ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

May 8, 2007

မြတ်စွာဘုရား၏ဂုဏ်တော် (၉) ပါး အနက်အဓိပ္ပါယ်


၁။ အရဟံ
ကိလေသာမှန်သမျှ ကင်းစင်တော်မူသော၊ ဆိတ်ကွယ်ရာ အရပ်တွင်ပင် မကောင်းမှုမှန်သမျှ ပြုတော်မမူသော၊ လူမင်းနတ်မင်းဗြဟ္မာမင်းတို့နှင့်တကွ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ
သိစရာ တရားအလုံးစုံကို ဆရာမရှိ ကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်တော်တိုင် ထိုးထွင်းသိမြင် တော်မူသော မြတ်စွာဘုရား။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၎။ သုဂတော
ကောင်းသောစကားကို ဆိုတော်မူသော ၊ ကောင်းသောနိဗ္ဗာန်သို့ကြွလှမ်းတော်မူသော မြတ်စွာဘုရား။
၅။ လောက၀ိဒူ
သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟူသော လောကသုံးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ
ဆိုဆုံးမထိုက်သောသတ္တ၀ါတို့ကို အတုမရှိဆုံးမတော်မူသော မြတ်စွာဘုရား။
၇။ သတ္ထာဒေ၀မနုဿာနံ
လူနတ်ဗြဟ္မာ၊ သတ္တ၀ါ အပေါင်းတို့၏ ကိုးကွယ်အားထားရာ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ
သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိ၊ သူတစ်ပါးတို့လည်းသိအောင် ဟောကြားတော်မူသော မြတ်စွာဘုရား။
၉။ ဘဂ၀ါ
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဒီအချက်တွေက မူရင်းအဓိပ္ပါယ်တွေပေါ့ . . .
ဒီအဓိပ္ပါယ်တွေကို အခုလို ပေါင်းစပ်ကြည့်တဲ့အခါ ပိုပြီး လေးနက်၊ ကြည်ညိုဖွယ်ရာ၊ လိုက်နာ ကျင့်သုံးဖွယ်ရာ ဖြစ်လာတာ တွေ့ရပါမယ်။

၁+၈
ကိလေသာ မှန်သမျှ ကင်းစင်သော ၊ဆိတ်ကွယ်ရာအရပ်တွင်ပင် မကောင်းမှုမှန်သမျှ ပြုတော်မမူသော ၊သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိ၊ သူတစ်ပါးတို့လည်းသိအောင် ဟောကြားတော်မူသောကြောင့် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့နှင့်တကွ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂+၇
သိစရာတရားအလုံးစုံကို ဆရာမရှိကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသောကြောင့် လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ကိုးကွယ်အားထားရာ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား။
၃+၆
အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသောကြောင့် ဆိုဆုံးမထိုက်သော သတ္တ၀ါတို့ကို အတုမရှိ ဆုံးမနိုင်တော်မူသော မြတ်စွာဘုရား။
၎+၅
လောကသုံးပါးကို သိမြင်တော်မူသောကြောင့် ကောင်းသောစကားကို ဆိုတော်မူသော၊ ကောင်းသောနိဗ္ဗာန်သို့ ကြွလှမ်းတော်မူသော မြတ်စွာဘုရား။

ဒီဂုဏ်တော်တွေ နဲ့ ပေါင်းစပ်အနက်တွေကို စိတ်ထဲကဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ ရွတ်ဖတ်ရင်း
ဘုရားရှင်အပေါ် ကြည်ညိုစိတ်တွေ ပိုပြီးလေးလေးနက်နက် ဖြစ်ပေါ် လာလိမ့်မယ်။
နောက်ဆက်တွဲ အနေနဲ့

  • သစ္စာလေးပါးကို သိချင်လာတာ
  • ဆိတ်ကွယ်ရာအရပ်မှာ မကောင်းမှု မပြုမိအောင်နေတာ
  • ပညာရပ်တွေလေ့လာရတဲ့အခါ လွယ်ကူလာတာ
  • အခြားသူတွေရဲ့ အားထားလေးစားစရာ ဖြစ်လာတာ
  • အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံကောင်းမွန်အောင် နေထိုင်ကျင့်သုံးချင်စိတ် အမြဲဖြစ်ပေါ်နေတာ
  • ကောင်းသောစကားကိုပဲ အမြဲပြောမိလာပြီး၊
  • မကောင်းသောစကားကို ကြားရသောဆင်းရဲမှုက လွတ်လာတာ
စတဲ့ မြောက်မြားလှစွာသော ကောင်းကျိုးတွေကိုလည်း
မတောင်းဘဲ အလိုလိုရလာ၊ ရောက်လာတာ တွေ့ရမယ်။
ဂုဏ်တော်တွေ အမြဲပွားနေတာကြောင့်
ပွားနေရင်းရုတ်တရက်သေရင်တောင် ငရဲ မရောက်နိုင်ဘူး။
သံသရာမှာ မကောင်းတဲ့ ဘုံ ဘ၀တွေ မရောက်နိုင်ဘဲ ၊
အဆုံးမှာ နိဗ္ဗာန်သို့ရောက်နိုင်တာ စတဲ့ ကောင်းကျိုးတွေလည်း ရလာမယ် ။

(တကယ်တော့ဒီထက်မကများပြားလှတဲ့ အကျိုးတွေရရှိမှာပါ. . နောက်ထပ်ပြောချင်တာလေးတစ်ခုကဘုရားရှင်ရဲ့ဂုဏ်တော် တွေဟာကျွန်တော်တို့ မှန်းဆမရနိုင်အောင်များပြားလှသလို ကျေးဇူးလည်းကြီးမားလွန်းလှတဲ့အတွက် မိမိတို့သံသရာအကျိုးကိုမျှော်ပြီးအထူးအာရုံပြုကြစေချင်ပါတယ် . .)

တကယ်လို့များ ကျွန်တော့်ရဲ့ ဖော်ပြချက်တွေထဲမှာ . . မှားယွင်းမှုတစ်စုံတရာပါနေခဲ့တာတွေ့ရင်လည်း ပြောပြပေးခဲ့ဖို့ ပန်ကြားအပ်ပါတယ် . .

သူငယ်ချင်းများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းရွှင်လန်းပြီး
အမျိုးဘာသာ၊ သာသနာအကျိုးကို တတ်အားသမျှ ထမ်းဆောင်ကြသူများ ဖြစ်နိုင်ကြပါစေ။