ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Nov 20, 2007

Evaluating Information Found on the Internet

အင်တာနက်မှ ရသော သတင်းအချက်အလက်များကို စစ်ဆေးခြင်း


အမေရိကရဲ့ ပထမဆုံး သုတေသန တက္ကသိုလ် - ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ၀က်ဘ်ဆိုဒ်က ရတဲ့ အကြောင်းအရာ အချို့ ဖြစ်ပါတယ်...

ကမ္ဘာတခွင်လုံးက အချက်အလက်များ (Data) နဲ့ သတင်းများ (Information) ကို ကမ္ဘာလုံးဆိုင်ရာ ကွန်ရက် (WWW) မှ ရရှိနိုင်ပါတယ်။ ဒီလို - ရနိုင်တဲ့ သတင်း အချက်အလက်များစွာ ရှိနေခြင်း နဲ့ ထိုသတင်းများ၏ မူလ အရင်းအမြစ်များကို သိရှိနိုင်ရန် မလွယ်ခြင်းကြောင့် - အင်တာနက်မှ ရရှိလာသော အချက်အလက်များကို စနစ်တကျ စစ်ဆေးတတ်သည့် အလေ့အကျင့်ကောင်း - တစ်ခုကို ကောင်းစွာ မွေးမြူထားသင့်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ သုတေသန တစ်ခု ပြုလုပ်သည့်အခါမှာ ဖြစ်စေ၊ သို့မဟုတ် တက္ကသိုလ် စာကြည့်တိုက် တစ်ခုတွင် ရှာဖွေလေ့လာသည့် အခါမှာ ဖြစ်စေ.. အသုံးပြုရမည့် စာအုပ်များ၊ ဂျာနယ်များနှင့် အခြားသော အရင်းအမြစ်များဟာ ပညာရှင်များ၊ စာအုပ်ထုတ်ဝေသူများနှင့် စာကြည့်တိုက်မှူးများက ကောင်းစွာ ပြုစု၊ စစ်ဆေးထားပြီး ဖြစ်သည့် အရာများ ဖြစ်ကြပါတယ်... ကျွန်တော်တို့ ရှာဖွေ တွေ့ရှိသမျှ အရင်းအမြစ်များ အားလုံးဟာ တနည်းနည်းဖြင့် စစ်ဆေးထားပြီးသား အချက်အလက်များ ဖြစ်ပါတယ်...

ကျွန်တော်တို့ အနေနဲ့ အင်တာနက်ကို အသုံးပြုကြတဲ့ အခါမှာ အထက်ပါ အခြေအနေနဲ့ လုံးဝ ကွဲပြားခြားနား သွားပါပြီ်။ အချက်အလက်များ မှန်မမှန် စသည်ကို စိစစ် ထားခြင်းမျိုး လုံးဝ မရှိတဲ့ အခြေအနေ ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်.. အကြောင်းရင်းကတော့ -
  • မည်သူမဆို အင်တာနက် စာမျက်နှာတစ်ခုကို အလွယ်တကူ ဖန်တီးနိုင်ခြင်း၊
  • အရည်အသွေး အမျိုးမျိုးရှိနေသော စာရွက်စာတမ်းများကို ထုတ်လုပ် နိုင်ခြင်း၊
  • စာရေးသူ အမျိုးမျိုးတို့က ၄င်းတို့ စိတ်ကြိုက် အကြောင်းအရာ အမျိုးမျိုးကို ဖန်တီးထုတ်လွှင့် နိုင်ခြင်း
တို့ကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် အကောင်းဆုံး အရည်အသွေးရှိသော အရင်းအမြစ်များနှင့်အတူ ယုံကြည်နိုင်ဖွယ်ရာ မရှိသော၊ စိတ်မချ ရသော စာမျက်နှာ များကိုလည်း အင်တာနက်ထဲမှာ တွေ့ကြရမှာ ဖြစ်ပါတယ်... အင်တာနက်သည်ပင်လျှင် အသုံးပြုသူများကို လွတ်လပ်ခွင့် အပြည့်အ၀ပေးထားသော နေရာတစ်ခု ဖြစ်နေတဲ့အတွက် သတင်း အချက်အလက် တစ်ခု၏ အမှားအမှန် ဖြစ်နိုင်ချေကို ဆုံးဖြတ်ပိုင်ခွင့်ကလည်း သက်ဆိုင်သူ တစ်ဦးချင်းစီမှာပဲ ရှိနေတာ ဖြစ်ပါတယ်...

အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်များကတော့ - ပုံနှိပ်ထုတ်ဝေထားသည့် အကြောင်းအရာများကို လေ့လာ စစ်ဆေးရာမှာ ပညာရှင်များ အနေနဲ့ အများဆုံး အသုံးပြုလေ့ရှိတဲ့ စစ်ဆေးနည်းများ ဖြစ်ကြပါတယ်။ ဒီနည်းလမ်းတွေကို အသုံးပြုပြီး အင်တာနက်ပေါ်မှာ တွေ့ရှိသော အချက်အလက်များကိုလည်း စမ်းသပ် စစ်ဆေး နိုင်မှာ ဖြစ်ပါတယ်...

စဉ်းစားရန် အချက်များ

စာရေးသူ၊
ရေးထားသည့် နေရာ၊
ရှုမြင်ပုံ သို့မဟုတ် ဘက်လိုက်မှု၊
အခြားသော အရင်းအမြစ်များဆီသို့ ရည်ညွန်းမှု၊
မှန်ကန်မှု သို့မဟုတ် အစစ်အဆေး ခံနိုင်မှု၊
အချိန်နှင့် တပြေးညီ ဖြစ်မှု၊
ဝါဒ ဖြန့်ခြင်း (Propaganda) သတင်းမှား ပေးခြင်း (Misinformation)၊ လုပ်ကြံသတင်း ပေးခြင်း (Disinformation) စသည်တို့နှင့် စပ်ဆိုင်နေသော အချက်အလက်များ ဖြစ်နေခြင်း ရှိမရှိ၊စာရေးသူ အကြောင်းအရာနှင့် အင်တာနက်ပေါ်တွင် အချိန်နှင့်တပြေးညီ ရှိမရှိတို့ကို
စစ်ဆေးနိုင်သည့် နည်းစနစ်များ ...

စာရေးသူ - ဟာ သတင်း အချက်အလက် တစ်ရပ်ကို စစ်ဆေးရာမှာ အဓိက အသုံးပြုလေ့ရှိသည့် အချက်တစ်ခု ဖြစ်ပါတယ်။ "ဤ အကြောင်းအရာကို မည်သူ ရေးသနည်း"။ စာရေးသူ တစ်ဦးအတွက် ကျွန်တော်တို့ အနေနဲ့ စစ်ဆေးကြည့်သင့်တဲ့ အချက်အလက်များကို အောက်မှာ ကြည့်နိုင်ပါတယ်..
  • မိမိ လေ့လာ နေသည့် နယ်ပယ်အတွင်း လူသိများသော စာရေးသူ။ မိမိ ကောင်းစွာ သိရှိ ရင်းနှီးထားသူ ဖြစ်မဖြစ်။
  • မိမိအနေဖြင့် မသိရှိသော စာရေးသူ တစ်ဦးကို တွေ့ရသော အခါတွင် -
    • စာရေးသူကို မိမိ သိရှိထားပြီးသော အခြားစာရေးသူ တစ်ဦး သို့မဟုတ် မိမိယုံကြည်ရသည့် အခြားသူတစ်ဦးမှ အပြုသဘော ဆောင်သည့် အနေအထားမျိုးဖြင့် ဖော်ပြထားခြင်းမျိုး ရှိမရှိ
    • စာရေးသူ၏ အင်တာနက် စာမျက်နှာကို မိမိယုံကြည် စိတ်ချရသည့် အခြားသော နေရာတစ်ခုတွင် တွေ့ရှိခြင်း သို့မဟုတ် ချိတ်ဆက်ထားခြင်း ရှိမရှိ
    • မိမိ ဖတ်ရှုနေသည့် အင်တာနက် စာမျက်နှာတွင် စာရေးသူ၏ ကိုယ်ရေးအချက်အလက်များ၊ လက်ရှိ အနေအထား အစရှိသည့် အချက်အလက်များ ပါဝင်ခြင်း ရှိမရှိ
    • စာရေးသူ၏ ကိုယ်ရေး အချက်အလက်များကို အခြား စိတ်ချယုံကြည်ရသည့် အင်တာနက် နေရာတစ်ခုတွင် မြင်တွေ့ရခြင်း ရှိမရှိ...
    • အကယ်၍ အထက်ဖော်ပြပါ အကြောင်းအရာ တစ်ခုမျှ မပါရှိခဲ့ပါက စာရေးသူထံ ဆက်သွယ်နိုင်မည့် လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ ၊ အလုပ်အကိုင်နှင့် သက်ဆိုင်သည့် အချက်အလက်အချို့ ပါရှိသင့်ပေသည်...
စဉ်းစားရန် အချက်များ သို့...

ရေးထားသည့် နေရာ - ဟာလည်း ကျွန်တော်တို့ ဖတ်ရမယ့် ဘယ်လို စာမျက်နှာ အတွက်မဆို စစ်ဆေးရာမှာ အထောက်အကူ ရပါတယ်.. အင်တာနက် စာမျက်နှာ တစ်ခုကို ဖတ်ရတဲ့ အခါမှာ အဲဒီ စာမျက်နှာနဲ့ သက်ဆိုင်တဲ့ အရာများကိုလည်း အခုလို စစ်ဆေးနိုင်ပါသေးတယ်...
  • ဖတ်နေတဲ့ စာမျက်နှာမှာ အဖွဲ့ အစည်း တစ်ခုခုရဲ့အမည် ပါဝင်နေခြင်း ရှိမရှိ၊ စာမျက်နှာရဲ့ ခေါင်းစီးနေရာ၊ အခြေနေရာ သို့မဟုတ် ထင်ရှားတဲ့ နောက်ခံ ရေစာ ရုပ်ပုံ စတဲ့ အစိပ်အပိုင်း တစ်ခုခုမှာ တက္ကသိုလ်တစ်ခုခု သို့မဟုတ် ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုရဲ့ ၀က်ဘ်ဆိုဒ်ဖြစ်ကြောင်း ဖော်ပြထားခြင်း ရှိမရှိ၊ အဲဒီ စာမျက်နှာကနေ တစ်ဆင့် အဲဒီဆိုဒ်ရဲ့ အုပ်ချုပ်သူထံ ဆက်သွယ်နိုင်ခြင်း ရှိမရှိ
  • အကယ်၍ မရှိပါက ထိုအချက်များကို ဖော်ပြထားသည့် စာမျက်နှာတစ်ခုကို သွားနိုင်သည့် လမ်းကြောင်း၊ အချိတ်အဆက် ရှိမရှိ၊ ရှိခဲ့လျှင်လည်း ဆာဗာတစ်ခုတည်း ပေါ်တွင် (သို့မဟုတ်) အုပ်စု တစ်ခုတည်းတွင် ဖြစ်မဖြစ်..
  • ၄င်း အဖွဲ့ အစည်းမှာ မိမိတို့ လေ့လာနေသည့် နယ်ပယ်အတွက် အထောက်အကူ ပြုမပြု
  • မိမိ၏ လေ့လာမှု ခေါင်းစဉ်နှင့် ဆီလျော်သော အဖွဲ့အစည်း ဖြစ်မဖြစ်..
  • စာရေးသူနဲ့ ဆာဗာတို့ကြားမှာ ရှိနေတဲ့ အဆက်အစပ်ကို သေချာစွာ သိနိုင်ခြင်း ရှိမရှိ.. မိမိ ကြည့်နေသည့် စာမျက်နှာများမှာ စာရေးသူ၏ အသက်မွေး ၀မ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ သို့မဟုတ် ၄င်း၏ ကျွမ်းကျင်မှု နယ်ပယ်ကို မြင်တွေ့ရနိုင်ခြင်း ရှိမရှိ.. သို့မဟုတ် လွတ်လပ်စွာ နေလိုသည့် လူ့သဘာဝအရ စာရေးသူနဲ့ သက်ဆိုင်တဲ့ အနေအထား တစ်ခုမှ မပါရှိခြင်း...
  • မိမိဖတ်ရှုနေတဲ့ အင်တာနက်စာမျက်နှာကို သိမ်းထားပေးတဲ့ ဆာဗာကို
    စစ်ဆေးနိုင်ခြင်း ရှိမရှိ၊ dnslookup နဲ့ whois စတဲ့ အင်တာနက် ပရိုဂရမ်များရဲ့ အကူအညီနဲ့ စစ်ဆေးနိုင်ပါတယ်..
  • အင်တာနက် စာမျက်နှာဟာ အဖွဲ့အစည်း တစ်ရပ်ရဲ့ အစိပ်အပိုင်း တစ်ခုမဟုတ်ဘဲ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင် အင်တာနက်နေရာ တစ်ခု ဖြစ်မဖြစ် စစ်ဆေးသင့်ပါတယ်.. ဒီအချက်ကို စစ်ဆေးတဲ့ အခါမှာအထူး သတိထားရမှာ ဖြစ်ပါတယ်..
စဉ်းစားရန် အချက်များ သို့...

ရှုမြင်ပုံ သို့မဟုတ် ဘက်လိုက်မှု က - သတင်းအချက်အလက် တွေဟာ ဘယ်ဘက်ကိုမှ မလိုက်ဘဲ ကြားနေသဘော၊ အရှိအတိုင်း သဘောကို ရနိုင်ဖို့ ခဲယဉ်းတဲ့ သဘာဝကို အမှတ်ရ စေပါတယ်.. သတင်း (Information) တစ်ခု ဖြစ်လာစေဖို့အတွက် အချက်အလက်များ (Data) ကို ရွေးချယ် ပုံဖော်ကြတာ ဖြစ်တဲ့ အတွက်၊ ဘယ်ရှုထောင့်ကနေ ကိုယ်စားပြုနေတာလဲ ဆိုတာ ဖြစ်လာပါတယ်.. စာရေးသူတိုင်းဟာ သူဆိုလိုချင်တဲ့ အချက်ကို အထောက်အထား ခိုင်လုံကြောင်း ပြချင်ကြတာ သဘာဝပဲ ဖြစ်ပါတယ်.. အဲဒါကြောင့် သူ့အမြင်အပေါ် အထောက်အကူ ဖြစ်လာစေမယ့် အချက်အလက်များနဲ့ သတင်းများကို အသုံးပြုရပါတယ်.. အင်တာနက်မှာ တွေ့ရှိတဲ့ သတင်းတစ်ခုကို စစ်ဆေးတဲ့ အခါမှာ ကျွန်တော်တို့ကြည့်နေတဲ့ အဲဒီ သတင်းကို ဘယ်သူ ပေးတာလဲ၊ သူတို့ရဲ့ အမြင် သို့မဟုတ် ရပ်တည်မှု ဘယ်လိုရှိလဲ ... ဆိုတာတွေကို စစ်ဆေးဖို့ အရေးကြီးပါတယ်.. အင်တာနက် နာမည်ကျော်ရတဲ့ အကြောင်းရင်းများထဲမှာ ၄င်းကို စီးပွားရေးအတွက် နဲ့ရော လူမှုရေး၊ နိုင်ငံရေးတွေ အတွက်ပါ လွတ်လွတ်လပ်လပ် အသုံးချနိုင်ခြင်းလည်း အပါအ၀င် ဖြစ်ပါတယ်... အဲဒီ နယ်ပယ်များဟာ အချက်အလက်များကို ကောင်းကောင်း အသုံးချပြီး လိုချင်တဲ့ အဓိပ္ပါယ်ရောက်အောင် ပုံဖော်လေ့ရှိတဲ့ နေရာများ ဖြစ်တဲ့ အတွက်ပါပဲ... (ဒီအကြောင်းတွေကိ အသေးစိတ် ဖတ်ချင်ရင်တော့ အောက်မှ ဖော်ပြထားတဲ့ နေရာတွေကနေ သွားဖတ်နိုင်ပါတယ်...)
သတင်းအချက်အလက် တစ်ခုရဲ့ ရပ်တည်မှုကို စစ်ဆေးတဲ့ အခါမှာ ပိုင်ဆိုင်မှု သို့မဟုတ် ဆက်နွယ်မှုများကို အခြေခံပါတယ်..
  • ပထမဆုံး အနေနဲ့ အင်တာနက် စာမျက်နှာရဲ့ လိပ်စာ (URL) ကို မှတ်ထားပါ.. အဲဒီလိပ်စာဟာ အဖွဲ့အစည်းတစ်ခုရဲ့ အင်တာနက်ဆာဗာမှာ ထားရှိတဲ့ စာမျက်နှာ ဖြစ်မဖြစ် စစ်ဆေးပါ..
    • တကယ်လို့ ကျွန်တော်တို့ ကြည့်နေတဲ့ အင်တာနက် စာမျက်နှာဟာ အဖွဲ့အစည်းတစ်ခုက ဖြစ်နေခဲ့မယ်ဆိုရင် အဲဒီ အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ သတင်းများကို ပိုမို ကောင်းမွန်တဲ့ အပြုသဘောနဲ့ ပုံဖော် ရေးသား ထားတာ တွေ့ရမှာ ဖြစ်ပါတယ်..
    • တကယ်လို့ အဲဒီ အဖွဲ့အစည်းက ထုတ်လုပ် ရောင်းချနေတဲ့ ထုတ်ကုန်တွေကို ကြည့်နေတာ ဆိုရင်တော့ ကျွန်တော်တို့ဟာ - ကြော်ငြာတစ်ခုကို ကြည့်နေတာ ဖြစ်တဲ့ အကြောင်း - သတိရ နေလိုက်ပါ
    • တကယ်လို့ အခြားသော နိုင်ငံရေး အဖွဲ့အစည်း တစ်ရပ်ရဲ့ အင်တာနက် စာမျက်နှာ တစ်ခု (၀က်ဘ်ဆိုဒ် တစ်ခု)က နိုင်ငံရေးဆိုင်ရာ အချက်အလက်တွေကို ဖတ်နေရပြီဆိုရင်တော့ - သင်ဟာ ဆန့်ကျင်ဘက် အမြင်တွေကို ဖတ်နေတာပဲ ဖြစ်ပါတယ်..
  • ကိုယ်ကြည့်နေတဲ့ အင်တာနက် စာမျက်နှာဟာ နိုင်ငံရေး သို့မဟုတ် စိတ်ဓါတ် ရေးရာပိုင်းဆိုင်ရာ ရည်ရွယ်ချက်များနဲ့ ထူထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အင်တာနက် ဆာဗာပေါ်က ဖြစ်နေခဲ့မယ် ဆိုရင်
    • ကိုယ်ရှာနေတာက လူသားမျိုးနွယ်နဲ့ သက်ဆိုင်တဲ့ သိပ္ပံနည်းပညာ ဆိုင်ရာ သတင်းများကို ရှာဖွေနေတာ ဆိုရင် နိုင်ငံရေး အဖွဲ့အစည်းတစ်ခုကနေ အဲဒီလို အကြောင်းအရာမျိုးကို ရနိုင် မရနိုင် စဉ်းစားကြည့်ဖို့ လိုပါတယ်..
    • အစွန်းရောက်တဲ့ အမြင်တွေကို အလွယ်တကူ စစ်ဆေး တွေ့ရှိနိုင်လိမ့်မယ် - လို့ ဘယ်တော့မှ မယူဆပါနဲ့... အဲဒီလို အမြင်တွေကို ထိုးဖောက် စည်းရုံးနေတဲ့ အင်တာနက် နေရာအချို့ကို ကြည့်လိုက်ရင် ပညာရေးဆိုင်ရာ အတွက်လို့ ထင်ရအောင် လုပ်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်.. ပိုပြီး အသေးစိတ် သိချင်တယ်ဆိုရင်တော့ နယူးယော့တိုင်း ၁၉၉၉ မတ် ၁၈ မှာပါရှိတဲ့ Rising Tide: Site Born of hate ကို ဖတ်ကြည့်နိုင်ပါတယ်
သုတေသနနှင့် စုံစမ်းစစ်ဆေးမှု နယ်ပယ် အများစုမှာ အငြင်းပွားဖွယ် မေးခွန်းများစွာ ပါရှိနေပြီး၊ တခါတရံမှာ အချက်အလက် တစ်ခုအတွက် ပိုမို အငြင်းပွားဖွယ် ဖြစ်လာလေလေ၊ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာလေလေ ဖြစ်တတ်တာ တွေ့ရပါတယ်.. အင်တာနက်ရဲ့ တည်ဆောက်ထားပုံကိုက အသုံးပြုသူတိုင်းကို သတင်းအချက်အလက် ကိုယ်တိုင် ထုတ်လုပ်သူများ အလွယ်တကူ ဖြစ်လာအောင် ဖန်တီးပေးထားတဲ့ အတွက် အမျိုးမျိုး အထွေထွေသော အမြင်များ၊ တဖက်စောင်းနင်း ရပ်တည်မှုများကို အင်တာနက်ထဲမှာ အများဆုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်..
စဉ်းစားရန် အချက်များ သို့...

အခြားသော အရင်းအမြစ်များဆီသို့ ရည်ညွန်းမှု သို့မဟုတ် အခြားသော အရင်းအမြစ်များ ထံမှ ရယူမှု - က စာရေးသူရဲ့ အနေအထားကို ဖော်ပြပေးနိုင်ပါတယ်။ စာရေးသူ အနေနဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများနဲ့ ဆောင်ရွက်ရမယ့် အလုပ်များကို သူရည်ညွှန်းထားတဲ့ (သို့မဟုတ်) ရယူထားတဲ့ အရင်းအမြစ်များ မှတဆင့် မြင်သိနိုင်ပါတယ်။ စာရေးသူရဲ့ အကြားအမြင် ဗဟုသုတ သို့မဟုတ် သူဆွေးနွေးနေတဲ့ အကြောင်းအရာ အပေါ်မှာ နားလည်တတ်ကျွမ်းမှု အတိုင်းအတာ ကိုလည်း တစ်ခါတည်း ခန့်မှန်းနိုင်ပါတယ်။ သိနိုင်တဲ့ အချက်အလက်များကို ပေါင်းရုံးကြည့်လိုက်မယ်ဆိုရင် -
  • ရေးထားတဲ့ အကြောင်းအရာရဲ့ အဆုံးမှာ အကြောင်းအရာ အလိုက်၊ ကျမ်းပြုအလိုက် (စာစုစာရင်း) (Bibliography) ပါရှိရပါမယ်..
  • စာရေးသူ ရယူထားတဲ့ မူရင်းနေရာ၊ စာအုပ်များကို ဖော်ပြပေးထားရပါမယ်..
  • စာရေးသူ ဖော်ပြထားတဲ့/လေ့လာနေတဲ့ အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ သီအိုရီများ၊ သို့မဟုတ် နည်းစနစ်များကို အလျင်းသင့်သလို ထည့်သွင်း ဖော်ပြ ပေးထား ရပါမယ်
  • တကယ်လို့များ စာရေးသူဟာ သုတေသန အတွက် အခြေခံအဖြစ်နဲ့ သီအိုရီအသစ် တစ်ခု သို့မဟုတ် နည်းစနစ် အသစ်တစ်ခုကို အသုံးပြုခဲ့မယ်ဆိုရင် အဲဒီနည်းစနစ်ရဲ့ အကျိုးအပြစ်များ၊ ကန့်သတ်ချက်များ စတာတွေကို
    ထည့်သွင်း ရှင်းလင်း ဆွေးနွေးထားရမှာ ဖြစ်ပါတယ်..
  • တကယ်လို့များ စာရေးသူရဲ့ ဘာသာရပ်အပေါ် ရှုမြင် သုံးသပ်တဲ့ သဘောထားအမြင်တွေဟာ အငြင်းပွားဖွယ်ရာ ဖြစ်နေခဲ့မယ်ဆိုရင်၊ စာရေးသူအနေနဲ့ ကြိုတင်နားလည် သိရှိထားရမှာ ဖြစ်ပြီး၊ ဖြစ်လာတဲ့ အငြင်းပွားမှုများအပေါ်မှာ လက်ခံ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်..
စဉ်းစားရန် အချက်များ သို့...

မှန်ကန်မှုရှိခြင်း (သို့မဟုတ်) အစစ်အဆေး ခံနိုင်မှုရှိခြင်း - ကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အနေနဲ့ ရင်းနှီးမှု မရှိသေးတဲ့ စာရေးသူတစ်ဦး (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုက ရေးသားဖော်ပြထားတဲ့ အကြောင်းအရာတွေကို ဖတ်နေရတဲ့အခါမှာ ဖြစ်စေ၊ ပုံမှန် မဟုတ်တဲ့ နည်းလမ်းတစ်ရပ်နဲ့ တင်ပြလာတာ တစ်ခုခုကို ကြုံတွေ့ရတဲ့ အခါမှာ အဲဒီ အချက်အလက်တွေဟာ မှန်ကန်မှုရှိဖို့၊ အစစ်ဆေးခံနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီလို မှန်မမှန် စစ်ဆေးတဲ့ အခါမှာ အသုံးပြုနိုင်တဲ့ အချက်တွေကတော့ -
  • သုတေသန စာတမ်းတစ်ခု အတွက်ဆိုရင် - စုဆောင်းထားတဲ့ အချက်အလက်များ၊ သုတေသနပြုလုပ်ပုံ နည်းလမ်း(များ) အကြောင်း ရှင်းလင်းချက်များ ပါဝင်မှု...
  • စာတမ်းမှာ ဖော်ပြထားတဲ့ နည်းလမ်းတွေဟာ ခေါင်းစဉ်နဲ့ ဆီလျော်မှု ရှိမရှိ...
  • စာတမ်းဟာ ပြုစုထားတဲ့ စာစုစာရင်းနဲ့ လိုက်လျောညီထွေ ဖြစ်မဖြစ် သို့မဟုတ် စာတမ်းထဲက အခြားသော နေရာများနဲ့ အချိတ်အဆက် ရှိမရှိ...
  • စာတမ်းမှာ အသုံးပြုထားတဲ့ သတင်း အချက်အလက်များ အနေနဲ့ မှန်ကန်မှု ရှိမရှိ အစမ်းသပ်ခံနိုင်မှု...
  • စတဲ့ အချက်များနဲ့ ချိန်ထိုး စစ်ဆေး သွားနိုင်ပါတယ်။
စဉ်းစားရန် အချက်များ သို့...

အချိန်နှင့် တပြေးညီ ဖြစ်မှု - ကတော့ ပေးထားတဲ့ သတင်းများရဲ့ သစ်လွင်၊ လတ်ဆတ်မှု အနေအထားကို ရည်ညွန်းတာ ဖြစ်ပါတယ်။ ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်များမှာ ဆိုရင် ထုတ်ဝေတဲ့ ရက်စွဲကို ဆိုလိုတာ ဖြစ်ပါတယ်။ အချို့သော သတင်းများအတွက် စာရေးတဲ့ ပုဂ္ဂိုလ်၊ သို့မဟုတ် နောက်ခံ သမိုင်းကြောင်းတွေက ပိုအရေးကြီးပြီး၊ အချိန်ကာလဟာ အရေးမကြီးတဲ့ သာမန် အကြောင်းအရာ တစ်ခု ဖြစ်နေတတ် ပါတယ်။ ဒါပေမယ့် အခြားသော အချက်အလက် အမျိုးအစား အတော်များများ မှာကတော့ အချိန်ကာလဟာ အတော်လေး အရေးကြီးပါတယ်။ အချက်အလက်များကို အချိန်နဲ့ အမျှ မှန်ကန်မှုရှိနေအောင် မှန်မှန်ပြုလုပ် (Update) ပေးနေဖို့ လိုအပ်ပါတယ်.။ ဥပမာ - စီးပွားရေးဆိုင်ရာ ဈေးနှုန်းများ၊ မိုးလေ၀သ ဆိုင်ရာ သတင်းများ - စသည်...။ အချိန်ကာလနဲ့ ပတ်သက်ပြီး စိစစ်သင့်တဲ့ အချက်အလက်များကတော့ -
  • ရေးထားတဲ့ စာတမ်းမှာ သတင်း၊ အချက်အလက်များကို ရယူစုဆောင်းတဲ့ အချိန်ကာလ ပါမပါ...
  • ရည်ညွန်းထားတဲ့ အချက်အလက်များမှာ ရှင်းလင်းတဲ့ အချိန်ကာလ ဖော်ပြထားချက် ရှိမရှိ... (ဥပမာ - ၂၀၀၅ ခုနှစ် ကုလသမဂ္ဂအစီရင်ခံစာကို အခြေခံထားသည်)
  • အချက်အလက်သစ်များကို မှန်မှန်ထည့်သွင်းပေးနေဖို့ လိုအပ်မယ်ဆိုရင်၊ မှန်မှန် ထည့်သွင်းထားဖြင်း ရှိမရှိ... (ဥပမာ - အွန်လိုင်း စာစောင်များ)
  • ပုံနှိပ်ထုတ်ဝေတဲ့ ရက်စွဲ သို့မဟုတ် အချက်အလက်သစ်များ နောက်ဆုံး ဖြည့်ဆည်းတဲ့ ကာလ ပါမပါ...
  • မူပိုင်ခွင့် ရက်စွဲ ပါမပါ...
  • တကယ်လို့ အွန်လိုင်းစာစောင် တစ်ခုခုကို ဖတ်နေရတဲ့ အခါ အချိန်ပေးမထားခဲ့ရင်၊ သက်ဆိုင်ရာ Directory ဘေးမှာရှိတဲ့ နောက်ဆုံးအကြိမ် ပြင်ဆင်ခဲ့တဲ့ ရက်စွဲ...
အစရှိတဲ့ အချက်တွေက အရေးကြီးပါတယ်။

စဉ်းစားရန် အချက်များ သို့...

တကယ်လို့ ရလာတဲ့ အချက်အလက်များဟာ အင်တာနက်မှာရှိတဲ့ အချက်အလက် ရှာဖွေပေးတဲ့ ၀က်ဘ်ဆိုဒ် (Search Engine) များကနေ ရလာတာ ဖြစ်ခဲ့ရင် - ကျွန်တော်တို့ အနေနဲ့ သိထားဖို့ လိုအပ်တာတွေကတော့ -
  • ရှာဖွေရေးဆိုဒ်များအနေနဲ့ ရှာခိုင်းလိုက်တဲ့ အချက်အလက်များကို ပြန်လည် ဖော်ပြပေးတဲ့ အစီအစဉ်ကို ဘယ်လို သတ်မှတ်ဖော်ပြပေးတယ် ဆိုတာကို သိထားရပါမယ်၊ အချို့သော ရှာဖွေရေးဆိုဒ်များဟာ ဖော်ပြပေးတဲ့ အဖြေများအတွက် ထိပ်ဆုံးက နေရာများကို သူတို့ကို အခကြေးငွေ ပေးထားတဲ့ ကြော်ငြာရှင်များအတွက် အသုံးပြုပေး တတ်ပါတယ်... အသေးစိတ်ကို Searchenginewatch.com မှာ ဖော်ပြထားတဲ့ နေရာအတွက် ပေးချေမှု မှာ ဖတ်နိုင်ပါတယ်...
  • အင်တာနက် ပေါ်မှာ ရှိနေတဲ့ ရှာဖွေရေးဆိုဒ်များဟာ စာကြည့်တိုက်များမှာ ရှိနေတဲ့ အချက်အလက် အခြေပြုစနစ်များ (Databases) နဲ့ မတူပါဘူး၊ စာကြည့်တိုက်များရဲ့ အချက်အလက် အခြေပြုစနစ်များမှာ အကြောင်းအရာ အလိုက် ခေါင်းစဉ်၊ ကောက်နှုတ်ချက် အကျဉ်းချုပ်များနဲ့ အခြားသော ရှာဖွေလို့ရမယ့် အကြောင်းအရာများကို ရှာဖွေလို့ရအောင် သတင်းနည်းပညာ ပညာရှင်များက စနစ်တကျ ဖန်တီးပေးထားတာ ဖြစ်တဲ့ အတွက် လိုချင်တဲ့ အချက်အလက်တွေကို တိတိကျကျ ရရှိနိုင်ပါတယ်။ ထိုမျှသာမက စာကြည့်တိုက်များရဲ့ အချက်အလက် အခြေပြုစနစ်များဟာ တည်မြဲတဲ့ အညွှန်းများနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်များကို ပေးနိုင်တာ တွေ့ရမှာ ဖြစ်ပါတယ်...
  • ရှာဖွေရေးဆိုဒ်များရဲ့ အချက်အလက်များ ရှာဖွေပုံနည်းစနစ်များနဲ့ စုဆောင်းထားတဲ့ အချက်အလက်များကို အသစ် ဖြည့်တင်းပုံ နည်းစနစ်များကိုလည်း သိရှိထားသင့်ပါတယ်။ ရှာဖွေရေးဆိုဒ်များနဲ့ သက်ဆိုင်တဲ့ အချက်အလက်များကို သိရှိနိုင်ဖို့အတွက် အကောင်းဆုံး အရင်းအမြစ်ကတော့ Greg R. Notess ရေးသားတဲ့ " ရှာဖွေရေးဆိုဒ်များ ရဲ့ဖော်ပြချက်များ" မှာ လေ့လာနိုင်ပါတယ်...


    ကျွန်တော်တို့ အနေနဲ့ အချက်အလက်များကို ပုံနှိပ်ထားတဲ့ အနေအထားနဲ့ တွေ့ရှိရသည် ဖြစ်စေ၊ ဒီဂျစ်တယ် စာလုံးများအဖြစ် ကွန်ပျုတာပေါ်မှာ တွေ့ရှိရသည်ဖြစ်စေ အခြားသော စာပေလေ့လာသူများ သို့မဟုတ် ရေးသားသူ ကိုယ်တိုင်ရဲ့ အနေအထား၊ အကျိုးအကြောင်း ဆီလျော်ကောင်းမွန်စွာ ဖော်ပြထားခြင်း ရှိမရှိ - စတဲ့ အချက်များ အပြင် မိမိတို့ဘာသာ စံအဖြစ် သတ်မှတ်ထားတဲ့ ကိုယ်ပိုင် အယူအဆများနဲ့ ချိန်ထိုး စစ်ဆေးကြဖို့ ကောင်းစွာ လိုအပ်ပါတယ်။ တကယ်လို့များ ကျွန်တော်တို့ အနေနဲ့ "မှန်ကန်တယ် လို့ လက်သင့်ခံနိုင်လောက်အောင် ကောင်းမွန်နေတယ်" လို့ ပြောနိုင်တဲ့ သတင်း အချက်အလက်များကို ရှာဖွေ တွေ့ရှိတယ်ဆိုရင် ဒါဟာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ မှန်ကန်ကြောင်း အထောက်အထား မပြနိုင်တဲ့ သတင်း အချက်အလက်များကိုတော့ဖြင့် ဘယ်တော့မှ အသုံးမပြုမိဖို့ လိုပါတယ်...
    အင်တာနက်မှာ ကျွန်တော်တို့တတွေ သတင်း၊ အချက် အလက်တွေ အများကြီး တွေ့ကြရမှာပါ။ ဒီသတင်း အချက်အလက်တွေကို မှန်မမှန် စိစစ်ဆုံးဖြတ်တတ်တဲ့ နည်းလမ်းများကို သတ်မှတ်ခြင်း၊ လေ့လာခြင်းတွေဟာ သတင်းအချက်အလက်များကို ကောင်းမွန်မှန်ကန်စွာ အသုံးချတတ်ဖို့အတွက် အစပဲ ဖြစ်ပါတယ်။ Yeats ရေးသားခဲ့တဲ့ "Cast a cold eye - အေးဆေးတည်ငြိမ်တဲ့ မျက်စိနဲ့ တည်းဖြတ်ပြင်ဆင်ပါ" ဆိုတဲ့ အတိုင်းပဲ ဖတ်ရှုမိသမျှ အရာရာတိုင်းကို အမှန်အတိုင်း မြင်ရအောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ (အထက်မှာ ဖော်ပြထားခဲ့သလို) မေးခွန်းတွေ ထုတ်တတ်ဖို့ လိုပါတယ်။ မိမိ ဖတ်နေတဲ့ အကြောင်းအရာကိုပဲ တခြားသော နေရာများမှာ ဘယ်လိုရှုထောင့်ကနေ ဆန်းစစ်ထားသေးသလဲ စူးစမ်းကြည့်ဖို့ လိုပါတယ်။ အခြားသော စာဖတ်သူများရဲ့ အမြင်တွေကိုလည်း ဆွေးနွေး မေးမြန်း ရမှာဖြစ်ပါတယ်။ ဘာမှ မယုံကြည်တဲ့ အနေအထားနဲ့ တနည်းအားဖြင့် သံသယစိတ်နဲ့ လေ့လာရပါမယ်။ အဲဒီနောက်မှာ ရလာတဲ့ အချက်အလက်တွေအပေါ် မိမိတို့ရဲ့ အလိုအလျောက်တုန့်ပြန်တတ်တဲ့ ပင်ကိုယ်အသိက ဆုံးဖြတ်ပေးတဲ့ အဖြေများကို ယုံကြည်တတ်အောင်လည်း ဆက်လက် လေ့လာသွားရမှာ ဖြစ်ပါတယ်...
စဉ်းစားရန် အချက်များ သို့...

အခု ဖော်ပြထားတာတွေကတော့ ဂျွန်ဟော့ကင်း တက္ကသိုလ်က၊ သုတေသနဆိုင်ရာ အထောက်အကူ သင်ခန်းစာများမှာ ဖော်ပြထားတဲ့ အကြောင်း အရာများစွာ အနက်က Evaluating Information Found on the Internet ဆိုတဲ့ အကြောင်းအရာကို ဖတ်ရှုမိရင်း ညီအကို မောင်နှမ များကို ပြန်လည် ဝေမျှလိုက်တာ ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး မူရင်းအတိုင်း မှန်ကန်တဲ့ အဓိပ္ပါယ်ရအောင် ကြိုးစားထားပါတယ်။ 1996 ခုနှစ်ကတဲက ရေးသားထားတဲ့ အကြောင်းအရာတွေ ဖြစ်နေပေမယ့် အခုအချိန်ထိ အသုံးချနိုင်နေတာကို တွေ့ရတဲ့ အတွက်လည်း အခုလို ဝေမျှလိုက်တာပါ။ မူရင်း စာမျက်နှာကိုတော့ ဒီကနေတစ်ဆင့် သွားဖတ်လို့ ရပါတယ်...

ရောင်းရင်း မိတ်ဆွေ ညီအကို မောင်နှမများ အားလုံး
အင်တာနက်ကို အချိန်တိုအတွင်း အမြန်ဆုံးနဲ့ အကျိုးအများဆုံးရအောင် အသုံးချ နိုင်ကြပါစေ ခင်ဗျား....

ရည်ညွန်း-
http://www.library.jhu.edu/researchhelp/general/evaluating/index.html
http://www.library.jhu.edu/researchhelp/general/evaluating/counterfeit.html
နေရာအတွက် ပေးချေမှု
ရှာဖွေရေးဆိုဒ်များ ရဲ့ဖော်ပြချက်များ