်း၊ အများစုကိုတော့ လေ့ကျင့်ခန်း ပုစ္ဆာများ၊ စာမေးပွဲမေးခွန်းများ (တခါတရံ အဖြေများလည်း ပါသည်) နဲ့ သင်ခန်းစာ မှတ်စု (Lecture Notes) များအဖြစ် ပြည့်ပြည့်စုံစုံ ထည့်သွင်း ဖော်ပြပေးထားပါတယ်။ အချို့သော သင်ခန်းစာများမှာ ဆိုရင် ဂျာဗား (Java) သို့မဟုတ် မက်လက်ဘ် (Mathlab) တို့ကို အသုံးပြုပြီး "အပြန်အလှန် တုန့်ပြန် ဆောင်ရွက်နိုင်တဲ့ အင်တာနက် အသုံးချဆော့ဖ်ဝဲများ" (Interactive Web Applications)၊ အမ်အိုင်တီမှ ပါမောက္ခများ ကိုယ်တိုင် အပြည့်အစုံ ရေးသား ပြုစုထားတဲ့ ဖတ်စာအုပ် (Complete Textbooks) များနဲ့ အင်တာနက်ကနေ ဖမ်းယူကြည့်ရှုနိုင်တဲ့ ဗီဒီယို (Streaming Video) များကိုပါ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

နောက်ခံသမိုင်းကြောင်း

အမ်တိုင်တီရဲ့ အပွင့် သင်ခန်းစာများ အယူအဆဟာ အမ်အိုင်တီရဲ့ ပညာရေးနည်းပညာ ကောင်စီက တစ်ဆင့် ဖြစ်ပေါ်လာတာပါ။ အမ်အိုင်တီအနေနဲ့ အဝေးသင် ပညာရေး (Distance Learning) သို့မဟုတ် အီလက်ထရောနစ် ပညာရေး (e-Learning) ပတ်ဝန်းကျင်မှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်ကြမလဲ ဆိုတာကို ဆုံးဖြတ်ကြရင်း ၁၉၉၉ ခုနှစ်မှာ အမ်အိုင်တီ အဓိပတိ Robert Brown က ချမှတ်ခဲ့တဲ့ အယူအဆ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဒီအစီအစဉ်ဟာ ကမ္ဘာအရပ်ရပ်မှာ ရှိနေတဲ့ ပညာရှာဖွေ ဆည်းပူးလေ့လာသူများကြားမှာ အသိပညာ ဖြန့်ဝေရာ (Dissemination)၊ ပူးပေါင်းဆောင်ရွက်ရာ (Collaboration) နေရာတစ်ခု ဖြစ်လာပါတယ်။ တက္ကသိုလ်ပညာရပ် သင်ကြားမှု နယ်ပယ်မှာ ရှိနှင့်ပြီးသား အလေ့ အကျင့်ကောင်း တစ်ခု ဖြစ်တဲ့ "အသိပညာရပ်ပိုင်း ဆိုင်ရာများကို အများအတွက် မျှဝေခြင်း" အပိုင်းမှာ ကမ္ဘာအရပ်ရပ်မှာ ရှိနေတဲ့ ပညာရှင်များ အနေနဲ့ အခုလို ပူးပေါင်းပါဝင် ဆောင်ရွက်လာတဲ့ အတွက် အမ်အိုင်တီနဲ့ အခြားသော ပညာရှင်များကြားမှာ ရှိတဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်မှုကို အားပေး မြှင့်တင်လိုက်ရာ ရောက်လာ ပါတယ်။

အပွင့်သင်ခန်းစာများကို အကောင်အထည်ဖော် ဆောင်ရွက်ကြတဲ့ အခါမှာ အဓိက ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုက အမ်အိုင်တီရဲ့ မဟာဌာနများမှာ သင်ကြားပို့ ချနေတဲ့ သင်ခန်းစာများ အတွင်း ထုထည် ကြီးမားစွာနဲ့ ပါဝင်ပေါင်းစပ် တည်ရှိနေတဲ့ "ဥာဏ်ပညာနဲ့ တီထွင် ဖန်တီးထားတဲ့ အရာ (မူပိုင်ခွင့်)" များအတွက် ပိုင်ဆိုင်သူများနဲ့ အများပြည်သူ အတွက် ပုံနှိပ်ထုတ်ဝေခွင့် ရရှိရန် ခွင့်ပြုချက်များ ဖြစ်ပါတယ်။ နောက်ထပ် တစ်ခုကတော့ ပညာရေးဆိုင်ရာ အကြောင်းအရာများ အားလုံးကို အွန်လိုင်းပေါ်မှာ အသုံးပြုနိုင်ဖို့အတွက် ပြောင်းလဲတဲ့ အခါမှာ လိုအပ်တဲ့ အချိန်ကာလနဲ့ နည်းပညာဆိုင်ရာ အားထုတ် ကျိုးပမ်းရမှုများ ဖြစ်ပါတယ်။ အမ်အိုင်တီရဲ့ အပွင့်သင်ခန်းစာများအတွက် မူပိုင်ခွင့်ဟာ အမ်အိုင်တီ၊ မဟာဌာနများမှ အဖွဲ့ဝင်များ သို့မဟုတ် သူ့ရဲ့ ကျောင်းတော်သားများ အပေါ် သက်ရောက်မှု ရှိပါတယ်။

၂၀၀၂ ခုနှစ်၊ စက်တင်ဘာ အတွင်းမှာ သင်ခန်းစာ ၃၂ ခုပါရှိတဲ့ စမ်းသပ် စာသင်ခန်းကို အွန်လိုင်းပေါ်မှာ လွှင့်တင် ခဲ့ပါတယ်။ ၂၀၀၃ စက်တင်ဘာကို ရောက်တဲ့ အချိန်မှာတော့ သင်ခန်းစာပေါင်း ၅၀၀ ကျော်ကို တင်ထားနိုင်လာပြီး၊ အချို့သော သင်ခန်းစာများမှာ အင်တာနက်ကနေ ကြည့်ရှုနိုင်တဲ့ ဗီဒီယို ပို့ချချက်များ အပြည့်အစုံ ပါရှိလာခဲ့ပါတယ်။ နှစ်နှစ်အကြာ စက်တင်ဘာ ၂၀၀၄ မှာတော့ လွှင့်တင်ထားတဲ့ သင်ခန်းစာပေါင်းဟာ ၉၀၀ ကျော်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အမ်အိုင်တီရဲ့ မဟာဌာနကြီးများနဲ့ ကျောင်းတော်သားများရဲ့ တုန့်ပြန်မှုများဟာ အလွန် အပြုသဘောဆောင်ပြီး၊ အမ်အိုင်တီရဲ့ အပွင့်သင်ခန်းစာများဟာ အမ်အိုင်တီရဲ့ ရည်မှန်းချက် - လေ့လာသင်ယူသူများကို သိပ္ပံ၊ နည်းပညာနဲ့ ၂၁ ရာစု ကမ္ဘာကြီးရဲ့ အကောင်းဆုံး ၀န်ဆောင်မှုများ ပေးအပ်နိုင်မယ့် အခြားသော ပညာသင်ကြားရေး နယ်ပယ်များမှာ အဆင့်မြင့် ပညာများ သင်ယူခွင့်ရစေရန်နှင့် သင်ကြားပို့ချသွားရန် - အတိုင်း ထပ်တူညီမှုရှိတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ အမ်အိုင်တီရဲ့ အပွင့်သင်ခန်းစာများနဲ့ OpenCourseWare Consortium ရဲ့ အခြားသော "ပွင့်လင်း လွတ်လပ်သော ပညာသင်ကြားရေး အရင်းအမြစ်များ" ဆိုင်ရာ စီမံကိန်းများ ဟာလည်း အကောင်အထည် ပေါ်လာခဲ့ပါတယ်။

နည်းပညာ

William and Flora Hewlett Foundation နဲ့ Andrew W. Mellon Foundation တို့က ပညာရေးဆိုင်ရာ လုပ်ငန်းများအတွက် အကူအညီများ၊ ဘယ်လို အဖွဲ့အစည်းမဆို သူတို့ရဲ့ ကိုယ်ပိုင် ပညာ သင်ကြားရေး ဆိုင်ရာ အရင်းအမြစ် များကို တည်ဆောက် ဖွံ့ဖြိုးစေနိုင်၊ စီမံ ခန့်ခွဲနိုင်စေတဲ့ Open Source Software များကို အထောက်အပံ့ ပြုပေးပါတယ်။ သင်ခန်းစာများမှာ ပါရှိတဲ့ ဗီဒီယိုဖိုင်တွေဟာ RealMedia (RM) အမျိုးအစားများ ဖြစ်ကြပါတယ်။ သာမန်အားဖြင့် ဗီဒီယိုဖိုင်တွေကို အမ်အိုင်တီ ဆာဗာများကနေပဲ ရယူကြည့်ရှုနိုင်တယ် ထင်ရပေမယ့်၊ အားလုံးကို ဒေါင်းလုဒ် ပြုလုပ်နိုင်အောင် ဖန်တီး ပေးထား ပါတယ်။

ပါဝင်ပတ်သက်မှုများ

အမ်အိုင်တီဟာ သူ့ရဲ့ ပညာသင်ကြားရေးဆိုင်ရာ အရင်းအမြစ်များကို အခုလို လွတ်လပ် ပွင့်လင်းစွာ လေ့လာသင်ယူနိုင်အောင် ဖန်တီးလိုက်တဲ့ အခါမှာ - အမ်အိုင်တီရဲ့ ပညာရေးဆိုင်ရာ တန်ဘိုးများ ကျဆင်းသွားခြင်း၊ သို့မဟုတ် အတန်းတွင်း စာသင်ခန်းများမှာ အနှောင့်အယှက် ဖြစ်ခြင်းများ ဖြစ်လာနိုင်တယ် - လို့ ထင်ရပေမယ့် တကယ်တန်းမှာ "အပွင့် သင်ခန်းစာ" များကြောင့် သင်ကြားရေးဆိုင်ရာ နည်းလမ်းများမှာ ပိုမို တိုးတက် ဖွံ့ဖြိုးလာတယ်လို့ ဆိုပါတယ်။

သင်ကြားမှု မဟာဌာနများ

  • Aeronautics and Astronautics
  • Anthropology
  • Architecture
  • Athletics, Physical education and Recreation
  • Biological engineering
  • Biology
  • Brain and Cognitive sciences
  • Chemical engineering
  • Chemistry
  • Civil and Environmental engineering
  • Comparative Media Studies
  • Earth, Atmospheric and Planetary sciences
  • Economics
  • Electrical engineering and Computer science
  • Engineering Systems Division
  • Foreign languages and Literatures
  • Health Sciences and Technology
  • History
  • Linguistics and Philosophy
  • Literature
  • Materials science and Engineering
  • Mathematics
  • Mechanical engineering
  • Media Arts and Sciences
  • Music and Theatre arts
  • Nuclear Science and Engineering
  • Ocean Engineering
  • Physics
  • Political science
  • Science, Technology, and Society
  • Management
  • Special Programs
  • Urban studies and Planning
  • Women's Studies
  • Writing and Humanistic studies

အခမဲ့ အွန်လိုင်းပညာရေး

အခုအချိန်မှာ အွန်လိုင်းပေါ်က အမ်အိုင်တီ အကြောင်း တစေ့တစောင်း သိရှိသွားရပါပြီ။ "အပွင့်သင်ခန်းစာ" (OpenCourse) ဆိုတဲ့ အတိုင်းပဲ -
  • အချိန်ကာလ ကန့်သတ်ချက် တားဆီးမှု မရှိတော့ပါဘူး.. ကြိုက်တဲ့ အချိန်မှာ သင်ယူလို့ရပါတယ်...
  • နေရာ ကန့်သတ်ချက် - အတားအဆီး မရှိပါဘူး၊ ကမ္ဘာရဲ့ ဘယ်နေရာကနေမဆို သင်ယူ လေ့လာလို့ ရပါတယ်
  • အကွာအဝေး ကန့်သတ်ချက် - အင်တာနက်ကျေးဇူးကြောင့် ခရီးကွာဝေးခြင်းက သတင်း အချက်အလက် တွေကို တားဆီးမထားနိုင်တော့ပါဘူး
  • သင်ခန်းစာ ကန့်သတ်ချက် - ဆန္ဒရှိရင် ပေးထားတဲ့ သင်ခန်းစာ အားလုံးကို သင်ယူလေ့လာ နိုင်ပါတယ်
  • သာတူညီမျှရှိမှု - အားလုံးတပြိုင်တည်း သင်ယူလေ့လာလို့ ရတဲ့ အတွက် လူတိုင်းအတွက် တပြေးညီပဲ ဖြစ်ပါတယ်.. ပိုပြီး လေ့လာနိုင်တဲ့သူက ပိုပြီးတတ်မှာပဲ ဖြစ်ပါတယ်
ကျွန်တော်ကတော့ ညီအကို မောင်နှမ မိတ်ဆွေများကို ဒီလောက်ထိ ဖွင့်ပေးထားတဲ့ ပညာ သင်ယူလေ့လာရေး စနစ်ကြီးကို အချိန်မှီ ပါဝင် ဆင်နွှဲသွားကြဖို့ တိုက်တွန်း လိုက်ပါတယ်... အပွင့် သင်ခန်းစာများနဲ့ သက်ဆိုင်တဲ့ အခြားသော အကြောင်းအရာများကိုလည်း ဆက်လက်လေ့လာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်...

ဆက်စပ် ဖတ်ရှုနိုင်ရန် - Blog Post

ရည်ညွှန်း-
http://en.wikipedia.org/wiki/OpenCourseWare
http://en.wikipedia.org/wiki/William_and_Flora_Hewlett_Foundation
http://en.wikipedia.org/wiki/Andrew_W._Mellon_Foundation
http://en.wikipedia.org/wiki/Open_educational_resources