ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Showing posts with label တရားတော် TayarDaw. Show all posts
Showing posts with label တရားတော် TayarDaw. Show all posts

May 3, 2009

မေတ္တာ

၂၀၀၉ ခုနှစ် မေလ ၂ ရက်နေ့ - စနေနေ့ - ညနေ ၆ - ၃၀ နာရီ အချိန်၊ စင်္ကာပူနိုင်ငံ - တိုပါးယိုး မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ ဆရာတော် “ဓမ္မဒူတ အရှင်ဆေကိန္ဒ” ဟောကြားခဲ့တဲ့ တရားတော်ကို မှတ်သားမိသမျှ ပြန်လည် ဝေမျှပေးလိုက်ပါတယ်...

လူတိုင်း အမှန်တရားလက်ကိုင်ထားတယ်လို့ ပြောကြတယ်.. ဒါပေမယ့် လူကြားထဲ အမှန်အတိုင်း သွားပြောရင် အဆင်မပြေ ဖြစ်ကြတာ များတယ်... အိမ်မှာ - ကိုယ်က မှန်အောင်နေတယ်၊ တစ်အိမ်လုံးနဲ့ အဆင်မပြေ ဖြစ်ကြတယ်.. ကဲ.. လိုက်ဆိုကြ
“ကိုယ်ကမှန်တယ် ၊ ဒါပေမယ့် အားလုံးနဲ့ အဆင်မပြေဘူး၊ မနေတတ်သေးလို့နဲ့ တူပါတယ်”
“Right for one self, but not OK with all. Look like don't know how to live!”

သူ အဆင်မပြေဘူး... ကိုယ် အဆင်ပြေနေတယ်...
ဒီအချိန်မှာ ကိုယ့်ဆီမှာ သနားကြင်နာတဲ့ စိတ်ကလေး ရှိနေဖို့ လိုတယ်
“ကိုယ့်ကံနဲ့ ကိုယ်လာတာ” ဆိုတဲ့ စကားကို အဆင်ပြေနေတဲ့သူက အဆင်မပြေဖြစ်နေတဲ့သူကို ပြောလိုက်တဲ့ အခါ - မှန်တော့ မှန်တယ်၊ ဒါပေမယ့် ကြားရတဲ့သူ အတွက် အဆင်မပြေနိုင်ဘူး၊ ခံရခက်တယ်
“ဗြဟ္မာ့ဝိဟာရ တရားလေးပါး” နဲ့ နေနိုင်မှ အားလုံးနဲ့ အဆင်ပြေမယ်... ဗြဟ္မာ့ဝိဟာရ တရားလေးပါးဆိုတာ “မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ” တရားတွေကို ခေါ်တာ...
မေတ္တာထားပါ... သနားရမယ့်သူကို သနားပါ... သူများကြီးပွားချမ်းသာနေတာကို မုဒိတာပွားပါ... ဥပေက္ခာပြုသင့်တာကို ဥပေက္ခာပြုပါ...

ကိုယ်က လူတစ်ယောက်ကို မေတ္တာထားလို့လည်း မရဘူး၊ သနားလို့လည်း မရဘူး၊ မုဒိတာပွားလို့လည်း မရဘူး ဆိုရင်တော့... ဘယ်လိုမှ လုပ်လို့ မရဘူးဆိုရင်တော့ ဥပေက္ခာပြုလိုက်ပါ...
“ဈာန်ငါးပါး” မှာ ဥပေက္ခာက “ပဉ္စမဈာန်” ကို ရောက်တယ်...
“အိမ်ပူတယ”် ဆိုတာ “အိမ်ကလူတွေ၊ အိမ်မှာနေတဲ့သူတွေ ပူလို့ အိမ်ပူတာ” ...
“ကမ္ဘာကြီးပူတယ်” ဆိုတာ “ကမ္ဘာကြီးမှာနေတဲ့သူတွေ ပူလို့”
လူတွေ ကိုယ်မှန်တယ်ထင်ပြီး ထင်တာလုပ်လေလေ ပိုပူလာလေလေပဲ... “မှန်အောင်နေပါ... ဗြဟ္မာ့ဝိဟာရ တရားနဲ့ နေပါ”

“မေတ္တာထားတယ်” ဆိုတာ “လောဘ မဖြစ်အောင် နေတာ”
“ကရုဏာ ထားတယ်” ဆိုတာ “ဒေါသ မဖြစ်အောင် နေတာ”
“မုဒိတာ ပွားတယ်” ဆိုတာ “လောဘ၊ဒေါသ မဖြစ်အောင် နေတာ”
“ဥပေက္ခာ ထားတယ်” ဆိုတာ “မောဟ မဖြစ်အောင် နေတာ”

မေတ္တာစိတ်ကို “လက်တစ်ဖျစ်တီး” လောက်၊ “တစ်စက္ကန့်” လောက် ထားကြည့်ပါ။ ဒီလို မေတ္တာနဲ့ နေတာကို “ဈာန်တရားနဲ့နေတယ်၊ ဈာန်ဝင်စားနေတယ်” လို့ခေါ်တယ်... လက်တစ်ဖျစ်လောက် မေတ္တာစိတ်ထားတာနဲ့ လက်တစ်ဖျစ်စာ သမာဓိ၊ လက်တစ်ဖျစ်စာ ဈာန် ( “စတုတ္ထဈာန်”) ရတယ်.. “သီလ၊ သမာဓိ၊ ပညာ” သိက္ခာသုံးမျိုးလုံး ကျင့်ပြီးသား ဖြစ်သွားတယ်...

“မေတ္တာစိတ်ဖြစ်အောင် ဘယ်လိုလုပ်မလဲ”
“မတည့်တဲ့သူ၊ မုန်းတဲ့သူ အကြောင်း မစဉ်းစားနဲ့၊ ချစ်တဲ့သူ အကြောင်းလည်း မစဉ်းစားနဲ့”
မုန်းတဲ့သူ အကြောင်း စဉ်းစားရင် “ဒေါသ” ဖြစ်မယ်... ဒေါသဖြစ်ရင် ဈာန်လျောမယ် ...
ချစ်တဲ့သူ အကြောင်း စဉ်းစားရင် “တဏှာ” ဖြစ်မယ်... တဏှာဖြစ်ရင် ဈာန်လျောမယ် ...
တဏှာနဲ့လည်း မချစ်နဲ့၊ ဒေါသနဲ့လည်း မမုန်းနဲ့၊ ကိုယ့်ကိုယ်ကို စပြီး မေတ္တာပို့ ...

လူတွေ မေတ္တာ နေ့တိုင်းပို့နေကြတယ်... တကယ်မေတ္တာ ရှိလို့လား၊ အကျင့်ပါနေလို့ ပို့ကြတာလား
မေတ္တာဆိုတာ ကိုယ့်မှာ ရှိနေဖို့၊ သူများကို ပေးဝေဖို့ လိုတယ်... လက်တစ်ဖျစ်စာကနေ ရအောင်လုပ်ကြပါ...
(ဒီနေရာမှာ ဆရာတော်က မေတ္တာပွားထားတဲ့ သံဃာတော်တွေကို လှူဒါန်းရတာ အလှူရှင်ရော၊ သံဃာတော်တွေပါ နှစ်ဘက်လုံး အကျိုးများတဲ့ အကြောင်း ဟောပါသေးတယ်... အသေးစိတ်မှတ်ဖို့ ခက်သွားလို့၊ ရေးရင်မှားသွားမှာ စိုးရိမ်တဲ့ အတွက် ချန်ထားခဲ့ပါတယ်)...

ကမ္ဘာကြီးပူနွေးလာတာ လူတွေရဲ့ “လောဘ၊ ဒေါသ၊ မောဟ” တွေကြောင့် ဖြစ်တာ.. တချို့က သစ်ပင်တွေ ခုတ်လို့ လို့ပြောကြတယ်... တကယ်ကတော့ “လောဘ၊ ဒေါသ၊ မောဟ” တွေကြောင့်... လူတွေ သစ်ပင်ခုတ်တယ်၊ ခုတ်တဲ့သူတွေက အခုတ်ခိုင်းတဲ့သူတွေရှိလို့ ခုတ်တယ်၊ အခုတ်ခိုင်းတဲ့ သူတွေက သူတို့ကိုယ်တွင်းက “လောဘ၊ ဒေါသ၊ မောဟ” တွေကြောင့် အခုတ်ခိုင်းတာ...

မေတ္တာစိတ်ဆိုတာ ပင်ကိုယ်ဓါတ်ခံကောင်းရင် ဖြစ်လွယ်တယ်၊ မုန်းစရာ ချစ်စရာ အာရုံတွေကို ရှောင်ပြီး အာရုံပြု၊ ဥပမာ - မိဘကျေးဇူးကို အာရုံပြု၊ ကိုယ့်အကြောင်းကိုယ် စဉ်းစားရင်လည်း အဆင်ပြေတယ်... မေတ္တာစိတ် ဖြစ်လွယ်တယ်၊။ သူများအကြောင်းတွေ စဉ်းစားရင် ချစ်တဲ့၊ မုန်းတဲ့စိတ်တွေ ဖြစ်လာနိုင်တယ်...
ကိုယ်နဲ့ မတည့်တဲ့သူအကြောင်းဆိုရင် မစဉ်းစားဘဲနဲ့ ပေါ်နေတတ်တယ်... မတည့်တဲ့သူ အကြောင်းကို စဉ်းစား၊ ပေါ်လာတဲ့ သူ့မျက်နှာကို မြင်ပြီး ကိုယ်တစ်ယောက်ထဲ ရန်ဖြစ်နေတာ... ကိုယ့်လောက် ရူးတဲ့သူ မရှိတော့ဘူး၊ ကိုယ့်စိတ်တွေပဲ ပူလောင်လာမယ်.. သူကတော့ သိမှာတောင် မဟုတ်ဘူး...

အိပ်ခါနီး ချက်ချင်း အိပ်မပျော်သေးခင် - ကိုယ်မေတ္တာပို့နိုင်သူ၊ ကိုယ်မေတ္တာပို့ရမယ့်သူတွေကို - မေတ္တာပို့ပါ... မနက် အိပ်ယာက နိုးတာနဲ့ နိုးနိုးချင်း မေတ္တာပွားပါ...
ဘယ်သူ့အပေါ်မှ မမုန်းဘဲနေနိုင်တဲ့ အစွမ်း၊ စိတ် ရှိနိုင်/ထားနိုင်ရမယ်
လူတွေက အချိုးမကျတဲ့သူ၊ ကိုယ်စိတ်တိုင်းမကျတဲ့သူကို မြင်လေ မေတ္တာစိတ် ပျောက်လေလေ ဖြစ်တတ်ကြတယ်...

အမှန်တရားကိုလည်း ကြိုက်ပါ၊ နေတတ်အောင်လည်း နေပါ...
ကိုယ့်စိတ်တိုင်းကျ၊ အချိုးကျတဲ့သူဆိုတာ မရှိနိုင်ဘူး... ကိုယ့်ကိုယ်ကိုတောင် စိတ်တိုင်းကျကြရဲ့လား... ကိုယ်ပြင်ပေးလိုက်လို့၊ ကိုယ်ပြောလိုက်လို့ အချိုးကျသွားတယ်ဆိုတဲ့သူ ဘယ်နှစ်ယောက် ရှိခဲ့ဘူးလဲ... ကိုယ့်မှာ မေတ္တာတကယ်ရှိလာရင် မျက်စိထဲမှာ အားလုံး အချိုးကျလာမယ်...

မေတ္တာစိတ်လေးထားတာသည် - သီးခံခြင်း အကျင့်ကို ကျင့်ရာရောက်တယ်၊ အားလုံး အကျိုးများတယ်၊ သီလ၊ သမာဓိ၊ ပညာ ထူထောင်ပြီး ဖြစ်တယ် -
ကိုယ် မေတ္တာပို့ချင်တဲ့သူကို အာရုံစိုက်ပြီးပို့၊ ပြီးရင် လူ၊ သတ္တ၀ါ တွေကို မေတ္တာပို့ ၊ မိဘ၊ ကျေးဇူးရှင် ဆရာသမားတွေကို စူးစိုက် အားထဲ့ပြီး မေတ္တာပို့လိုက်တာနဲ့ အာရုံထဲမှာ သူတို့ပုံတွေ ပေါ်လာမယ်...
အားစိုက်ထုတ်တာလေးရှိတယ်... ရည်မှန်းတဲ့ ဓါတ်ကလေးပါတယ်... “သြဒိသ” - ရည်စူးပြီးပို့တဲ့ မေတ္တာ...
စိတ်ကို မှန်လို ကြည်အောင်နေ... မေတ္တာစိတ်လေးနဲ့နေ... "အနောဒိသ" - မရည်စူးပဲ ပို့တဲ့ မေတ္တာ...
သြဒိသ မေတ္တာမှာ စူးစိုက်တဲ့ “ဈာန်” သဘောပါတယ် - ဈာန်က အားးစိုက်ရတယ်... “သမထ”
အနောဒိသ မေတ္တာမှာ “ဥာဏ်” သဘောပါတယ် - ဥာဏ်က အားစိုက်ဖို့ မလိုဘူး ... “၀ိပဿနာ”
တခါတလေ ကိုယ်က ဘုရားရှိခိုးပြီးလို့ စိတ်ကလေးကြည်နေတဲ့ အချိန်မှာ - မေတ္တာပွားနေတဲ့ အချိန်မှာ စိတ်ထဲမှာ - ဖျတ်ကနဲ၊ ဖျတ်ကနဲ ပေါ်လာတဲ့ သူတွေ ကြုံဖူးလိမ့်မယ်... အဲဒါ ကိုယ့်မေတ္တာကို ခံယူမယ့်သူတွေ ပေါ်လာတာ... “အနောဒိသ” မေတ္တာ၊ အဲဒီအချိန်မှာ သူတို့ကို မေတ္တာပို့ပေး... အဲဒီအချိန်မှာ လောဘ၊ ဒေါသ၊ မောဟ တွေ ဖြစ်မနေဘူး၊ ပေါ်လာတဲ့ အာရုံတွေမမြဲတာ၊ လူတွေ ပေါ်လာတယ် - မေတ္တာပို့တယ် - ပျောက်သွားတယ်၊ နောက်တစ်ယောက်ပေါ်လာတယ် - မေတ္တာပို့တယ် - ပျောက်သွားတယ်၊ ဒါ “မမြဲတဲ့ သဘော” ကို နှလုံးသွင်းဖို့။ မေတ္တာပို့နေရင်း ကိုယ့်စိတ်မှာ၊ ကိုယ်မှာ “ပီတိ” တွေ “ဖြစ်လာမယ်” ၊ အဲဒီ ပီတိတွေ “ပျက်သွားမယ်” .. ဒါဟာ ပီတိကြောင့် ဖြစ်လာတဲ့ “ဖြစ်/ပျက်” သဘောတွေကို သိလာတာ... “၀ိပဿနာ”...
အဲဒီအချိန်မှာ “စိတ်မဆိုးအောင်၊ ဒေါသမထွက်အောင် သတိထား” “စိတ်ဆိုး ဒေါသထွက်ရင် ကိုယ်ရနေတဲ့ ငြိမ်းချမ်းမှုလေး ဆုံးရှုံးသွားမယ်...”

မေတ္တာထားတတ် ပွားတတ်ရင် “ဈာန်လည်းရမယ်၊ ဥာဏ်လည်းရမယ်” ၊ လက်တစ်ဖျစ်စာ မေတ္တာပွားတဲ့အခါမှာတောင် ဒီလောက် အကျိုးများရင်၊ “လက်တစ်ဖျစ်စာပေါင်းများစွာ” (ကြိမ်ဖန်များစွာ) ကျင့်လာတဲ့သူတစ်ယောက်အတွက် ဘာမှ ပြောစရာကို မလိုတော့ဘူး...
“မေတ္တာ” ကို “ရှိအောင်လည်း နေပါ” “သူများတွေကိုလည်း ပေးပါ၊ ပို့ပါ၊ ပွားပါ”

တရားပွဲကို ကျွန်တော်ရောက်တဲ့ အချိန်မှာ အနည်းငယ်နောက်ကျသွားတဲ့ အတွက် ခေါင်းစဉ်ကို မသိလိုက်ဘူး.. ဘေးကလူကိုလည်း မမေးမိဘူးခင်ဗျ... ဒါနဲ့ မေတ္တာ အကြောင်းဟောထားတာဖြစ်လို့ “မေတ္တာ” လို့ အမည်တပ်ထားတာပါ...
တရားတော်ကို နာယူမှတ်သားရတာ အရမ်းကောင်းလွန်းပါတယ်.. လိုက်နာကျင့်သုံးဖို့ မခက်သလို လိုက်နာကျင့်သုံးနိုင်ရင် အလွန်ပဲ အကျိုးများမှာ ပါပဲ
တရားလာမနာဖြစ်တဲ့ သူတွေ အတွက် ဆရာတော်ဟောသွားတဲ့ အတိုင်း လိုက်မှတ်ထားတာလေးတွေကို မှတ်လို့ ရသလောက် ပြန်လည် မျှဝေထားတာ ဖြစ်ပါတယ်... အတတ်နိုင်ဆုံး အမှန်အတိုင်း ဖြစ်အောင် ကြိုးစားလိုက်မှတ်ထားပေမယ့် ကျွန်တော် လိုက်မှတ်တဲ့ နေရာမှာ ပြန်ရေးတဲ့ အခါမှာ အမှားပါနိုင်တဲ့ အတွက် အသုံးဝင်တဲ့ အချက်လေးတွေယူပြီး မှားနေရင်လည်း ပြင်ပေးသွားကြပါ.. အသံဖမ်းဖို့ အဆင်မပြေတဲ့ အတွက် အသံဖိုင်ကိုတော့ ဝေမျှနိုင်ခြင်း မရှိပါဘူး... ဒါပေမယ့် အသံဖမ်းထားတဲ့သူတွေ ရှိတဲ့အတွက် အင်တာနက်ပေါ်ကို တစ်ချိန်မှာ ရောက်လာမှာပါ... အသံဖိုင်ရှိတဲ့သူတွေ ပြန်လည်ဝေမျှသွားကြပါ...
ညီအကို မောင်နှမများအားလုံး “မေတ္တာထားနိုင်၊ မေတ္တာပွားနိုင်” တဲ့သူတွေ အမြန်ဆုံး ဖြစ်နိုင်ကြပါစေ....

Apr 28, 2009

ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ တရားပွဲ

ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ တရားပွဲ သတင်းလေးကို လက်ဆင့်ကမ်းဝေမျှပေးလိုက်ပါတယ်...
တရားပွဲမလာနိုင်သူများအတွက်လည်း ဒီနေရာမှာ လာဖတ်နိုင်အောင် ကြိုးစားပြီး ပြန်လည် ဝေမျှပေးထားပါ့မယ် ...

  • နေ့ရက် - မေလ ၂ ရက်နေ့ - စနေနေ့
  • နာရီ - ညနေ ၆ - ၃၀ နာရီ
  • နေရာ - တိုပါးယိုး မြန်မာ ဘုန်းတော်ကြီးကျောင်း
  • မြေပုံ - ကြည့်ရှုရန်


View Larger Map

Apr 13, 2009

"ရောဂါကုစား စိတ်စွမ်းအား" တရားတော်

2009-04-11 ရက်နေ့ စင်္ကာပူနိုင်ငံ "တိုပါးယိုး မြန်မာဘုန်းတော်ကြီးကျောင်း" တွင် "ဆရာတော် ဒေါက်တာ အရှင် နန္ဒမာလာ" - "သီတဂူ ဗုဒ္ဓတက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မ တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်" တို့၏ ပါမောက္ခချုပ် - ဟောကြားတော်မူသော "ရောဂါကုစား စိတ်စွမ်းအား" တရားတော်ကို ရပ်ဝေးရပ်နီးမှ ညီအကို မောင်နှမများ၊ တရားပွဲကို ရောက်မလာနိုင်ခဲ့ကြတဲ့ ညီအကို မောင်နှမများနဲ့ တရားတော်များကို နာယူလိုတဲ့ ဆန္ဒရှိတဲ့သူများ အားလုံးတို့အတွက် "နှစ်သစ်ကူးလက်ဆောင်မွန်" အဖြစ် မျှဝေ ပေးလိုက်ပါတယ်။



ခန္ဓာရလာတာနဲ့ ရောဂါ/ဝေဒနာ/ဒုက္ခ ရလာတာပဲ။ မြတ်စွာဘုရားက ခန္ဓာရတယ်ဆိုတာ ရောဂါရလာတာပဲလို့ ဟောကြားတော်မူခဲ့တယ်။
ဘ၀ကို အမှန်အတိုင်း မမြင်ရင် - ဘ၀ကိုတွယ်တာတယ်၊ ကောင်းတယ်ထင်လို့ ရချင်တယ်။ ခန္ဓာရဲ့သဘာဝကို အမှန်အတိုင်း သိသွားရင် ဒုက္ခတွေ၊ ရောဂါတွေ ရလာတတယ် - ဆိုတာ သိလာမယ်။
ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲတာ၊ အဆင်မပြေတာမှန်သမျှကို "ရောဂ" လို့ခေါ်တယ်။ "လျောင်း၊ ထိုင်၊ ရပ်၊ သွား" ဆိုတဲ့ အနေအထိုင်လေးမျိုးကို အဆင်ပြေသလို ပြောင်းနေလို့ မသိသာသော်လည်း၊ ပုံစံတစ်မျိုးတည်းကို အကြာကြီးနေကြည့်ရင် သိသာလာလိမ့်မယ်။

လူတွေမှာ ရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်း (ဂ) မျိုးရှိတယ် -

  1. သည်းခြေ (အစာချေဖို့ လိုအပ်တဲ့ အစာချေရည်များ)
  2. သလိပ် (ခန္ဓာကိုယ်က အနံ့ဆိုးတွေ လည်ချောင်းကနေ အပြင်ပြန်ထွက်မလာအောင် တားဆီးပေးထားတာ၊ ဥပမာပြောရရင် Toliet ထဲမှာ ရေခံထားတဲ့အတွက် အိမ်သာတွင်းထဲက အနံ့ဆိုးတွေ အပြင်ပြန်မတက်လာ နိုင်သလိုမျိုး)
  3. လေ (လေ ၆ မျိုးရှိတယ်၊ ရှုနေတဲ့လေ၊ သွေးထဲကလေ၊ အူထဲကလေ၊ အစာအိမ်ထဲကလေ၊ အကြောထဲကလေ၊ -- (ကျန်တဲ့တစ်မျိုးကို မှတ်ဖို့ မမှီလိုက်ပါ)) ဒီလေ ဖောက်ပြန်လာရင်လည်း ရောဂါဖြစ်တယ်
  4. အထက်မှာ ဖော်ပြထားတဲ့ သည်းခြေ၊ သလိပ်၊ လေ သုံးမျိုးရောပြီး ဖြစ်စေ၊ နှစ်မျိုး ရောပြီးဖြစ်စေ ဖောက်ပြန်လာတဲ့ အခါ။
  5. ဥတု - ဖောက်ပြန်၊ အပူအအေး လွန်ကဲတဲ့ အခါ
  6. အနေအထိုင်/အစားအသောက် - မဆင်ခြင်တဲ့ အခါ
  7. မိမိကြောင့်ဖြစ်စေ၊ တခြားသူကြောင့်ဖြစ်စေ ထိခိုက်နာကျင် တဲ့အခါ
  8. ကံအကျိုးပေးကြောင့် ဖြစ်တဲ့ ရောဂါ

ဖြစ်လာတဲ့ ရောဂါရဲ့ အကြောင်းရင်းကို မူတည်ပြီး ကံ၊ဥတု - စသည်တို့ကို ပြင်ပေးရင် ရောဂါသက်သာရာ ရနိုင်တယ်။
ရောဂါတွေ အားလုံးမှာ စိတ်ကြောင့်ဖြစ်တဲ့ရောဂါတွေက အများဆုံး ဖြစ်တယ်။ တွေးပြီးပူတဲ့ အပူတွေက လေ/သည်းခြေကို ပြောင်းလဲစေတယ်၊ အေးချမ်းနေတဲ့ နှလုံးသားကို ပူလောင်စေတယ်။
ကိုယ်ရောဂါ၊ စိတ်ရောဂါ နှစ်မျိုးမှာ ဘုရား၊ ရဟန္တာတွေတောင် ကိုယ်ရောဂါနဲ့ မကင်းနိုင်ကြဘူး။ ဘုရား၊ ရဟန္တာတွေမှာ စိတ်ရောဂါမရဘူး။
လူတွေမှာ စိတ်ကြောင့်ရောဂါဖြစ်လာပြီဆိုရင် စိတ်နဲ့ပြန်ကုမှ အဆင်ပြေမယ်။ စိတ်ရောဂါ တစ်ကယ်ပျောက်ဖို့ ဗုဒ္ဓရဲ့ နည်းလမ်းကို လိုက်နာကျင့်သုံးမှ ရမယ်။

ရုပ်ခန္ဓာကိုယ်ရလာတာနဲ့ ကျန်းမာတယ်လို့ ပြောလို့ မရတော့ဘူး၊ အမြဲတမ်းရောဂါဖြစ်နေတယ်။ ဒါသဘာဝပဲ။ ကိုယ်မကျန်းမာသော်လည်း စိတ်ကျန်းမာနေအောင် ကြိုးစားနေထိုင်မယ်၊ စိတ်မှာ အနာတရ မရအောင်၊ စိတ်ရောဂါ မရအောင် နေထိုင်နိုင်ဖို့ ပိုအရေးကြီးတယ် လို့ ဘုရားကဟောခဲ့တယ်။
Meditation ဆိုတာ စိတ်ရောဂါ မရအောင် ကျင့်တာပဲ။

အတော်အသင့်ကျန်းမာနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ရုပ်ခန္ဓာမှာဖြစ်လာတဲ့ တော်တန်ရုံရောဂါတွေကို သက်သာစေနိုင်တယ်။ ရောဂါတစ်ခုဖြစ်လာတယ်ဆိုတာနဲ့ စိတ်ကိုကူးစက်သွား တတ်တယ်။ ဒီလို ရုပ်ခန္ဓာရောဂါရလာတဲ့အခါ စိတ်ကိုမကူးစက်အောင်၊ စိတ်မှာ ရောဂါမရအောင် ကုစားတဲ့နည်းဟာ Meditation ပဲ။
စိတ်မှာ ရောဂါကို ကောင်းအောင်ကုစားနိုင်တဲ့ စွမ်းအားတွေ အများကြီးရှိတယ်။ အရှင်မဟာကဿပ ရဟန္တာအရှင်မြတ်ကြီးဟာ ဗုဒ္ဓရဲ့ဗောဇ္ဈင်သုတ် တရားတော်ကို နာကြားရတဲ့ အခါမှာ ပီတိသဗ္မောဇ္ဈင်ကို ခံစားရပြီး ဖြစ်လာတဲ့ ပီတိစိတ်က ရောဂါကို ကျန်းမာစေတတ်တဲ့ ရုပ်တွေကို ထုတ်ပေးတဲ့ အတွက် ပြန်လည်ကျန်းမာလာတာပဲ။
စိတ်အသစ်ဖြစ်တိုင်း ကိုယ်မှာ ရုပ်အသစ်တွေကို ဖြစ်စေတယ်၊ ဒေါသစိတ်ဖြစ်ရင် ဒေါသရုပ်တွေဖြစ်လာတယ်၊ အဲဒီဒေါသရုပ်တွေကြောင့် "မျက်နှာနီလာတာ၊ အသက်ရှုမြန်လာတာ၊ အသံကျယ်လာတာ" တွေဖြစ်လာတာကို ထင်ထင်ရှားရှား မြင်တွေ့နိုင်တယ်။
စိတ်အေးချမ်းလာရင်လည်း ဒီလိုပဲ၊ နှလုံးသားလေးက ငြိမ်သက်၊ အေးချမ်းလို့ နေတယ်။ ဒါကို “၀ိပဿနာ အကျင့်” နဲ့ ရရှိနိုင်တယ်။

စိတ်စွမ်းအားတွေ ရှိဖို့ အရေးကြီးတယ်။ စိတ်စွမ်းအားတွေ တက်လာတာနဲ့အမျှ ကျန်းမာစေတတ်တဲ့ ရုပ်တွေတိုးပွားလာတယ်။
ဗောဇ္ဈင် ဆိုတာ "ဗောဓိအင်္ဂ" ဆိုတဲ့ စကားကနေလာတယ်။ “အသိဥာဏ်ရဲ့ စွမ်းအင်တွေ” လို့ အဓိပ္ပါယ်ရတယ်။ ဒါတွေကို မြင့်မားအောင်လုပ်လိုက်တာနဲ့ ကျန်းမာစေတဲ့ ဆဲလ်တွေ တိုးပွားလာတယ်။
“ပဋာစာရီ” ဟာ သောကကြောင့် အရူးဘ၀ ရောခဲ့ရတယ်။ “လင်မြွေကိုက်၊ ကလေးတစ်ယောက်ကို စွန်ချီ၊ ကလေးတစ်ယောက်က ရေမျော၊ မိဘနှစ်ပါးနဲ့ မောင်ငယ်က အိမ်ပြိုလို့ သေဆုံး” တဲ့ အဖြစ်အပျက်တွေကို ရက်ပိုင်းအတွင်း မချိမဆန့်ကြုံတွေ့လိုက်ရတဲ့ “ပဋာစာရီ” ကြုံတွေ့လိုက်ရတဲ့ အပူမီးက ကြီးမားလွန်းတဲ့ အတွက် အရူးဘ၀ ရောက်ခဲ့ရရှာတယ်။
မြတ်ဗုဒ္ဓနဲ့ တွေ့တဲ့ အချိန်မှာ ကိုယ်မှာ အ၀တ်မရှိတာတောင် မသိလောက်အောင် ရူးနေရှာပြီ။ မြတ်ဗုဒ္ဓက ပဋာစာရီကို “သတ္တ၀ါတစ်ခု၊ ဘ၀တစ်ခု အဆုံးသတ်ဖို့ သေရတဲ့ အချိန်မှာ အဲဒီသူသေတာကို ကျန်နေတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကယ်တင်နိုင်ဖို့ မရှိဘူး၊ ဒီသဘောကို နားလည်ပါ၊ ဖြစ်ခဲ့တာတွေကို စဉ်းစားမနေပါနဲ့တော့၊ ဘ၀ရဲ့ သဘာဝအမှန်ကို နားလည်ပါ” စသည်ဖြင့် တရားဟောတော်မူတယ်။
မြတ်ဗုဒ္ဓရဲ့ အသံတော်ကို ကြားလိုက်ရချိန်မှာပဲ ပဋာစာရီဟာ အသိပြန်ဝင်လာတယ်။ စိတ်ကြောင့်ရူးတယ် စိတ်နဲ့ပဲ ပြန်ကောင်းလာတယ်။

အသိဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ “သီလ - ကိုယ်ကျင့်တရား” ကို အားကိုးပါ။ ကိုယ်ကျင့်တရားကောင်းအောင်လုပ်ပြီး “နိဗ္ဗာန်” ကို တက်လှမ်းပါ။
လူတွေဟာ ဒုက္ခရောက်လာတဲ့ အခါမှာ စဉ်းစားဥာဏ်မရှိတော့ဘူး။ လောကကြီးဟာ ဒုက္ခအစုအဝေးကြီးပါပဲ။ ဘ၀ဆိုတာ ဒီလိုပဲ ဒုက္ခတွေချည်းပဲဖြစ်တဲ့ အတွက် ဒီသဘာဝကို စိတ်ပျက်၊ ကြောက်ရွံ့စရာ မလိုဘူး။ ကိုယ်ကျင့်တရား မကောင်းတဲ့သူ မကောင်းတာတွေ လုပ်နေတဲ့သူဟာ တခြားဘယ်သူမှ မသိဘူးဆိုရင်တောင် ကိုယ့်ကိုယ်ကိုတော့ အသိဆုံးပါပဲ။
လူတွေ သေကြတဲ့အခါ -
- တချို့က ပြုံးပြီးသေကြတယ် ...
- တချို့က အော်ဟစ်ပြီး သေတယ် ...
- တချို့က ရုန်းကန်ပြီး သေတယ် ...
- တချို့က ဝေဒနာကို ပြင်းပြင်းထန်ထန် နာကျင်ခံစားရပြီး သေတယ် ...
ဘ၀ တစ်လျောက်လုံး ကိုယ်ကျင့်သုံးလာခဲ့တဲ့ ကိုယ်ကျင့်တရားက သေခါနီး အချိန်မှာ ပြန်ပေါ်လာတယ်။

ကိုယ်ကျင့်သီလ ကောင်းလာတဲ့ အခါမှာ ဒေါသမဖြစ်အောင် နေနိုင်လာတယ်။ ဒေါသဖြစ်/ စိတ်ဆိုးလာပြီ ဆိုရင်လည်း ချက်ချင်းသိပြီး ဖယ်ရှားနိုင်လာတယ်။
ထို့အတူပဲ ကိုယ်ကျင့်သီလကောင်းလာတဲ့သူဟာ ကောင်းတဲ့စိတ်ဖြစ်အောင်လည်း အမြဲလုပ်နေတယ်။ ဖြစ်လာတဲ့ ကောင်းတဲ့စိတ်ကိုလည်း တိုးပွားအောင် အမြဲတမ်း ကြိုးစားနေထိုင်တယ်။
ဒီလိုနေမှ ဘ၀ကောင်းလာမယ်၊ စိတ်စွမ်းအားတွေ ကောင်းလာမယ်။ ဒါကို Right Effort “မှန်ကန်တဲ့ ကြိုးစားအားထုတ်မှု” လို့ခေါ်တယ်။ “မှန်ကန်တဲ့ သတိ” Right Mindfulness အမြဲရှိပြီး ကိုယ်နဲ့ မကွာ ထိန်းသိမ်းထားနိုင်ရမယ်။
(နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့) ကောင်းတဲ့ အာရုံ တစ်ခုခုမှာ စိတ်လေးက ငြိမ်သက်အောင် နေနိုင်တဲ့ အခါမှာ Right Concentration “မှန်ကန်တဲ့ စူးစိုက်မှု” ဖြစ်ပေါ်လာတယ်။ စိတ်ရောဂါကင်းလာတာနဲ့ အမျှ စိတ်ကြောင့်ဖြစ်တဲ့ နှလုံးပူပန်မှုဆိုတာလည်း မရှိတော့ဘူး။

လူတွေက ကိုယ်ရောဂါကိုပဲ အဓိက ကုစားနေကြတယ် ...
လောဘ၊ ဒေါသ၊ မောဟ တွေက နှလုံးသားကို ပူလောင်ချင်တိုင်း ပူလောင်နေစေတာကို မသိကြဘူး၊ ကုလည်း မကုစားကြဘူး ...
မဂ္ဂင်ရှစ်ပါး စိတ်စွမ်းအားကို မြှင့်တင်မှ စိတ်အေးချမ်းမှာ၊ နှလုံးသားမှာ ငြိမ်းချမ်းမှာ ဖြစ်တဲ့အတွက် “၀ိပဿနာ အကျင့်” မဂ္ဂင်ရှစ်ပါးကို ထူထောင်ပြီး ဘ၀သံသရာမှ လွတ်မြောက်အောင်၊ စိတ်မှာ ခွန်အားတွေရှိအောင် ကြိုးစားနေထိုင် လေ့ကျင့်သွားနိုင်ကြပါစေ ...

-- ဆရာတော် ဟောကြားသွားတဲ့ တရားတော်ကို ရသလောက် မှတ်စုလိုက်ရေးပြီး နှစ်သစ်ကူးလက်ဆောင်မွန် အဖြစ် “ဓမ္မဒါန” ဖြန့်ဖြူး ဝေမျှလိုက်တာ ဖြစ်ပါတယ်။
-- တစ်ခုခု အမှားအယွင်းပါခဲ့တယ်ဆိုရင် ကျွန်တော့်ရဲ့ ချွတ်ယွင်းချက်သာ ဖြစ်ပါတယ် ...
-- အမှားအယွင်းတွေရှိနေရင်လည်း ပြင်ဆင်တည့်မတ်ပေးဖို့ တတ်သိနားလည်သူများကို ဖိတ်မန္တက ပြုပါတယ် ...
-- အသံဖမ်းဖို့ အဆင်မပြေတဲ့ အတွက် အသံကိုတော့ ပြန်လည်ဝေမျှနိုင်ခြင်း မရှိပါဘူး ...
-- ညီအကို မောင်နှမများ အနေနဲ့ ဖတ်ရှုပြီးတဲ့အခါ ကိုယ့်အတွက်၊ ဘ၀အတွက် အဆင်ပြေတာ၊ အသုံးဝင်တာလေးတစ်ခုခုကို ရသွားတယ်ဆိုရင်ပဲ ၀မ်းသာအားရ ဖြစ်မိမှာပါ ....
-- နှစ်သစ်မှာ ညီအကို၊ မောင်နှမများ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများနဲ့ ပြည့်ဝကြပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ...

Aug 1, 2008

ဓမ္မဒူတ အရှင်ဆေကိန္ဒ တရားပွဲ မှ တရားတော်အနှစ်ချုပ်


တရားပွဲကို ကိုယ်တိုင်မလာနိုင်တဲ့ ညီအကို မောင်နှမများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်...
ဆရာတော် ဟောသွားတာကတော့ ....
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ကို ရွတ်ရင် လောကီလောကုတ် နှစ်ဖြာလုံးမှာ အကျိုးများတဲ့ အကြောင်း ....
ပြီးတော့ ဘယ်သူနဲ့ဖြစ်ဖြစ် လူ၊ လုပ်ရပ်နဲ့ စိတ်ဓါတ် သုံးခုမှာ လူကို မကြည့်ဘဲ လုပ်ရပ် အကောင်းအဆိုး၊ စိတ်ဓါတ် အကောင်းအဆိုး ကို သေသေ ချာချာ စိစစ်လေ့လာဖို့ ....
လိမ္မာ ကြဖို့ ...
ပြီးတော့ ...
အချိန်ရတိုင်း ကုသိုလ်နဲ့ ပညာ ရအောင် စုဆောင်းဖို့၊
ငါးပါးသီလ လုံအောင် နေလို့ရတဲ့ အတွက် လုံအောင်နေကြဖို့
ဟောကြားပါတယ် ...
တတ်နိုင်စွမ်းသမျှ လိုက်နာကျင့်သုံးနိုင်ကြပါစေကြောင်း မျှဝေ ဆုတောင်းလိုက်ရပါတယ်...

Jul 10, 2008

ဓမ္မဒူတ အရှင်ဆေကိန္ဒ တရားပွဲ

စင်္ကာပူနိုင်ငံရောက်
မြန်မာ ညီအကို မောင်နှမ၊ သူငယ်ချင်း၊ မိသားစုများ အတွက်....
ဓမ္မဒူတ အရှင်ဆေကိန္ဒ ဆရာတော်ဘုရား

၏ တရားပွဲသို့ ...
ကြွရောက် တရားတော်နာယူနိုင်ကြပါရန် ...
နိဗ္ဗာန် အကျိုးမျှော်ကိုးကာ နှိုးဆော်လိုက်ရပါသည်...
  • အချိန် .... ၁၂-ဇူလိုင်-၂၀၀၈ (စနေနေ့) ညနေ ၇ နာရီ
  • နေရာ .... မြန်မာဘုန်းတော်ကြီးကျောင်း ၊ တိုင်ဂျင်းလမ်း၊ တိုပါးယိုး (Topayoh MRT) အနီး

Nov 10, 2007

သုခလေးပါး


ဘလော့ခ်ရေးခဲ့တာ တစ်ရာ ပြည့်မြောက်တဲ့ လက်ဆောင် အနေနဲ့ ...
ရပ်နီးရပ်ဝေးက မြင်ဖူး၊ မမြင်ဖူးတဲ့ ... သူငယ်ချင်းတွေ အတွက်
၁၃၆၉ သီတင်းကျွတ်လကွယ်နေ့ - သောကြာနေ့ က
နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...
သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့
သုခလေးပါး” တရားတော်ပါ...အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...
ဖတ်ရှု နာယူကြည့်ကြပါ သူငယ်ချင်းများ...

သုခလေးပါး
တန်ဘိုးရှိတဲ့ အချိန်ကို တန်ဘိုးရှိရှိ အသုံးချကြရအောင် လို့ဆိုရင်..
ဓမ္မနဲ့ အချိန်ကို သုံးတာဟာ - အဲဒီ အချိန်ဟာ တန်ဘိုး အရှိဆုံးပဲ...

ပထမချမ်းသာ
လောကမှာ - ဗုဒ္ဓရှင်တော်တို့ ပွင့်တော်မူကြခြင်းသည် လောကကြီးအတွက် ချမ်းသာတစ်ပါးပဲ၊
ဘုရား အဆူဆူတို့ ပွင့်တော်မူကြခြင်း... ဒါ လောကရဲ့ ချမ်းသာ တစ်ခုပဲ
Happiness is the Arising of The Buddha
ဘုရားတစ်ဆူဆူပွင့်လာလို့ အနည်းဆုံးရလာတဲ့ အကျိုးကျေးဇူးက...
ချမ်းသာသုခကတော့ လူ့ဘ၀ရဲ့ အဓိပ္ပါယ် ပြည့်စုံသွားခြင်းပဲ...
မကောင်းမှုနဲ့ ကောင်းမှုကို သိမှ လူသား လို့ခေါ်တယ်... ဒါအနိမ့်ဆုံး လူ့အဓိပ္ပါယ်ပဲ
လူဆိုတဲ့ စကားလုံးကို ပါဠိစာပေမှာ မနုဿ လို့ခေါ်တယ် မန+ဥဿ = မနုဿ
မန = အသိ ဥဿ = သတ္တ၀ါ
ဘာသိတာလဲ.. ဘယ်လောက်သိတာလဲ...
အနည်းဆုံး မကောင်းမှုနဲ့ ကောင်းမှုကို ခွဲသိလို့ လူလို့ခေါ်တယ်...
အဲဒီလောက်မှ မသိဘူးဆိုရင် လူလို့ မခေါ်နိုင်ဘူး၊ လူဆိုတဲ့ စာရင်းမ၀င်ဘူး...

မကောင်းမှုနဲ့ ကောင်းမှုဟာ ဘာလဲ လို့မေးတဲ့ အမေရိကားက ပါမောက္ခ...
တကယ်ကို မသိတဲ့ အတွက်မေးခြင်း ဖြစ်တယ်...
မကောင်းတာ မလုပ်နဲ့လို့ ဂျီးဆပ်စ်ခရိုက်လည်းပြောပါတယ်.. စိန့် အမျိုးမျိုးတို့လည်း ပြောပါတယ်...
ဒါပေမယ့် မကောင်းမှု၊ ကောင်းမှု ဒီနှစ်ခုကို ခွဲခြမ်းစိပ်ဖြာပြီး ဘယ်သူမှ ပြောမသွားဘူး...
မကောင်းမှုဆိုတာ ဒုစရိုက်ဆယ်ပါးပဲ.. ကောင်းမှုဆိုတာ ပုညကိရိယာ ၀တ္ထုဆယ်ပါးပဲ...
သူတို့ ကျမ်းစာတွေမှာ အဲဒီ စာရင်း မရှိဘူး.. မကောင်းမှု ဘာကြောင့် ဖြစ်သလဲ မေးရင် ပိုတောင်ခက်သေးတယ်...
လောဘ ဒေါသ မောဟ ဆိုတဲ့.. အကုသိုလ်ဟိတ် သုံးပါးကြောင့် ဒုစရိုက် ဆယ်ပါး ဖြစ်ရတယ်...
အလောဘ အဒေါသ အမောဟ ဆိုတဲ့.. ကုသိုလ်ဟိတ် သုံးပါးကြောင့် ပုညကိရိယာ ၀တ္ထုဆယ်ပါး ဖြစ်ရတယ်...
ဘုန်းကြီးတို့မှာ အလွန်စနစ်ကျတဲ့ အဘိဓမ္မာကို မြတ်ဗုဒ္ဓက ဟောထားတာ...
ဘုရားသာ မပွင့်ရင် အဲဒါတွေကို ဘယ်သူ့မှ သိမှာ မဟုတ်ဘူး... မသိနိုင်ဘူး...
အဲဒီအသိမျိုးမရှိရင် လောကမှာ အဆင်းရဲဆုံး ပုဂ္ဂိုလ်ပဲ..
Mentally Poor စိတ်ဓါတ်ရေးရာအားဖြင့် အဆင်းရဲဆုံးပဲ...
Physically ဘယ်လောက်ပဲ Rich ဖြစ်နေစေကာမူ
Physically Advanced ဘယ်လောက်ပဲ ဖြစ်နေစေကာမူ
Mentally Poor စိတ်ဓါတ်ရေးရာ အရ ဆင်းရဲရင် အဲဒီပုဂ္ဂိုလ်ဟာ လောကမှာ အဆင်းရဲဆုံးပဲ...
လောဘ ဒေါသ မောဟတွေကနေ တွန်းထုတ်လိုက်တဲ့ အတွက် ဒုစရိုက် ဆယ်ပါး ပေါ်ထွက်လာတယ်...
ကောင်းမှုဆိုတာ ဘာလဲ...
အလောဘ ဆိုတာ မလိုချင်တာတင်မဟုတ်ဘူး... မလိုချင်ရုံနဲ့ ဒါန ဘယ်တော့မှ မဖြစ်ဘူး...
မလိုချင်ဘူး ဆိုတဲ့ စိတ်ထဲမှာ.. ပေးချင်ပြီဆိုတဲ့ စိတ်မျိုး ဖြစ်လာမှ ဒါန... အဲဒါ တကယ့် အလောဘ...

အနဲဆုံး လူရဲ့အဓိပ္ပါယ်ကဘာလဲ...
မကောင်းမှုကို သိရမယ်.. ကောင်းမှုကို သိရမယ်.. အဲဒါမှ... "မနုဿ" လူစာရင်းသွင်းတယ်...
အဲဒါမျိုးတွေကို ဘယ်သူပြောသွားလဲ.. ဗုဒ္ဓမှတပါး ပြောတဲ့ပုဂ္ဂိုလ် ကမ္ဘာမှာ မရှိဘူး...
ဘာသာရေး သမိုင်းတစ်လျှောက်လုံးမှာ မည်သည့်ဘာသာရေး သမိုင်းကိုပဲ ကြည့်ကြည့်..
ဗုဒ္ဓရှင်တော်မြတ်ကလွဲရင် လူ့ဘ၀ကို ဒီလို မြှင့်ပေးတဲ့ ပုဂ္ဂိုလ်မျိုးဟာ
ဘာသာရေးခေါင်းဆောင်တွေထဲမှာ ဗုဒ္ဓကလွဲရင် ဘယ်ဘာသာရေးခေါင်းဆောင်မှ မပြောခဲ့ကြဘူး..
အဲဒါကြောင့် ဗုဒ္ဓရှင်တော်ဟာ လူသားတို့ရဲ့ တကယ့်ကျေးဇူးရှင်ပဲ...

အဲဒီတော့ ဒီလို အသိမျိုးပေးခဲ့တဲ့ ဗုဒ္ဓရှင်တော် ပေါ်လာတာ မချမ်းသာဘူးလား..
အသိသာ မရှိခဲ့ရင် နေနဲ့လ နှစ်ခုကွယ်နေတဲ့ ကမ္ဘာမှာ လူတွေလမ်းလျှောက်သလို ဖြစ်မယ်...
မျက်လုံးမရှိတဲ့ ကမ္ဘာမှာ မျက်လုံးပေးခဲ့တာ.. အသိမရှိတဲ့ ကမ္ဘာမှာ အသိပေးခဲ့တာ...
မျက်လုံးမရှိတဲ့ ကမ္ဘာမှာ မျက်လုံးပေးခဲ့တဲ့ ဘုရား.. အသိမရှိတဲ့ ကမ္ဘာမှာ အသိဥာဏ်ပေးခဲ့တဲ့ ဗုဒ္ဓပေါ်လာတာ...
ကမ္ဘာကြီးအတွက် အမွန်မြတ်ဆုံးသော ချမ်းသာတစ်မျိုးပဲ...
အဲဒီအသိမရှိရင် ကမ္ဘာဟာ သိပ်ဆင်းရဲပြီ...

ဒါထက် လေးနက်တဲ့ အဓိပ္ပါယ်တွေ ရှိသေးတယ်...
ကမ္ဘာလောကကြီးမှာ သောကတွေ ပြည့်ရုံမက လျှံနေတယ်.. ဒုက္ခတွေလည်း ပြည့်ရုံမက လျှံနေတယ်...
အဲဒီဒုက္ခပင်လယ်ကြီးကို.. သောကပင်လယ်ကြီးကို.. (How to Overcome) ဘယ်လိုကျော်ဖြတ်မလဲ...
အဲဒီနည်းတွေကို ဗုဒ္ဓရှင်တော်ကလွဲရင် ဘယ်သူပြောဘူးသလဲ...
ကမ္ဘာမှာ ကိုးကွယ်စရာ ဘာသာတွေ အများကြီး ရှိတဲ့ အထဲက..
ဘာသာရေးသမိုင်းမှာ အဲဒီသောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ပင်လယ်ကြီးကို
ကျော်ဖြတ်တဲ့နည်းတွေကို ပြောတော်မူသွားတာ ဗုဒ္ဓရှင်တော်မြတ် တစ်ဆူတည်းပဲ ရှိတယ်..

အဲဒါကြောင့် သောကဖြစ်နေတဲ့ ကမ္ဘာမှာ သောကတွေကို ကျော်လွှားတဲ့နည်း...
ဒုက္ခတွေလည်း ပြည့်နေတဲ့ ကမ္ဘာမှာ ဒုက္ခပင်လယ်ကို ကူးခတ်တဲ့နည်း..
အဲဒါတွေကို ကျော်လွှားနည်းတွေကို ပြောပြတဲ့ ဗုဒ္ဓရှင်တော်တို့ ပွင့်ပေါ်လာတာဟာ..
ဒီကမ္ဘာသားတွေအတွက် အမြတ်ဆုံးသော ပထမ ချမ်းသာပဲ...

ကာမသုခ၊ ရာဇသုခ၊ ဒေ၀ရာဇ သုခ၊ မနုဿရာဇ သုခ၊ ဗြဟ္မသုခ
အဲဒါတွေဟာ အလွန်နိမ့်ကျပါတယ်.. ချမ်းသာ စင်စစ်တွေ မဟုတ်ကြဘူး...
နံပါတ်တစ် ချမ်းသာက ဗုဒ္ဓရှင်တော် ပွင့်ပေါ်ခြင်းသည်.. လောကကြီးအတွက် အမြတ်ဆုံးသော ချမ်းသာပဲ...
လောကသုံးပါမှာ ဗုဒ္ဓရှင်တော်တို့ ပွင့်ထွန်း ပေါ်ပေါက်လာတာဟာ.. ဒီကမ္ဘာသားတွေအတွက် အမြတ်ဆုံးသော ပထမ ချမ်းသာပဲ...

အနည်းဆုံး မကောင်းမှု ကောင်းမှု
ဒီနှစ်ခုရဲ့ အဓိပ္ပါယ်ကို သိခွင့်ရလိုက်တဲ့ အခါမှာ လူရဲ့ အဓိပ္ပါယ်ဟာ ပြည့်ဝသွားပြီ..
မကောင်းမှု ကောင်းမှု နှစ်ခုလောက်မှ သိခွင့်မရလို့ရှိရင် ဒီလူတွေက...
စားဖို့ သောက်ဖို့ မေထုန်မှီဝဲဖို့ ဒီသုံးခုလောက်နဲ့ပဲ အသိဟာ ဆုံးနေကြတယ်...
ဒီသုံးခုလောက်ပဲ သိပြီဆိုလို့ရှိရင်တော့ အဲဒါဟာ တိရိစ္ဆာန်ပဲ...
တိရိစ္ဆာန်ဆိုတာ ဒီသုံးမျိုးပဲ နားလည်တာ...
အဲဒီတော့ လူ့ဘ၀ကို အဆင့်မြှင့်ပေးတဲ့ ဗုဒ္ဓရှင်တော်ပေါ်လာတဟာ ကမ္ဘာကြီးအတွက် နံပါတ်တစ် ချမ်းသာပဲ...
The Arising of The Buddha is the Happiness of The World.

ဒုတိယချမ်းသာ
သူတော်ကောင်းတရားကို ဟောကြား၍ နေကြခြင်းသည် ဒုတိယ ချမ်းသာ...

မြတ်ဗုဒ္ဓက ကိလေသာ တိမ်သလ္လာတွေဖုံးနေတဲ့ လူသားတွေရဲ့ ဥာဏ်မျက်စိကို ဓမ္မဆိုတဲ့ မျက်စဉ်းခတ်ပေးတယ်..
အရှင်ဘုရားရဲ့ ဓမ္မကို မကြားရသေးလို့သာ လူတွေ ဒုက္ခရောက်နေကြတာ လို့လျှောက်တဲ့ အရှိခိုးခံ ဗြဟ္မာကြီး...

အဲဒီအချိန်က ခရစ်ယာန်ဘာသာ မပေါ်သေးဘူး နှစ် ၆၀၀ လောက် နောက်ကျပြီးမှ ပေါ်တယ်
အစ္စလာမ်ဘာသာ မပေါ်သေးဘူး ၁၁၇၀ လောက် နောက်ကျပြီးမှ ပေါ်တယ်
မြတ်ဗုဒ္ဓ တရားဟောခဲ့တဲ့ အတွက်ကြောင့် ရလာတဲ့ အကျိုးတွေက ဆုံးဖြတ်လို့မှ မရဘဲ
ချိုသာတဲ့ တရားသံလေးတွေကို နားစိုက်ထောင်နေတဲ့ ဖားကလေး... နတ်ပြည်မှာကြီးကျယ်တဲ့ အကျိုးကျေးဇူး ခံစားရတယ်..

ဘုရားရှင် ကိုယ်တော်မြတ်တို့သည် သတ္တလောကရဲ့ အကျိုးစီးပွားကို သယ်ပိုးဖို့ ပေါ်ပေါက်လာခဲ့တယ်...
အဲဒီလို ဘုရားရှင်ကိုယ်တော်မြတ်တို့ ထံမှာ ပူဇော်ကြ လှူဒါန်းကြတဲ့ ပုဂ္ဂိုလ်တွေမှာ ကြီးကျယ်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်တယ်...
မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကို တကယ့် အသိစိတ်နဲ့ ဥာဏ်နဲ့ယှဉ်ပြီးသာ နာလိုက်ရမယ်ဆိုရင်..
သစ္စာဆိုတဲ့ အမှန်တရားသိပြီးတော့ နိဗ္ဗာန်အထိ သွားတယ်...

ရှင်တော်မြတ်ဘုရားဟောကြားတော်မူတဲ့ သူတော်ကောင်းတရားကို
ပြန်လည်ဟောကြား၊ နာကြား၍ နေကြခြင်းသည်.. ချမ်းသာခြင်း စင်စစ် တကယ်ဖြစ်တယ်..
Happiness is a Teaching of Supplying Dhamma.

တတိယချမ်းသာ
သံဃာတော်များ၏ ကိုယ်၊စိတ် ညီညွတ်ခြင်း၊ တစိတ်တည်း ရှိကြခြင်းသည် ချမ်းသာသုခကို ဖြစ်စေသည်..
(အသေးစိတ်ကို ဆရာတော်၏ ဟောကြားချက်တွင် ဆက်လက်နာကြားနိုင်ပါ၏...)
အငယ်ဆုံး သိက္ခာပုဒ်လေးတွေကို သံဃာက သဘောတူရင် ပယ်လို့ရတယ်လို့ မြတ်ဗုဒ္ဓရဲ့လမ်းညွှန်ချက် ရှိပေမယ့်
တရားတော်တွေကို ပထမ အကြိမ် သံဃာ့အစည်းအဝေး ကတည်းက
မူလ အတိုင်း ညီညီညွတ်ညွတ် မူရင်းအတိုင်း ထားရှိခဲ့တာကြောင့် အခုထိ သန့်သန့်ရှင်းရှင်း မူရင်းအတိုင်း ကျန်ရစ်ခဲ့တယ်
ပထမအကြိမ် သံဃာ့ အစည်းအဝေး မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီး သုံးလ အကြာ... ရာဇဂြိုလ် ဝေဘာရ တောင်ခြေမှာ ကျင်းပတယ်...
ဒုတိယအကြိမ် သံဃာ့ အစည်းအဝေး နှစ် ၁၀၀ အကြာ ဝေသာလီမှာ ကျင်းပတယ်...
တတိယအကြိမ် သံဃာ့ အစည်းအဝေးကို ၂၃၆ နှစ် အကြာ ပတ္တနားမှာ ကျင်းပတယ်...
စတုတ္ထအကြိမ် သံဃာ့ အစည်းအဝေး နှစ် ၄၅၀ သီရိလင်္ကာနိုင်ငံ ပါတလိ...
ပဉ္စမအကြိမ် သံဃာ့ အစည်းအဝေး သာသနာနှစ် ၂၄၀၀ ကျော်မှာ မန္တလေးမှာ ကျင်းပတယ်...
ဆဌမအကြိမ် သံဃာ့ အစည်းအဝေး သာသနာနှစ် ၂၅၀၀ ပြည့်မှာ ကမ္ဘာအေးမှာ ကျင်းပတယ်...
ခြောက်ကြိမ်လုံးမှာ ဒေသနာတော်တွေကို မူရင်းအတိုင်း သန့်သန့်ရှင်းရှုင်း ထိန်းထားတယ်...

စတုတ္ထချမ်းသာ
လူ၊ ရှင်ရဟန်းတို့၏ ညီညွတ်ခြင်း...
ရဟန်းတရားကို ကျင့်ကြံအားထုတ်ခြင်း ဆိုတဲ့ လုပ်ငန်း... ပရိယတ္တိ
မြတ်စွာဘုရားရဲ့ တရားတော်တွေကို သင်ကြားပို့ချခြင်းဆိုတဲ့ လုပ်ငန်း... ပရိပတ္တိ
သာသနာထမ်း ရဟန်းတော်များအတွက်ဆိုရင် တိုက်ရိုက်က ဒီလုပ်ငန်းနှစ်ရပ်ပဲ...

ညီညွတ်တော်မူကြတဲ့ သံဃာတော်တွေရဲ့ အလုပ်တွေဟာ
သာသနာနဲ့ တိုင်းပြည်အတွက် တကယ် ချမ်းသာတယ်..
လူတို့၏ ညီညွတ်ခြင်းသည်လည်း တိုင်းပြည်အတွက် ချမ်းသာတယ်...

သုခလေးပါး

  1. မြတ်ဗုဒ္ဓအဆူဆူ ပွင့်တော်မူခြင်း
  2. တရားဟောခြင်း၊ တရားနာကြားရခြင်း
  3. လူ ရှင် ရဟန်း အစုအပေါင်း၏ ကိုယ်စိတ် ညီညွတ်ခြင်း
  4. ညီညွတ်သော သံဃာတော်တွေရဲ့ လုပ်ငန်းများသည် သာသနာတော်အတွက် တကယ်ချမ်းသာသည်...
    ညီညွတ်သော လူသားတွေရဲ့ လုပ်ငန်းများသည် တိုင်းသူ ပြည်သား အားလုံးအတွက် တကယ်ချမ်းသာသည်...
ဟု ရှင်တော် မြတ်ဗုဒ္ဓ က ကရုဏာရှေ့ထား၊ မေတ္တာအားဖြင့် ဟောကြားတော်မူခဲ့ပါကြောင်း...

အခုဖော်ပြထားတာတွေက တချို့တ၀က်မျှသာ ဖြစ်ပါတယ် ..
ဆရာတော် ဟောကြားထားတာက အများကြီးပြည့်စုံပါတယ်..
ဖော်ပြထားတာတွေမှာ တစ်ခုခု အမှားအယွင်းများပါရှိခဲ့ရင်
ကျွန်တော့်ဘက်က ချွတ်ယွင်းချက်သာ ဖြစ်ပါတယ်...
အမှတ်မလွဲရအောင်
ဖတ်ပြီးသွားရင် တရားတော်ကို ရယူနာကြား စေချင်ပါတယ်

-"သုခလေးပါး" တရားတော် - ရယူနာကြားနိုင်ရန်

သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော် အကျိုးကို
တတ်အားသမျှ သယ်ပိုး ထမ်းရွက်သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် ....

Nov 3, 2007

မြတ်ဗုဒ္ဓ၏ ၀ါကျွတ်မိန့်ခွန်း


ဒီနေ့ဟာ - မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်ရှစ်ရက် ၊ စနေနေ့ ဖြစ်ပါတယ်...
ဒီလို ဥပုသ်နေ့ တစ်နေ့မှာ ရပ်နီးရပ်ဝေးက မြင်ဖူး၊ မမြင်ဖူးတဲ့
သူငယ်ချင်းတွေ အတွက် နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...
သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့
မြတ်ဗုဒ္ဓ၏ ၀ါကျွတ်မိန့်ခွန်း” တရားတော်ပါ... အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ်...
အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...
ဖတ်ရှု နာယူကြည့်ကြပါ သူငယ်ချင်းများ...

မြတ်ဗုဒ္ဓ၏ ၀ါကျွတ်မိန့်ခွန်း

ပထမဆုံးဝါကျွတ်ချိန်မှာ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော် ဖြစ်ပါတယ်...
ဗုဒ္ဓဘာသာထက် စောတဲ့ ဘာသာနှစ်ခု ဖြစ်တဲ့ ဟိန္ဒူဘာသာနဲ့ ဂျိန်းဘာသာ...
အဲဒီ ဘာသာတွေမှာ ခရီးသွားပြီး သာသနာပြုတာ ဂျိန်းဘာသာပဲ ရှိတယ်...
ခရီးသွား သာသနာလုပ်ငန်းကို စနစ်တကျ စတင်တဲ့ ဘာသာဟာ ဗုဒ္ဓဘာသာ ဖြစ်တယ်...
မြစ်ထဲ ချောင်းထဲမှာ စီးဆင်းနေတဲ့.. သွားနေတဲ့ရေမှာ အညစ်အကြေး မရှိနိုင်ဘူး...
မပြတ်ခရီးသွားနေတာဟာ မပြတ်စီးနေတဲ့ ရေလို ဖြစ်ပါတယ်...
တစ်ခုခု ပိတ်ဆို့နေလို့ ရပ်တန့်နေတဲ့ ရေမှာ အညစ်အကြေးတွေ ရှိနေနိုင်တယ်...
("စီးနေတဲ့ ရေဟာ ကြည်တယ်.. သွားနေတဲ့ ဘုန်းကြီးဟာ သန့်ရှင်းတယ်..." - )
မြတ်ဗုဒ္ဓဟာ ဘုရားဖြစ်ပြီး (၄၉)ရက်သာ အနားယူခဲ့ပြီး၊ မရပ်မနား ခရီးသွားခဲ့တာ ပရိနိဗ္ဗာန်ဝင်စံခါနီး အချိန်မှ ရပ်နားခဲ့တာ ဖြစ်ပါတယ်...
ရဟန်းတို့ ခရီးထွက်ကြ.. အကျိုးမဲ့ သွားဖို့မဟုတ်ဘူး...
အများအကျိုးရှိအောင် ခရီးထွက်ကြ...
များစွာသော သတ္တ၀ါတွေ အကျိုးဖြစ်ဖို့ လူအများချမ်းသာစေဖို့ ခရီးထွက်ကြ...
လောကကို အကျိုးရှိစေချင်၊ ချမ်းသာရာ ရစေချင်တဲ့ စိတ်နဲ့ ခရီးသွားကြ၊ နှိပ်စက်ဖို့ ခရီးမသွားနဲ့ ...


မြတ်ဗုဒ္ဓက ၀ါကျွတ်ချိန်မှာ "အမတ" စည်ကို တီးလိုက်ပြီ... နိဗ္ဗာန်တံခါးကို ဖွင့်လိုက်ပြီ...
မျက်လုံးရှိတဲ့ သူတွေ မြင်လိမ့်မယ်၊ နားရှိတဲ့ သူတွေကြားလိမ့်မယ်...
ဥာဏ်မျက်လုံး ဥာဏ်နားကို ပြောတာ ဖြစ်တယ်...
မြတ်ဗုဒ္ဓက အကန်း ကမ္ဘာမှာ "နိဗ္ဗာန်လမ်း"ကို ပြတယ်.. အပင်းကမ္ဘာမှာ "အမတစည်"ကို ထုတယ်..
အသံကြားရုံနဲ့ တရားနာတယ် မခေါ်နိုင်ဘူး...
ဓမ္မဆိုတာ ဘာလဲလို့ သိသွားဖို့ရယ်... အဲဒီအသိကို ဆောင်ထားဖို့
ဆောင်ပြီးရင် ကိုယ်နှုတ်စိတ်နဲ့ တစ်ထပ်တည်းဖြစ်အောင် ကျင့်သုံးဖို့ အဲဒါ အရေးကြီးတယ်...
မြတ်ဗုဒ္ဓက သာသနာပြုတဲ့ အလုပ်ကို ခရီးသွားပြီးပြုခိုင်းခဲ့တယ်...
(ကျောင်းထိုင်ကြဟေ့ ဆိုတဲ့ စာသား ဘုန်းကြီးရှာတုန်းဘဲ...)
ရောက်တဲ့ နေရာမှာ ဓမ္မ ကိုဟောကြ...
(အဓမ္မတွေ သွားမပြောကြနဲ့ ဆိုတဲ့ အဓိပ္ပါယ်မျိုးလည်း ယူနိုင်တယ်...)

လူတိုင်းဟာ သေရမှာ ကြောက်ကြတယ်...
အသတ်ခံရသူတွေ သေရမှာ ကြောက်သလို...
သတ်တဲ့သူတိုင်းလည်း သေရမှာ ကြောက်တဲ့ သူတွေချည်းပါပဲ..
ဒါကြောင့် တစ်ယောက်ကို တစ်ယောက်မသတ်ကြနဲ့ ...
ကြောက်နေတဲ့ လူတစ်ယောက်ကို ကြောက်နေတဲ့ လူတစ်ယောက်က မသတ်ကြနဲ့...

ဒါမြတ်ဗုဒ္ဓရဲ့ ဟောကြားချက် တစ်ခုပါပဲ...
မြတ်ဗုဒ္ဓဟာ ကလေးကို ကလေးအရွယ်အလိုက်၊ လူကြီးကို လူကြီးအလိုက် အဆင့်အတန်းအလိုက် နားလည်အောင် ဟောကြားတော်မူခဲ့ပါတယ်...
ဓမ္မဆိုတာ မြတ်ဗုဒ္ဓရဲ့ ဟောကြားချက်များ အားလုံးဖြစ်ပါတယ်...


"ဓမ္မ" ရဲ့ ဂုဏ်သုံးပါး

အစကောင်း အခြေခံကျကျကောင်း၊ အလယ်အလတ်ကောင်း အဆင့်အမြင့်မြင့်ကောင်းခြင်းဆိုတဲ့
ကောင်းခြင်းတွေနဲ့ ပြည့်စုံတဲ့ "ဓမ္မ" ကိုပြောကြ...

"သီလ" ဆိုတာ စည်းကမ်းပါပဲ..
Universal Discipline - "လောက လူသား အားလုံး လိုက်နာသင့်တဲ့ စည်းကမ်းများ ဖြစ်ပါတယ်..."
စည်းကမ်းကို ထိန်းနိုင်သူတွေဟာ ပြစ်မှုတွေ မကျုးလွန်တဲ့ လူကောင်းတွေ ဖြစ်လာမှာ ဖြစ်တဲ့ အတွက်...
လူတိုင်းအတွက် "ကာယကံ၊ ၀စီကံ" လွန်ကျုးမှုတွေ ဖြစ်မလာအောင်...
"သီလ" ဆိုတဲ့ အခြေခံ ကို အရင်ဟောကြ...

ဒီထက် တတ်နိုင်တဲ့ သူတွေ လေ့ကျင့်လို့ရအောင်... စိတ်စည်းကမ်းရှိလာအောင်..
စိတ်ထဲမှာ လွန်ကျုးမှု၊ သောင်းကျန်းမှုတွေ ဖြစ်မလာအောင်၊ ငြိမ်သွားရအောင်၊ ဖြောင့်ဖြောင့်ထား နိုင်အောင်၊ ဖြောင့်မတ်သူ လူကောင်းတစ်ယောက် ဖြစ်လာအောင်...
သမာသမတ်ကျတဲ့ လူတစ်ယောက် ဖြစ်လာအောင်၊ စိတ်ပေါ်မှာ ဖြစ်တဲ့ နိဝရဏ တွေကင်းလာအောင်၊ တနည်းအားဖြင့် "သမာဓိ" ဖြစ်လာအောင်၊ လေ့ကျင့်တဲ့နည်းသင်ပေးကြ.. ဒါဒုတိယ အဆင့်
စိတ်ကို ထိန်းပြီး ဖြောင့်ဖြောင့်ထားနိုင်ရင် သမာဓိ ရှိလာမယ်..

အဆုံးတိုင် ကောင်းတာ ပညာ...
ပ = အသေးစိတ် တိတိကျကျ...
ညာ = သိခြင်း နားလည်ခြင်း...
Understanding In Detail ဖြစ်ဖို့ အရေးကြီးတယ်...
ပညာ ဆိုတာ မိမိကိုယ်ကို ကောင်းကောင်းနားလည်အောင် လေ့ကျင့်ကြဖို့ အရေးကြီးတယ်...
အောင်မြင်သွားရင် နှလုံးသားမှာ စွဲနေတဲ့ ကိလေသာ အညစ်အကြေးတွေ ကင်းစင်သွားမယ်...
အဲဒီလိုစွဲနေတဲ့ စိတ်အညစ်အကြေးတွေကို ကင်းအောင်လုပ်ဖို့က...
သီလနဲ့ မရဘူး.. သီလက ကာယကံ ၀စီကံပေါ်မှာပဲ ရှိတယ်...
သမာဓိက စိတ်အပေါ်မှာပဲ ရှိတယ် သမာဓိနဲ့လည်း မရဘူး...
စိတ်အဆင့်အတန်း မြင့်အောင် စိတ်သန့်ရှင်းအောင် ခန္ဓာထဲ နှိုက်ပြီး
ငါဘာကောင်လဲဆိုတာသိအောင် "ပညာ" ကျင့်စဉ်နဲ့ ပယ်ရမယ်...

"ဓမ္မ" ဆိုတာ လူ့ဘ၀ကို အဆင့်အတန်းမြင့်အောင် အဆင့်မြှင့်ပေးတဲ့ နည်းစနစ်မျိုး...
သီလကျင့်ရင် Good သမာဓိကျင့်ရင် Right
ပညာကျင့်ရင် အနုသယ အညစ်အကြေး အကုန်ထွက်သွားတဲ့ အတွက် Noble...
ကာယကံ ၀စီကံ အကျင့်ကောင်းရင် Good လောက်ပဲ ရမယ်...
သမာဓိ ကောင်းရင် Right ဖြစ်လာပြီး...
ပညာ ကောင်းမှ Noble ဖြစ်လာမယ်...

မြတ်ဗုဒ္ဓဟောတဲ့ ဓမ္မက လူမှာပဲ လာစုတယ်...
အဲဒါကြောင့် ဓမ္မက လူသာ ပဓာနတရား...
Religion ဆိုတာကတော့ God သာ ပဓာနတရား...

"ဓမ္မ" နဲ့ Religion ခြားနားမှုကို ကောင်းစွာ သိဖို့ အရေးကြီးတယ်...
ဗုဒ္ဓရဲ့ နည်းစနစ်တွေဟာ အရှိအတိုင်း ကိုယ်နှုတ်နဲ့စိတ် တစ်ထပ်တည်းကျအောင် ကျင့်ရတဲ့ တရားတွေဖြစ်တယ်...
ကိုယ်နှုတ်စိတ် သုံးပါး တစ်ထပ်တည်း နေအောင်ကျင့် နိုင်ကြပါစေ...
သီလ၊ သမာဓိ၊ ပညာ အဆင့်ဆင့် ကျင့်စဉ်တွေနဲ့ ဘ၀ကို မြှင့်တင်နိုင်ကြပါစေ...


အခုဖော်ပြထားတာတွေက တချို့တ၀က်မျှသာ ဖြစ်ပါတယ် ..
ဆရာတော် ဟောကြားထားတာက အများကြီးပြည့်စုံပါတယ်..
ဖော်ပြထားတာတွေမှာ
တစ်ခုခု အမှားအယွင်းများပါရှိခဲ့ရင်
ကျွန်တော့်ဘက်က ချွတ်ယွင်းချက်သာ ဖြစ်ပါတယ်...
အမှတ်မလွဲရအောင်
ဖတ်ပြီးသွားရင် တရားတော်ကို ရယူနာကြား စေချင်ပါတယ်
-"မြတ်ဗုဒ္ဓ၏ ၀ါကျွတ်မိန့်ခွန်း" တရားတော် - ရယူနာကြားနိုင်ရန်

သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော်အကျိုးကို
တတ်အားသမျှ သယ်ပိုး ထမ်းရွက်သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် ....

Oct 20, 2007

စိတ်ကို ဆုံးမနည်း


ဒီနေ့ဟာ - မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ သီတင်းကျွတ်လဆန်းရှစ်ရက် ၊ သောကြာနေ့ ဖြစ်ပါတယ်...
ဒီလို ဥပုသ်နေ့ တစ်နေ့မှာ ရပ်နီးရပ်ဝေးက မြင်ဖူး၊ မမြင်ဖူးတဲ့
သူငယ်ချင်းတွေ အတွက် နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...
သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့
စိတ်ကို ဆုံးမနည်း” တရားတော်ပါ...အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...
ဖတ်ရှု နာယူကြည့်ကြပါ သူငယ်ချင်းများ...

လှုပ်ရှားနေတဲ့ စိတ်
လှုပ်ရှားနေတဲ့ စိတ်ဟာ တုန်လှုပ်နေတယ်..
အဲဒီ စိတ်ရဲ့ တုန်လှုပ်ပုံက ရေထဲက ငါး ကုန်းပေါ် ဆယ်တင်ထားခံရသလို တဖျတ်ဖျတ် တုန်လှုပ်နေတယ်
အဲဒီလိုပဲ အာရုံငါးပါးထဲက ဆွဲထုတ်ခံလိုက်ရတဲ့ စိတ်ဟာ တဖျတ်ဖျတ်နဲ့ တုန်လှုပ်နေတယ်
ဇနီးမယား သမီးသားနဲ့ စီးပွား ဥစ္စာ ကာမဂုဏ် အာရုံတွေထဲမှာ အမြဲတမ်း မွေ့လျော်နေတဲ့ စိတ်ဟာ အဲဒီဟာတွေနဲ့ ဝေးသွားတာနဲ့ တုန်လှုပ်နေတယ်

ရေထဲမှာ ပျော်တဲ့ ငါးဟာ ရေထဲကနေ ကုန်းပေါ် တင်လိုက်တာနဲ့ ငြိမ်နေလို့မရဘူး ... တဖျတ်ဖျတ်လူးပြီး ခုန်နေတာ...
လူထဲမှာ ပျော်တဲ့ စိတ်ဟာလည်း လူနဲ့ ဝေးပြီးတော့ သွားတာနဲ့ မနေတတ်မထိုင်တတ် ဖြစ်ပြီးတော့ တုန်လှုပ်နေတယ်

ရေထဲက ငါး ရေထဲမှာပဲ ပျော်သလို လူ့စိတ်ဟာလည်း ကာမဂုဏ်ထဲမှာပဲ ပျော်တယ်..
ကာမဂုဏ်နဲ့ ဝေးရင် ငါးခုန်သလို ခုန်နေတတ်တယ်...
တုန်လှုပ်နေတဲ့ စိတ်ဟာ မာရ်နတ်မင်းရဲ့ နိုင်ငံတော်ကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး
မာရ်နတ်မင်းရဲ့ နိုင်ငံဆိုတာ "ကာမ၀ဋ်၊ ကိလေသ၀ဋ်၊ ၀ိပါက၀ဋ်" ဆိုတဲ့ ၀ဋ် သုံးပါး၊
လွန်မြောက်ဖို့ အခက်တွေ့နေရတာက "ကာမဂုဏ် ငါးပါး" သို့မဟုတ် "အာရုံငါးပါး" ဆိုတဲ့
မာရ်မင်းရဲ့ စစ်သည်တော်တွေက ၀ိုင်းရံထားလို့ မလွန်မြောက်နိုင်...
တုန်လှုပ်နေတဲ့  စိတ်ဟာ မာရ်မင်းရဲ့ စစ်သည်တော်တွေကို ဖောက်ထွက်ပြီး
မာရ်မင်းရဲ့ နိုင်ငံတော်ကနေ လွတ်မြောက်ဖို့ ဆိုတာ မတတ်နိုင်...
အဲဒီလို တုန်လှုပ်ခြောက်ခြားတဲ့ စိတ်ကို ငြိမ်သက်လာအောင် ဆုံးမနိုင်ရမယ်...

မြတ်စွာဘုရား မိန့်ကြားတဲ့ စိတ်ဆုံးမနည်း
ချစ်သား ရဟန်းတို့
စိတ်သည် တုန်လှုပ်တယ်.. လျှပ်ပေါ်လော်လီတယ်.. စောင့်ရှောက်နိုင်ခဲတယ်.. တားဆီးဖို့ရန် ခက်ခဲတယ်..
ရဟန်းတို့ ဤသို့သော သဘော ရှိသော စိတ်ကို ဖြောင့်အောင်ပြုလော့
မြှားလုပ်တဲ့ ပုဂ္ဂိုလ်သည် မြှားကို ဖြောင့်အောင် ပြုလုပ်သကဲ့သို့၊
ဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်မှန်သမျှသည် စိတ်ကို ဖြောင့်မတ်လာအောင် ပြုလုပ်နိုင်ကြပါစေ။

စိတ်ဟာ ကောက်နေမယ်၊ ကောက်ကျစ်နေမယ် ဆိုရင်
ပါးစပ်က "နိဗ္ဗာန်နဿ ပစ္စယောဟောတု" နေ့တိုင်း ရွတ်နေလည်း နိဗ္ဗာန်မရောက်နိုင်ဘူး...
ရာဂ လောဘ မောဟ စတဲ့ ကိလေသာ တစ်ခုခု ၀င်လာပြီ ဆိုတာနဲ့ စိတ်ဟာ မဖြောင့်တော့ဘူး
စိတ်ထဲက ဃရာဝါသ အစရှိတဲ့ အကာတွေ အူတွေကို ရှင်းလင်း ဖယ်ရှားနိုင်ရမယ်...
လူ့လောကထဲမှာ ဇနီးမယား သမီးသား စီးပွားဥစ္စာ အစရှိတာတွေနဲ့ ရောထွေးပြီးတော့ နေမယ်ဆိုရင် စိတ်ဟာ မဖြောင့်နိုင်ဘူး..
စိတ်ကို "လောက" ဆိုတဲ့ အပေါ်ယံ အကာတွေ ကနေ ခွာရှောင်နိုင်ဖို့ "သဒ္ဒါတရား" လိုအပ်တယ်...
သဒ္ဒါတရားမရှိရင် တောထွက်သွားတယ် ဆိုပေမယ့် တောထဲမှာ တရားအလုပ် အားထုတ်တာ မဟုတ်ဘဲ မုဆိုးလုပ်နေတာ ဖြစ်နေနိုင်တယ်...


စိတ်ကို သဒ္ဒါတရား များများရှိလာအောင်လုပ်..
ရတနာသုံးပါး.. သမထ၊ ၀ိပဿနာ တွေကို အာရုံပြုလိုက်ရင် စိတ်ဟာ ကြည်လာတယ်..
အဲဒီလို သဒ္ဒါတရား ရှိနေတဲ့ စိတ်ကို သီလနဲ့ ပြည့်စုံအောင် လုပ်ရမယ်...
ပြီးတော့ သမထက တစ်ဖက်၊ ၀ိပဿနာက တစ်ဖက် နှစ်ဖက်ညှပ်ပြီးတော့ စိတ်ကို ဖိထား..
"၀ီရိယ" နဲ့နာနာ အားထုတ်ကြ...
"သမထ" နဲ့ တစ်ဖက်က ဖိတော့ စိတ်ဟာ ငြိမ်လာတယ်...
"၀ိပဿနာ" နဲ့ တစ်ဖက်က ဖိတော့ စိတ်ဟာ ထက်လာတယ်...
"သမထ"က စိတ်ကို ငြိမ်စေတယ်.. "၀ိပဿနာ"က စိတ်ကို ထက်မြက်စေတယ်...
ဒါမှမဟုတ်.. တစ်ဖက်က "သမာဓိ"နဲ့ ဖိရင် တစ်ဖက်က"ပညာ"နဲ့ ဖိရမယ်...
ကိလေသာကို ခြိမ်းခြောက်နိုင်သော "၀ီရိယ" ကိုများများ အသုံးပြုပြီး နှိမ်နင်းရမယ်..

နှစ်ပေါင်းများစွာ ကမ္ဘာပေါင်းများစွာ
ခန္ဓာကိုယ်ကြီးမှာ ကိန်းအောင်းနေတဲ့ ဒီ "ကိလေသာ"ရန်သူကို တကယ် တိုက်တော့မယ် ဆိုရင်
၂၄ နာရီမှာ ၁၈ နာရီလောက် အလုပ်လုပ်
( ၄ နာရီအိပ်၊ ကိုယ်လက်သန့်ရှင်း အစာစားတာတွေအတွက် ၂ နာရီထား) ပြီး
ဒီ"ကိလေသာ" ကို တိုက်မယ်ဆိုရင်
နေ့ရော ညရော၊ ညရော နေ့ရော မပျင်းမရိ အားထုတ်ကြမှ
"ကိလေသာ"ရန်သူကို ခြိမ်းခြောက်နိုင်တဲ့ ပြင်းထန်သော "၀ီရိယ"ရှိမှ
"စိတ်ဟာ ဖြောင့်လာမယ်"..
ဖြောင့်လာတဲ့ စိတ်မှသာ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်မယ်...
ဒါဟာ စိတ်ပြင်တဲ့ နည်း ပဲ...

တုန်လှုပ်နေတဲ့ စိတ်..
လျှပ်ပေါ်လော်လီတဲ့ စိတ်..
စောင့်ရှောက်နိုင်ခဲတဲ့ စိတ်..
တားဆီးဖို့ရန် ခက်ခဲတဲ့ စိတ်..

အဲဒီ စိတ်ကို ဥာဏ်ရှိတဲ့ သူတော်ကောင်းတွေက ဖြောင့်မတ်လာအောင် လုပ်ကြရမယ်...

မြတ်စွာဘုရား မိန့်ကြားတဲ့ မိတ်ဆွေရှုာနည်း
မိတ်ဆွေရှာဖွေတဲ့ အခါမှာ-
"မိမိထက် မြတ်တဲ့သူ၊ အကျင့်လည်းကောင်းသူ၊ အသိပညာရှိသူ" ကိုရရင် ကောင်းတယ်.. အဲဒါ ကိုယ့်ထက် သာတဲ့သူ.. ကောင်းတယ်
"မိမိနဲ့ တန်းတူတဲ့သူ၊ အကျင့်လည်းတန်းတူ ဖြစ်သူ၊ အသိပညာလည်း တန်းတူရှိသူ" ကိုရရင်လည်း ကောင်းတယ်.. အဲဒါဆိုလည်း အပြန်အလှန် မှီခိုလို့ ရတယ်
အဲဒီလို ကိုယ့်ထက်သာသူ၊ ကိုယ်နဲ့ တန်းတူ ဖြစ်သူတွေကို မရဘဲ
ကိုယ့်အောက် "အဆင့်လည်းနိမ့်သူ အသိပညာလည်း နိမ့်သူ"ကို ရခဲ့မယ် ဆိုရင်တော့..
မြင့်တက်လာအောင် ချီးမြှောက်ရမယ်..
ကြိုးစားပြီး မြင့်လာအောင် လုပ်လို့ အသိနဲ့ အကျင့် တိုးတက်လာမယ်ဆိုရင် ... ပေါင်းလို့ ရသေးတယ်
ချီးမြောက်လည်းမရ ဆွဲတင်လည်းမရ တိုးတက်မလာတာ...
ပိုနိမ့်ကျသွားတာမျိုးတွေ ဖြစ်လာမယ်ဆိုရင် အဲဒီလိုလူမျိုးကို ရှောင်ပါ... လူမိုက်

လူမိုက်ဆိုတဲ့ ပုဂ္ဂိုလ်မှာ အတူတကွ ဆိုတဲ့ စိတ်မျိုး မရှိဘူး..
ကိုယ်ချမ်းသာစဉ်က အတူ၊ ကိုယ်ဆင်းရဲတဲ့ အခါ စွန့်သွားတယ်..
သူဆင်းရဲစဉ်က အတူ၊ သူချမ်းသာတော့ စွန့်သွားတယ် ဆိုတဲ့ သူမျိုး ဟာ မိတ်ဆွေကောင်း မဟုတ်ဘူး..

"၀ိတက်"တွေကို ချုပ်ငြိမ်းသွားအောင် အာနာပါန နဲ့ချုပ်..
"ရာဂ" တွေ ချုပ်ငြိမ်းအောင် အသုဘနဲ့ နှိမ်နင်းကြ..
"ဒေါသ" တွေ ချုပ်ငြိမ်းအောင် မေတ္တာများများပွား..

နည်းကောင်း လမ်းကောင်းတွေကို ညွှန်ပြတာ ကလျာနမိတ် (မိတ်ဆွေကောင်း)၊ အမှီပြုရမယ် ပေါင်းရမယ်..

အခုဖော်ပြထားတာတွေက တချို့တ၀က်မျှသာ ဖြစ်ပါတယ် ..
ဆရာတော် ဟောကြားထားတာက အများကြီး ပြည့်စုံပါတယ်..
ဖော်ပြထားတာတွေမှာ
တစ်ခုခု အမှားအယွင်းများပါရှိခဲ့ရင်
ကျွန်တော့်ဘက်က ချွတ်ယွင်းချက်သာ ဖြစ်ပါတယ်...
အမှတ်မလွဲရအောင်
ဖတ်ပြီးသွားရင် တရားတော်ကို ရယူနာကြား စေချင်ပါတယ်
-"စိတ်ကို ဆုံးမနည်း" တရားတော် - ရယူနာကြားနိုင်ရန် ၂.၁၄ မီဂါဘိုက် WMA ဖိုင်

သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော်အကျိုးကို
တတ်အားသမျှ သယ်ပိုး ထမ်းရွက်သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် ....

Sep 27, 2007

လောက၏သဘော (The Nature of The World)


ရပ်နီးရပ်ဝေးက မြင်ဖူး၊ မမြင်ဖူးတဲ့ ညီအကို၊ မောင်နှမ၊ သူငယ်ချင်းများအတွက်..
၁၃၆၉ ခုနှစ်၊ တော်သလင်းလပြည့် ဗုဒ္ဓဟူးနေ့ က နာကြားခဲ့တဲ့ တရားတော်တစ်ပုဒ်ကို ဝေမျှလိုက်ပါတယ် ..
သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့
လောက၏သဘော” တရားတော်ပါ...အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...
ဖတ်ရှု နာယူကြည့်ကြပါ သူငယ်ချင်းများ...

The Nature of The World
သတ္တ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟူ၍လောက သုံးမျိုးရှိသည်...
လောက၏ အဓိပ္ပါယ် = ပျက်စီးခြင်း
လောကုတ္တရာ၏ အဓိပ္ပါယ် = ပျက်စီးခြင်းမှ လွန်မြောက်ခြင်း အဆက်မပြတ်ပျက်စီးနေသော လောကကို လွန်မြောက်ခြင်း
ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မြတ်ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာပြီး
အနည်းဆုံးလေးခု - ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ - ကို လုပ်ပါ
ကောင်းမှုလေးမျိုး ဘာပဲလုပ်လုပ် ရည်ရွယ်ချက် မပျောက်စေနဲ့ ...
ဘာကို ရည်ရွယ်ရမလဲဆိုတော့ လောကုတ္တရာကို ရည်ရွယ်ရမယ်...
ပျက်စီးခြင်းကို လွန်မြောက်အောင် ရည်ရွယ်ရမယ်...
"ပျက်စီးနေတဲ့ သဘော ထပ်ခါ တလဲလဲပျက်စီးနေတာ နည်းမျိုးစုံနဲ့ ပျက်စီးနေတာ လောက"

စီးပွားရေးလောက - ပျက်စီးနေတယ်
ဘာသာရေးလောက လည်းပျက်စီးနေတယ်..
ဘာသာရေးခေါင်းဆောင်တွေဟာ တကယ်ရော ဘာသာရေး အဆုံးအမတွေအတိုင်း လိုက်နာကြသေးရဲ့လား..
ဘာသာရေးထဲမှာ ဘာသာရေးမဟုတ်တာတွေ ဘာတွေရောလုပ်နေလဲ..
တခြားဘာသာတွေရော လှမ်းကြည့်လိုက် ဘာတွေလုပ်နေကြပြီလဲ .. ပျက်စီးနေတယ်..

လောကရဲ့ သဘောမှာ ရယ်မောခြင်း ငိုကြွေးခြင်း၊ ဖန်တီးခြင်း ပျက်စီးခြင်းများ ပါရှိသည်...
နိဗ္ဗာန်မှာ ဖြစ်တာမရှိတဲ့ အတွက်ကြောင့် ပျက်တယ် ဆိုတာလည်း မရှိ... အဲဒါ လောကုတ္တရာ..

ရဟန္တာကြီးများသည် လူစည်ကားရာ နေရာကို ရှောင်ရှားကြသည်.. စည်ကားခြင်းကို ကြောက်ကြသည်..
ရဟန္တာအရှင်မြတ်ကြီးများ လူစည်ကးရာကို ရှောင်ကာ တောထဲသွားပြီး ဖလသမာပတ် ၀င်စားကြသည်..

ဖလသမာပတ်ဝင်စားပုံ
(ဆရာတော်၏ လေသံအတိုင်း ပြန်လည်ဖော်ပြပါမည်)
ရှေးဦးစွာ တင်ပလ္လင်ခွေထိုင်၊ ခြေဖျားက ဆံပင်ဖျား တလံမျှရှိတဲ့ ခန္ဓာကိုယ်ကို အနိစ္စရယ် ဒုက္ခရယ် အနတ္တရယ် သုံးချက်တင် ဆင်ခြင်တာ ၀ိပဿနာဥာဏ် ဆယ်တန်ဆုံးတယ်...
ဝိပဿနာဆင်ခြင်တာ ဥာဏ်ဆယ်ချက်ဆုံးတော့ မဂ်စိတ် မလာဘဲနဲ့
အရဟတ္တဖိုလ်စိတ်တွေချည်း တောက်လျှောက် တန်းလာတယ်..
ရောက်လာတဲ့ အရဟတ္တဖိုလ်စိတ်သည် နိဗ္ဗာန်ကို ကြည့်နေတယ်
အရှေ့က ၀ိပဿနာ ဥာဏ်ဆယ်ပါးက ခန္ဓာ... နောက်ပေါ်လာတဲ့ အရဟတ္တဖိုလ်စိတ်က နိဗ္ဗာန်
နောက်တစ်မျိုး ပြင်ပြောမယ်... ရှေ့က၀ိပဿနာ ဥာဏ်ဆယ်တန်က လောကကို ကြည့်တယ်
နောက်ဝင်လာတဲ့ အရဟတ္တဖိုလ်စိတ်က လောကုတ္တရာကို ကြည့်တယ်..
ရှေ့က၀ိပဿနာ ဥာဏ်ဆယ်ပါးက လောကသဘောကို ကြည့်တယ်..
ဘာတွေ့လဲဆိုတော့ ပျက်စီးတယ်၊ နှိပ်စက်တယ်၊ ဒုက္ခဖြစ်တယ်.. ဒါတွေတွေ့တယ်..
အရဟတ္တဖိုလ်စိတ် ၀င်လာပြီလည်းဆိုရော လောကကြီးကို လွန်ထွက်သွားပြီးတော့ နိဗ္ဗာန် - လောကုတ္တရာကိုကြည့်လိုက်တော့ ဖြစ်ခြင်းလည်းမရှိဘူး ပျက်ခြင်းလည်းမရှိဘူး..
ဝိပဿနာဥာဏ်ဆယ်ပါးဖြင့် ခန္ဓာကိုကြည့်တော့ (ခန္ဓာဆိုတာ လောကထဲမှာ) ဘာတွေ့လဲဆိုတော့
ပျက်စီးတာ နှိပ်စက်တာ ဖြစ်တာ စတဲ့ ဒုက္ခသစ္စာပိုင်းကို တွေ့တယ်
အဲဒါတွေကို လွန်ထွက်သွားပြီလည်းဆိုရော အရဟတ္တဖိုလ်စိတ် ၀င်လည်းလာရော
အရဟတ္တဖိုလ်စိတ်က ဘာကိုကြည့်လဲဆိုတော့ နိဗ္ဗာန်..
နိဗ္ဗာန်ဆိုတော့ ဖြစ်ခြင်းလည်းမရှိဘူး ပျက်ခြင်းလည်းမရှိဘူး ပကတိငြိမ်နေတယ် ငြိမ်းနေတယ် (Stability & Peace) လောကထဲမှာ အဲဒီနှစ်ခု မရှိဘူး၊ Stability & Peace မရှိဘူး
Stability & Peace = Happiness ဒါသေချာတယ်
Mentally, Physically - Peace နှစ်မျိုးရှိတယ်
Stability မှာလည်း Stability of Mind, Stability of Life စသည်ဖြင့် ရှိတယ်
ရဟန္တာကြီးတွေက လွတ်မြောက်တဲ့ အရသာ၊ ၀ိမုတ္တိသုခကို ခံစားပြီး လူတွေကို ရှောင်ကြတယ်

မာရ်နတ်ဆိုတာ နတ်ပြည်ခြောက်ထပ်မှာ ထိပ်ဆုံးနတ်ပြည် "၀ဿဝတ္တီ"က နတ်သား
မာရ်နတ် ဘာကြောင့် နာမည်ကြီးလည်း ..
ကောင်းလွန်းလို့ နာမည်ကြီးတာ မဟုတ်ဘူး... ဆိုးလွန်းလို့ နာမည်ကြီးတာ..
နာမည်ကြီးရင်ပြီးရော လျှောက်မလုပ်ကြနဲ့..

မြတ်ဗုဒ္ဓ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးတော်မူနေစဉ်တွင်
အနုရုဒ္ဒါ ရဟန္တာအရှင်မြတ်၏ ညီမ "ဥပစာလာ" အမည်ရှိ ရဟန္တာမတစ်ပါးရှိတယ်...
တနေ့မှာ မာရ်နတ်က လျှောက်သွားရင်း ဖလသမာပတ်ဝင်စားနေတဲ့ "ဥပစာလာ" ရဟန္တာမဆီကို ရောက်လာတယ်...
လှပတဲ့ ဥပစာလာ ထေရီဆီကို မာရ်နတ်က ကပ်ပြီး နတ်ပြည်ခြောက်ထပ်ရဲ့ စည်းစိမ်တွေနဲ့ စည်းရုံးတယ်...

(ဒေါ်လာ မော်တော်ကား အလုပ် ရာထူး ပရိုမိုးရှင်းတွေနဲ့ ဖြားယောင်းတာတွေ မပါသေးဘူး..
ဖြားယောင်းတိုင်း ပါမသွားဖို့ Stability of the Mind အရေးကြီးတယ်၊ စိတ်ဓါတ်ကြံ့ခိုင်ဖို့ အရေးကြီးတယ်..)

တုန်လှုပ်နေတဲ့ သိကြားမင်းနဲ့ ချစ်သူကို စောင်းတီးအလှဖွဲ့တဲ့ ပဉ္စသိင်္ခ နတ်သား
တဏှာကြောင့် ဝေဒနာဖြစ် <=> ဝေဒနာကြောင့် တဏှာဖြစ်
တဏှာရှိရင် တုန်လှုပ်ခြင်းကို ဖြစ်စေတဲ့ အင်အားတွေရှိနေမယ်

ဘ၀ဆိုတာ သဲကမ်းပါးပေါ်မှာ အိမ်ဆောက်ပြီးနေကြတဲ့ သူတွေလိုပဲ အားလုံးတုန်လှုပ်နေတယ်..
လူ့ပြည် နတ်ပြည် အားလုံး တုန်လှုပ်နေတယ်
ဘ၀တည်ငြိမ်မှုအတွက် အားထုတ်ကြရမယ်
ဘ၀ တည်ငြိမ်မှု မှာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်း နှစ်မျိုး ရှိတယ် စိတ်ပိုင်းတည်ငြိမ်မှု ပိုအရေးကြီးတယ်
စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု အတွက်
စိတ်ကို လှုပ်ရှားစေတဲ့ အဓိက အကြောင်းရင်းဖြစ်တဲ့ "တဏှာ"ကို ဖယ်ထုတ်ပြီး
ငြိမ်းအေးစေတဲ့ စွမ်းအားရှိတဲ့ "ဓမ္မ" ကို အစားထိုး နိုင်ရမယ်

လောကကြီးတစ်ခုလုံး
အတွင်းလှိုက် လောင်ကျွမ်းနေတယ်၊ အပြင်ဘက်မှာလည်း တဟုန်းဟုန်းလောင်နေတယ်
စီးပွားရေးလောက၊ လူ့လောက၊ နတ်လောက အားလုံး လောင်ကျွမ်းနေတယ်
၁.တုန်လှုပ်နေတယ် (နှလုံးသားတွေ တုန်လှုပ်နေတယ်)
၂.အတွင်းမှာ တလှိုက်လှိုက်လောင်နေတယ် (ကိလေသာမီးတွေ)
၃.အတွင်းမှာ လောင်တာ မထိန်းနိုင်တော့ အပြင်ထွက်လောင်တယ် (ကိလေသာမီး)
၎.အတွေးနယ်ချဲ့ပြီး အခိုးတွေ ထနေတယ် (စိတ်ထဲမှာ တွေး တွေးပြီးပူနေတယ်၊ စီးပွားဥစ္စာ အစရှိတဲ့ ကာမဂုဏ်နဲ့ ဆိုင်တဲ့ အတွေး၊ စိတ်ညစ်ခြင်းနဲ့ ဆိုင်တဲ့ အတွေး၊ သူတပါးကို သတ်ဖြတ် နှိပ်စက်ဖို့နဲ့ ဆိုင်တဲ့အတွေး)
နိဗ္ဗာန် မှာ -
အတွင်းလည်းငြိမ်း အပြင်လည်းငြိမ်း
တုန်လှုပ်ခြင်းလည်းမ၇ှိ ၊ အခိုးထခြင်းလည်းမရှိ


ဘ၀တည်ငြိမ်မှုကို အပြည့်အ၀ တည်ဆောက်နိုင်ကြပါစေ
ဘာစည်းစိမ်တွေနဲ့ပဲ ဖြားယောင်းဖြားယောင်း မတုန်လှုပ်ပါစေနဲ့...

-"လောက၏သဘော" တရားတော် - ရယူနာကြားနိုင်ရန်
သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော်အကျိုးကို တတ်အားသမျှ သယ်ပိုး ထမ်းရွက်သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် ....

Sep 18, 2007

ကုသိုလ်ဆိုတာ ဘာလဲ


ဒီနေ့ဟာ - မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ တော်သလင်းလဆန်းရှစ်ရက် ၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်...
ဒီလို ဥပုသ်နေ့ တစ်နေ့မှာ ရပ်နီးရပ်ဝေးက မြင်ဖူး၊ မမြင်ဖူးတဲ့ သူငယ်ချင်းတွေ အတွက် နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...
သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့
ကုသိုလ်ဆိုတာ ဘာလဲ” တရားတော်ပါ...အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...
ဖတ်ရှု နာယူကြည့်ကြပါ သူငယ်ချင်းများ...

တရားတော်မှ ထုတ်နှုတ်ဖော်ပြချက် အချို့

ကုသိုလ်ဆိုတာ ဘာလဲ

လက္ခဏာ (၂) ချက်
အပြစ်ကင်းတဲ့ လက္ခဏာ ချမ်းသာတဲ့ အကျိုးပေးကို ပေးတတ်တဲ့ လက္ခဏာ ရှိသည်...

သတ္တိ (၂) ချက်
အကုသိုလ်တရားတွေ ယုတ်မာတဲ့ သဘောတွေကို ဖျက်ဆီးပစ်တတ်တဲ့ သတ္တိရှိသည်...
(ကုသိုလ်ရကြောင်း ထင်ထင်ရှားရှား ဘယ်လို ပြနိုင်သလဲ)
ကုလိုလ်ရတယ်ဆိုတဲ့ သူရဲ့ အသွင်မှာ ဖြူစင်တဲ့ သဘော လက္ခဏာတွေ ထင်ထင်ရှားရှားပေါ်လာသည်
ကိုယ် နှုတ် စိတ် အမူအရာများ ဖြူစင်လာသည်..
ကုလိုလ်ဘာကြောင့်ဖြစ်သလဲ - ယောနိသော မနသိကာရကြောင့်ဖြစ်သည်

အပြစ်ကင်းခြင်း
အကုသိုလ်တရားတွေကို သိမ်းကျုံးပြီး အပြစ်ဟုခေါ်သည်
လောဘ ဒေါသ နှင့် မစ္ဆရိယ ဟုခေါ်သော စေတသိတ် သုံးမျိုးမှာ အလွန်အပြစ်ကြီးစေသည့် အရာများဖြစ်သည်။ လိုချင်နှစ်သက်မှုကို အကြောင်းပြု၍ ရှာဖွေကြရသည်။ စား၊၀တ်၊နေဖို့ ရှာကြရသည်။ ရှာစဉ်ကတည်းက တဏှာအခြေခံ၍ ရှာကြသည်...
လိုချင်တာရတော့ ၀မ်းသာကြသည်။ တဏှာဖြင့် ၀မ်းသာကြသည်။
ရလာသော အရာများအပေါ် အခြေခံကာ ဘယ်နေရာတွင် ဘယ်လောက်သုံးမလဲ စသည်ဖြင့် ၀ိတက်ဖြင့် ဆုံးဖြတ်ချက် ချသည်... ရလာတဲ့ ပစ္စည်းများသည် ငါပိုင်တာတွေ ဖြစ်သည်ဟု တဏှာလောဘဖြင့် ဆုံးဖြတ်ချက်ချသည်
ငါပိုင်တာ တွေဟာ ဘယ်တော့မှ မပျက်စီးတော့ဘူး ဟု ဒိဌိဖြင့် ဆုံးဖြတ်ချက်ချသည်။ ရလာတဲ့ အရာတွေကို အာရုံငါးပါး အတွက် ဘယ်လို အသုံးပြုမည် စသည်ဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ကြသည်။ ထိုအချိန်တွင် ၄င်းပစ္စည်းများ အပေါ် ပိုမို ပြင်းထန်စွာ စွဲလန်း တပ်မက်လာပြီး တပါးသူတွေကို မပေးနိုင်ဟု ဒေါသနဲ့ တွဲနေသော မစ္ဆရိယစိတ်များ ပေါ်လာသည်။ သူတပါး အတွက် မဟုတ်ဘူး ငါ့အတွက်သာ ဖြစ်သည်။ တခြားသူအတွက် ရှာထားတာ မဟုတ်ဘူးဟု မစ္ဆရိယနှင့် ဒေါသ ၀င်လာသည်...
ဒီလို တွေးမိတာနဲ့ ဆင်းရဲတော့သည်...
ဒါဟာ အကုသိုလ်ရဲ့ သဘောဖြစ်သည်...

မိမိမှာ ရှိတဲ့ အရာတွေကို သူများကို မပေးနိုင် ဆိုတဲ့ အတွေးဝင်တာနဲ့ မစ္ဆရိယစိတ်ဝင်လာပြီး ဒေါသနဲ့ ဆင်းရဲကျန်ရစ်သည်.. ဆင်းရဲခြင်းကို သဒ္ဒါတရားနဲ့ စေတနာ နှစ်ပါးက ဖယ်ရှားပေးနိုင်သည် ရတနာသုံးပါး တို့၏ ဂုဏ်သတ္တိကို ယုံကြည်ခြင်းကြောင့် လောဘ ဒေါသ မစ္ဆရိယ စိတ်များ ကင်းဝေးသွားသည်...

မြတ်ဗုဒ္ဓ၏ ကရုဏာတော်
သံသရာတွင် အကျိုးမဲ့ ဖြစ်မည်ကို မြင်လျှင် ဗုဒ္ဓက တားဆီးပေးသည်
ကောင်းကျိုးစီးပွား ဖြစ်မည်ကို မြင်လျှင် ဗုဒ္ဓက ညွှန်ကြားပေးသည်
ဗုဒ္ဓ၏ ဤဂုဏ်ကျေးဇူးကို ယုံခြင်းကြောင့် မိမိတို့၏ စိတ်နှလုံးတွင် ကြည်လင်လာသည့် သဘောရှိခြင်းကို သဒ္ဒါ ဟုခေါ်သည်...

တရားတော်၏ သတ္တိ
တရားတော်များသည် လူသားတို့ကို ဘ၀ ကန္တာရ အခက်အခဲမှ ကယ်တင်တတ်သည်.. အလွန်ပင်ပန်း ဆင်းရဲနေချိန်တွင် သက်သာမှု ပေးနိုင်သည်.. ရေမရှိသည့် သဲကန္တာရတွင် ပင်ပန်းဆင်းရဲစွာ ခရီးသွားနေသူကဲ့သို့၊ ဘ၀၏ ၀န်ထုတ်ဝန်ပိုး များဖြင့် (၁၁)ပါးသောမီးများ လောင်ကျွမ်းကာ သံသရာခရီးသွားနေသည့် လူသားတို့ကို ၀န်ပေါ့အောင် ကယ်တင် ပေးနိုင်သည် သက်သာမှုပေးနိုင်သည်... ထိုသတ္တိထူးနှစ်ပါး မိမိတို့နှလုံးသားအတွင်း ရောက်အောင်သွင်းနိုင်သည်နှင့် စိတ်နှလုံးမှာ ကြည်လင်လာသည်

သံဃာတော်၏ ဂုဏ်သတ္တိ
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ တပည့်သားများဖြစ်သော သံဃာတော်များသည် သံသရာမှ
လွတ်မြောက်အောင် ကျင့်နေကြသည် အားထုတ်နေကြသည်၊ ထိုသို့သော ပုဂ္ဂိုလ်များကို လှူဒါန်းရခြင်းသည် ကြီးမားသော အကျိုးရှိသည်ဟု ယုံကြည်ချက် မိမိတို့ နှလုံးသားထဲရောက်သည်နှင့် တပြိုင်နက် အေးချမ်းလာလိမ့်မည်

ဗုဒ္ဓ ဓမ္မ သံဃာ ရတနာသုံးပါးဂုဏ်သတ္တိများ အပေါ်အာရုံပြု၍ အလှုအတန်းပြုပါ
ကံသာလျှင်ကိုယ်ပိုင် ဥစ္စာဟူသော ယုံကြည်ချက်ရှိပါ
သဒ္ဒါနဲ့ စေတနာတွဲလာသည်နှင့် သံသရာမှာ ဖြစ်လာမည့် အပါယ်လေးပါး စသည့် မကောင်းကျိုးတွေကို ဖျက်ဆီးပေးသည် .. လူနတ် နိဗ္ဗာန် စသည့် ကောင်းကျိုးများဖြစ်ထွန်းစေသည်..

သာသနာတော်တွင်
လှူမည်ဟု ကြံတိုင်း ကြံတိုင်းဖြစ်သော မနောကံစေတနာ
လှူမည်ဟု တိုင်ပင်ဆွေးနွေးတိုင်းဖြစ်လာသော ၀စီကံစေတနာ
တကယ်လှူသည့်အခါ လုပ်တိုင်းလုပ်တိုင်း ဖြစ်လာသော ကာယကံစေတနာ
ဤစေတနာတို့သည် ကြည်လင်နေသော သဒ္ဒါနှင့် တွဲမိသည်နှင့် မကောင်းကျိုးများကို ဖျက်ဆီးပေးသည်
သဒ္ဒါနှင့် စေတနာသည် အလှူရှင် အစစ်ဖြစ်သည် ငါလှူတာမဟုတ်ဟု ပုဂ္ဂိုလ် သတ္တ၀ါနှင့် သဒ္ဒါစေတနာဟူသော ပရမတ္ထတရားများ ခွဲခြားသိမြင်ပါ..
ပစ္စည်းကို ငါပိုင်အဖြစ်နဲ့ မသိမ်းပါနှင့် သေလျှင်ထားခဲ့ရမည်
စွဲလန်းစိတ်ဖြင့်သေလျှင် သံသရာမှာ ဆင်းရဲဒုက္ခရောက်မည်
စေတနာ (ကံ)ကိုသာ မိမိအပိုင်ဟု ယုံကြည်လျှင် တဏှာနှင့် ဒိဌိ မကပ်နိုင်
ဤကုသိုလ် စေတနာသာလျှင် သံသရာတွင်မိမိနောက်မှ ပါလာမည်


ဘယ်လိုလှူမလဲ
ဒိဌိမပါရ
(သဒ္ဒါနှင့် စေတနာစသည့်ပရမတ္ထတရားများသည် အလှူရှင် အစစ်ဖြစ်သည် ငါလှူတာမဟုတ် ဟူသော မှန်ကန်သည့် အသိအမြင်လိုအပ်သည်)
သီလနှင့် ပြည့်စုံရမည်
သီလမပြည့်စုံလျှင် အလှူပစ္စည်း မသန့်ရှင်းဘဲ ဖြစ်တတ်သည်.. လှူမည်ဟု ဆုံးဖြတ်လိုက်သည်နှင့် သီလလုံအောင်ထားပြီး ရှာဖွေစုဆောင်းပါ..
ဥာဏ်ယှဉ်ထားရမည်
ဤအလှူကြောင့် ကာမဂုဏ်စည်းစိမ် စသည့်အရာများ ရရှိခံစားလိုသည် ... အစရှိသည့် တဏှာမပါစေနှင့်
သီလနည်းလျှင် လူချမ်းသာပေမယ့် ရန်သူမျိုးငါးပါးဘေးတွေ့ရတတ်သည်
ပါဏာတိပါတကံကျုးလွန်လျှင် အသက်တိုသည် အင်္ဂါချို့တဲ့တတ်သည်
သူတပါးကို နှိပ်စက်တတ်သူ ရောဂါထူသည် ...

ပစ္စည်းချမ်းသာသည် အသက်မရှည် (ဒါန + ပါဏာတိပါတရှိ)
ပစ္စည်းချမ်းသာသည် အသက်ရှည် အနာရောဂါများသည် (ဒါန + ပါဏာတိပါတမရှိ + ညှင်းပန်းနှိပ်စက်တတ်ခြင်းကြောင့်)
ပစ္စည်းချမ်းသာသည် အသက်ရှည်သည် (ဒါန + ပါဏာတိပါတမရှိ)
ပစ္စည်းချမ်းသာသည် အသက်ရှည် အနာရောဂါကင်းသည် (ဒါန + ပါဏာတိပါတမရှိ + ညှင်းပန်းနှိပ်စက်တတ်ခြင်းမရှိ)
ပစ္စည်းချမ်းသာသည် ရောဂါများ (ဒါနရှိ + ညှင်းပန်းနှိပ်စက်တတ်)
ပစ္စည်းမချမ်းသာ အသက်မရှည် ရောဂါထူ (ဒါနမရှိ + သူ့အသက်သတ် + ညှင်းပန်းနှိပ်စက်တတ်)

သူတပါးကို သတ်သူသည် အသက်တိုသည်...
သူတပါးကို နှိပ်စက်တတ်သူ သတ်သူ အသက်တိုပြီး ရောဂါထူသည်...
မတရားခိုးယူလာသော ပစ္စည်းများနှင့် အလှူပြုသော အခါ
ချမ်းသာသော်လည်း ရန်သူမျိုးငါးပါးကြောင့် ပျက်စီးရတတ်သည်...
သီလပျက်လျှင်... စိတ်မသက်သာမှူတွေဖြစ်သည်
စိတ်မသက်သာမှုတွေများလာလျှင်... စိတ်မငြိမ်းချမ်း...
စိတ်မငြိမ်းချမ်းလျှင်... ပီတိမဖြစ်...
ပီတိမဖြစ်လျှင်... သုခမဖြစ်...
သုခမဖြစ်လျှင်... သမာဓိမဖြစ်နိုင်...
သမာဓိမဖြစ်လျှင်... ယထာဘူတဥာဏ်မရနိုင်..
ယထာဘူတဥာဏ်မရလျှင်... နိဗ္ဗိန္တဥာဏ် မရနိုင်...
နိဗ္ဗိန္တဥာဏ် မရလျှင်... ၀ိရာဂမဖြစ်...
ဝိရာဂမဖြစ်လျှင် ... ၀ိမုတ္တိမဖြစ်တော့...
သီလသည် လောကီနှင့် လောကုတ္တရာ နှစ်ဖြာအတွက် ကြီးပွားကြောင်းတရား ဖြစ်သည်။
ထို့ကြောင့်
အလှူခံပုဂ္ဂိုလ်၏ သီလကောင်းမွန်မှု၊ အလှူပစ္စည်း၏ သန့်ရှင်းမှု၊
အလှူရှင်၏ အစ အလယ် အဆုံး ၊မလှူမှီ အလှူပြုစဉ်နှင့် လှူပြီး စေတနာများကောင်းမွန်မှု၊
အလှူ့ရှင်၏ ကံနှင့် ကံ၏အကျိုးတရားအပေါ်ယုံကြည်မှု
အစရှိသည့် ၀ိသုဒ္ဓိလေးပါးနှင့် ပြည့်စုံနေလျှင် အလွန်တရာကြီးကျယ်သော အကျိုးတရားများ ရနိုင်သည်

ရလာသော အကျိုးများတွင်
ကာမဂုဏ်စည်းစိမ်များကို လိုချင်တဲ့ စိတ်တွေ မပါစေနဲ့
ဒါမှ တဏှာကင်းသွားမည်
ဒုက္ခအားလုံးတို့၏ အကြောင်းရင်း တဏှာလောဘကို ပယ်ဖျောက်နိုင်မှသာလျှင်
ဒုက္ခအစုအပုံအတွင်းသို့ နောက်တစ်ကြိမ် မရောက်နိုင်တော့...

အခုဖော်ပြထားတာ တွေက တချို့တ၀က်မျှသာ ဖြစ်ပါတယ် ..
ဆရာတော် ဟောကြားထားတာက အများကြီး ပြည့်စုံပါတယ်...

ဖော်ပြထားတာတွေမှာ တစ်ခုခု အမှားအယွင်းများ ပါရှိခဲ့ရင် ကျွန်တော့်ဘက်က ချွတ်ယွင်းချက်သာ ဖြစ်ပါတယ်...
အမှတ်မလွဲရအောင် ဖတ်ပြီးသွားရင် တရားတော်ကို ရယူနာကြား စေချင်ပါတယ်...

-"ကုသိုလ်ဆိုတာ ဘာလဲ" တရားတော် - ရယူနာကြားနိုင်ရန်
သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော်အကျိုးကို တတ်အားသမျှ သယ်ပိုး ထမ်းရွက်သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် ....

Sep 10, 2007

မေတ္တာတရား


ဒီနေ့ဟာ - မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ ၀ါခေါင်လကွယ်နေ့၊ အင်္ဂါနေ့ ဖြစ်ပါတယ်...
ဒီလို ဥပုသ်နေ့ တစ်နေ့မှာ ရပ်နီးရပ်ဝေးက မြင်ဖူး၊ မမြင်ဖူးတဲ့
သူငယ်ချင်းတွေ အတွက် နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...
သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့
မေတ္တာတရား” တရားတော်ပါ...အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...
ဖတ်ရှု နာယူကြည့်ကြပါ သူငယ်ချင်းများ...

တရားတော်မှ ထုတ်နှုတ်ဖော်ပြချက် အချို့
မေတ္တာဆိုတာ ချစ်တယ်ဆိုတာနဲ့ မတူပါ...
မေတ္တာဆိုတာ ဘယ်လိုစိတ်ထားမျိုးလဲ...
မြင်ဖူးသူ၊မမြင်ဖူးသူ ချစ်သူ၊မုန်းသူ ဝေးသူ၊နီးသူ သွေးစပ်သူ၊သွေးမစပ်သူ စသည်ဖြင့် အပိုင်းအခြား အကန့်အသတ်မရှိ ကောင်းကျိုး ဖြစ်စေလိုသော သဘောရှိတာ မေတ္တာ.. ကိုယ်တိုင် လွယ်မွေးခဲ့ ရတဲ့ သားတစ်ယောက်ပဲ ရှိတဲ့ မိခင်တစ်ဦးက ကိုယ့်အသက်ကိုယ်ပင် စွန့်လွှတ်၍ ထိုသားကို ကာကွယ် စောင့်ရှောက်သကဲ့သို့ သတ္တ၀ါ အနန္တရဲ့ အပေါ်မှာ သန့်ရှင်းသော၊ အပိုင်းအခြား အကန့်အသတ်မရှိ ကောင်းကျိုး ဖြစ်စေချင်သော၊ မိခင်စိတ်နှင့်တူလှစွာသော စိတ်မျိုးကိုထားခြင်း .... တဏှာရာဂမပါသော၊ သန့်သန့်ရှင်းရှင်း ချစ်သော၊ မိမိအတွက် မျှော်လင့်ချက်မထားသော၊ သားသမီးအပေါ် အပိုင်းအခြား အကန့်အသတ်မရှိ ကောင်းကျိုးဖြစ်စေလိုသော စိတ်ထားမျိုးများ... ထားရှိခြင်း

မာတုပုရ လောဟိတ
ရင်သွေးဆိုတာ မိခင်ရဲ့ ရင်မှဖြစ်တဲ့ သွေးနီနီတွေဟာ မိခင်ရဲ့ ကြီးမားတဲ့ မေတ္တာဓါတ် အစွမ်းကြောင့် ပကတိဖြူစင် သန့်ရှင်းတဲ့ နို့ရည်အဖြစ် သောက်သုံးခွင့်ရတဲ့သူ ၊မိခင်ရဲ့ နီရဲတဲ့ သွေးကနေ ဖြူစင်တဲ့ မေတ္တာကြောင့် အနီရောင်ကနေ အဖြူရောင်သာဖြစ်၊ မိခင်ရဲ့ မေတ္တာဓါတ်ကို နေ့တိုင်းနေ့တိုင်း သောက်သုံးခွင့်ရတဲ့ ကလေးဖြစ်လို့ အရှေ့တိုင်းမှာ သေတဲ့ အထိခွဲလို့ မရတဲ့ မိသားစုစိတ်ဓါတ် ပေါ်ထွန်းလာတာ...

လူနို့သောက်တဲ့ အကျင့်ကနေ တိရိစ္ဆာန်နို့ပြောင်းတိုက်တဲ့ ခေတ်ဖြစ်လာတာ စိုးရိမ်စရာ၊စိတ်ဓါတ်နဲ့ အကျင့်တွေ ပြောင်းသွားနိုင်၊ သားသမီး ၀တ္တရား (၅)ပါး၊ မိဘ ၀တ္တရား (၅)ပါး စတဲ့ အပြန်အလှန် ဆောင်ရွက်ရတဲ့ အလေ့အထတွေ ကျင့်ဝတ်တွေ ပျောက်သွား ... မွေးကတဲက တိရိစ္ဆာန်နို့ သောက်လာခဲ့တဲ့သူတွေ မိခင်မေတ္တာ မရလို့ ရိုင်းစိုင်းလာတာ မဆန်းပါ ...

ကြမ်းတမ်းတဲ့ အလေ့အထတွေကို မေတ္တာနဲ့သာ ပျောက်အောင် လုပ်နိုင်တယ်...
မေတ္တာပွားခြင်းအားဖြင့် နူးညံ့၊ ရိုးသား၊ ဖြောင့်မတ်၊ လောဘကင်းလာ၊ စိတ်ဓါတ်ရဲ့ အရည်အသွေးတွေ တိုးတက်လာမယ်..

မေတ္တာ ဘာဝနာ
မေတ္တာဆိုတာ တစ်ဦးတည်းသော သားရှိတဲ့ မိခင်စိတ်မျိုး၊ ကိုယ့်အတွက် ဘာမျှော်လင့်ချက်မှ မထားဘဲ သူ့အတွက် ကောင်းကျိုးဖြစ်စေချင်တဲ့ စိတ်ကို အပိုင်းအခြား အကန့်အသတ်မရှိ ကိုယ့်ရင်ထဲမှာ နာနာမွေးတာဟာ မေတ္တာ ဘာဝနာဖြစ်ပါတယ်...
မည်သည့် အကြောင်းကြောင့်နဲ့မှ စိတ်မဆိုးတာ မေတ္တာစိတ်.. အဒေါသ (ဒေါသရဲ့ဆန့်ကျင်ဘက်)
မေတ္တာ ပွားတယ်ဆိုတာ ဒေါသကို ဖယ်ရှားတာ
ပထမအဆင့် ဒေါသမထွက်အောင် ထိန်းထား
ဒုတိယအဆင့် ရင်ထဲကနေ အပြင်ထွက်မလာအောင် နှိပ်ကွပ်ထား
နောက်ဆုံးမှာ ဒေါသကို ကိုယ့်ရင်ထဲက ဖယ်ထုတ်လိုက်

မေတ္တာပွားတဲ့ နည်း
သတ္တ၀ါအားလုံး ချမ်းသာပါစေ - ဒီလိုစတင်ပါတယ်

ကိုယ်က ချမ်းသာပါစေလို ပြောတိုင်း တခြားသူ ချမ်းသာမှာလား ...
ကိုယ့်မှာ ဒေါသထွက်နေရင် အနီးနားကလူ စိတ်မချမ်းသာတာ သေချာတယ် ...
ကိုယ့်မှာ ဒေါသငြိမ်းနေရင် ကိုယ်နဲ့ ဆက်ဆံနေရသူတွေက ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆက်ဆံချင်တဲ့ စိတ်တွေ ပေါ်လာတယ်...
ဒါဟာ ကိုယ့် ပတ်ဝန်းကျင် ချမ်းသာတာပဲ
ကိုယ့်ပတ်ဝန်းကျင် ချမ်းသာတာကို တဖြည်းဖြည်းချဲ့သွားကြည့်လိုက်ပါ .... ဒါ မေတ္တာပွားတာပါပဲ..

မေတ္တာအကျိုး
သူတပါးချမ်းသာအောင် မေတ္တာပွားတဲ့အခါ တကယ်အကျိုး ချက်ချင်းခံစားရသူက မေတ္တာပွားသူ
ချက်ချင်းစိတ်ချမ်းသာရတယ်
ဒေါသဟာ စိတ်ကို ဒုက္ခပေးနေတဲ့ ရောဂါ..
ဒေါသတည်းဟူသော ရောဂါကို
၁). ထိန်းထားရမယ်
၂). အပြင်ထွက်မလာအောင် ဖိနှိပ်ထားရမယ်
သီးခံခြင်းတရားနဲ့ မေတ္တာတရားတို့ဟာ ဗုဒ္ဓဖြစ်ကြောင်း တရား ပါရမီဆယ်ပါးမှာ ပါဝင်တယ်

ဒေါသကြီးသူ
ဒေါသကြီးသူတွေဟာ
သူတပါးဒုက္ခရောက်မှ ကြေနပ်ကြတယ် သူတပါး ဒုက္ခရောက်အောင်လည်း မရောက် ရောက်အောင်လုပ်တယ်

ဒေ၀ဒတ်နဲ့ သူ့ဖခင် အခုထိ အ၀ီစိမှာရှိနေသေးတယ်
ပထမသင်္ဂါယနာတင်ခဲ့တဲ့ သာသနာ့ ဒါယကာ အဇာတသတ်မင်း အခုထိ လောဟဂုမ္ဘီငရဲမှာ ရှိနေသေးတယ်
အဇာတသတ်ဟာ သောတာပန် ဖြစ်လုဆဲဆဲမှာ အပေါင်းအသင်း (Association) မကောင်း၊ ပတ်ဝန်းကျင် (Environment) မကောင်းတဲ့ အတွက် နိဗ္ဗာန်တံခါးကို မခေါက်နိုင်ခဲ့ဘူး မြတ်စွာဘုရား ဆီကို တရားနာ တစ်ခေါက် ရောက်ရဖို့ အရေး ဒိဌိဆရာတွေဆီကို ခြောက်ခေါက် ခေါ်သွားတာကို ခံခဲ့ရတယ် ဘ၀လမ်းကြောင်း ဖြောင့်ဖြူးဖို့ အတွက် အပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်ဟာ သိပ်အရေးကြီးတယ်

လောကမှာ အကောင်းဟာနည်းတယ်
အနှစ်ရှိတဲ့သူကို အနှစ်တွေပဲ ၀ိုင်းရံတာ
အနှစ်ရှိတဲ့သူကို နေရာမှာ အကာတွေပဲ ၀ိုင်းရံတာ
အကာရှိတဲ့ နေရာမှာ အနှစ်တွေပဲ ၀ိုင်းရံတာ
အကာရှိတဲ့ နေရာမှာ အကာတွေပဲ ၀ိုင်းရံတာ ဆိုပြီး ပရိသတ် လေးမျိုးရှိတယ်
ကိုယ်တိုင် အနှစ်မရှိတဲ့ အဇာတသတ်ဟာ အနှစ်မရှိသူတွေနဲ့ ပေါင်းမိပြီး အဖေကို သတ်မိတာပဲ

အလွန်ကောင်းတဲ့ သူတော်ကောင်းတွေကို တစ်ကျပ်သားလောက် မေတ္တာပို့ရင် အလွန်ဆိုးတဲ့ လူဆိုးတွေကို တစ်ပိဿာလောက် ပို့ပေးရမယ်.. ဒါမှ မျှတမှာဖြစ်တယ်..

မြင့်မြတ်သော နေထိုင်ခြင်း
အပိုင်းအခြားမရှိတဲ့ မိခင်စိတ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် မေတ္တာပို့ပါ..
အိပ်ယာဝင် အိပ်ယာထချိန်လေးလောက် ပို့တာမျိုးမလုပ်ပါနဲ့
မေတ္တာပို့တဲ့ အခါမှာ- ရပ်နေတဲ့ အခါ၊ ထိုင်နေတဲ့ အခါ၊ သွားနေတဲ့ အခါ၊ လှဲနေတဲ့ အခါ လေးမျိုးလုံးမှာ မေတ္တာပွားနေခြင်းကို ဗြဟ္မာဝိဟာရ မြင့်မြတ်သော နေထိုင်ခြင်းလို့ ခေါ်တယ်..
မွန်မွန်မြတ်မြတ် နေထိုင်ခြင်းဖြစ်တယ်
မေတ္တာပွားတယ်ဆိုတာ ဘီလူးသရဲတွေကို နှင်ထုတ်ဖို့ မဟုတ်
ဘီလူးသရဲတွေထက် အလွန်ဆိုးသော မိမိရဲ့ဒေါသကို နှင်ထုတ်ဖို့ဖြစ်တယ်
ဒေါသစိတ်နဲ့ သွားနေသမျှ ကာလပတ်လုံး ရန်သူနဲ့ ခရီးသွားနေတာပဲ ဖြစ်တယ်
ရင်ထဲမှာ ရှိနေတဲ့ ဒေါသသည် မိမိရဲ့ အကြီးမားဆုံးသော ရန်သူ

မေတ္တာတရားထွန်းကားစေဖို့
ဒေါသမျက်လုံးက အပေါ်ယံ မကောင်းတာလောက်ကိုပဲ မြင်တတ်တယ်
ဒေါသမပါသော မျက်လုံးက အပေါ်ယံအောက်က အကောင်းကို ရှာဖွေကြည့်မြင်တတ်တယ်
အကောင်းမြင်စိတ် နဲ့ မကောင်းမြင်စိတ် ဒီလိုကွာခြားတယ်
မိမိဒေါသကို ဖယ်ရှားပြီး ကိုယ့်ပတ်ဝန်းကျင်က လူတွေကို အကောင်းမြင်တတ်ဖို့လိုတယ်
မကောင်းတာကို ဖယ်ကြည့်တတ်ဖို့ အထူးလိုအပ်တယ်
အဲဒါဆိုရင်အားလုံး စိတ်ချမ်းသာရမယ်...
ဒေါသလျော့သွားတာနဲ့ အကောင်းတွေချည်းပဲ မြင်လာမယ်..

အားလုံးကို အကောင်းတွေပဲရွေး မြင်တတ်အောင် ကြိုးစားနိုင်ကြမယ်ဆိုရင် မေတ္တာတရား ထွန်းကားလာမယ်
ကိုယ်တိုင်လည်း မကောင်းမှုဆိုရင် နည်းနည်းမှ မလုပ်ကြနဲ့
သတ္တ၀ါအားလုံးတွေ ကိုယ်ချမ်းသာကြပါစေ စိတ်ချမ်းသာကြပါစေ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ.. လို့ မေတ္တာပို့ရမယ်

ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်များစွာ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်ပြည့်ပါစေ၊ ဘယာဝေး၍ အေးပါစေ...
ဒီလိုပို့ရမယ်

တိုးတက်လာသော အရည်အသွေးများ
နေ့ရောညရော မပျင်းမရိ မေတ္တာပွားနေတဲ့သူဟာ
ဘ၀မှာ မကောင်းတာမှန်သမျှ မမြင်ရတော့ဘူး
မျက်စိအောက်မှာ အကောင်းတွေချည်းပဲ မြင်လာကြားလာ ရတော့တယ်

နှလုံးသား အတွင်းပိုင်း စိတ်မှာလည်း အရည်အချင်း (၁၄)ပါး တိုးတက်လာမယ်
၁) လူစွမ်းကောင်း ဖြစ်လာမယ်
၂) ဖြောင့်မတ်လာမယ်
၃) အလွန့်အလွန် ဖြောင့်မတ်လာမယ်
၎) ပြောရဆိုရတာ လွယ်လာတယ် - ဒေါသ သမားကို ပြောရခက်တယ်
၅) ဆက်သွယ်ရတာ လွယ်လာတယ် ကြည့်လိုက်တာနဲ့ မျက်နှာမှာ အပြုံး မြင်ရတယ် ခြိမ်းခြောက် ဟိန်းဟောက်နေတာမျိုး မရှိတော့
၆) နူးညံ့ သိမ်မွေ့လာတယ်
၇) မာန် မာန မရှိတော့
၈) ရောင့်ရဲ တင်းတိမ်သွားတယ် ပြုစုလုပ်ကျွေးရတာလည်း လွယ်လာတယ်
၉) သူ့အတွက် သူတပါးတို့ ဆောင်ရွက် တာဝန်ယူပေးရတဲ့ အရာ အရမ်းနည်းလာတယ်
ဒေါသ သမားကတော့ မရောင့်ရဲနိုင်လို့ သူ့အတွက် လုပ်ပေးရသူတွေ အရမ်းတာဝန်သင့်တယ်
၁၀) ကိုယ်ရော စိတ်ရော အမြဲပေါ့ပေါ့ပါးပါးရှိတယ်
ဒေါသ သမားက အမြဲစိတ်ထဲ လေးနေလိမ့်မယ်
၁၁) မျက်စိ နား နှာ ကိုယ်စိတ် အိန္ဒြရေ ရှိလာမယ်
၁၂) ရင့်ကျက်တဲ့ ပညာရှင်တစ်ယောက် ဖြစ်လာမယ် ဒေါသ သမားက ပညာတုံးလာမယ်
၁၃) ကိုယ်နှုတ်နှစ်ပါး တည်ငြိမ်လာမယ် ယဉ်ကျေးလာမယ်
၁၄) မေတ္တာသမားမှာ ချစ်သူကို ချစ်လို့ တွယ်တာခြင်း၊ မုန်းသူကို မုန်းလို့တွယ်တာခြင်း မေ့မရခြင်း မရှိတော့ဘူး

ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်များစွာ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်ပြည့်ပါစေ၊ ဘယာဝေး၍ အေးပါစေ...
အခု ဖော်ပြထားတာတွေက တချို့တ၀က်မျှသာ ဖြစ်ပါတယ် .. ဆရာတော် ဟောကြားထားတာက အများကြီးပြည့်စုံပါတယ်
ဖော်ပြထားတာတွေမှာ တစ်ခုခု အမှားအယွင်းများပါရှိခဲ့ရင် ကျွန်တော့်ဘက်က ချွတ်ယွင်းချက်သာ ဖြစ်ပါတယ်...
အမှတ်မလွဲရအောင် ဖတ်ပြီးသွားရင် တရားတော်ကို ရယူနာကြား စေချင်ပါတယ်

-"မေတ္တာတရား" တရားတော် - ရယူနာကြားနိုင်ရန်

သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော်အကျိုးကို တတ်အားသမျှ သယ်ပိုး ထမ်းရွက်သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် ....

လတ်လတ်ဆတ်ဆတ် အတွေးစများ

Sep 4, 2007

ဒုလ္လဘတရား ငါးပါး- 5 Difficult Things To Get


ဒီနေ့ဟာ - မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် (၈)ရက် ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်...
ဒီလို ဥပုသ်နေ့ တစ်နေ့မှာ ရပ်နီးရပ်ဝေးက မြင်ဖူး၊ မမြင်ဖူးတဲ့
သူငယ်ချင်းတွေ အတွက် နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...
သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့
ဒုလ္လဘတရား ငါးပါး” တရားတော်ပါ...အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...
ဖတ်ရှု နာယူကြည့်ကြပါ သူငယ်ချင်းများ...

တရားတော်မှ ထုတ်နှုတ်ဖော်ပြချက် အချို့

ဘုရားအဖြစ်ဟာ ရဖို့ခက်ခဲသည် ...
ဘုရားတစ်ဆူ ပွင့်ဖို့ အလွန်ခက်ခဲသည် ...
ဘုရားဖြစ်သည့် အကျင့်မျိုးကို ကျင့်ရန် အလွန်ခက်သည် ...
ဘုရားအဖြစ်ရဖို့ ခက်ခဲကြောင်း ဘုရားရှင်ကိုယ်တော်တိုင် အကြိမ်ကြိမ်ဟောကြားခဲ့သည်...

ဘုရားဖြစ်ချင်ကြောင်း စိတ်မှ ကြံစည်၍ လာခဲ့ရသည်က ၇ သင်္ချေ
ဘုရားဖြစ်ရပါလို၏ဟု နှုတ်မှ ဆုတောင်းလာခဲ့ရသည်က ၉ သင်္ချေ
ဗျာဒိတ်ရသည့်အချိန်မှစ၍ ဘုရားဖြစ်သည်အထိ ပါရမီဖြည့်ကျင့်ရသည်က ၄ သင်္ချေနှင့် ကမ္ဘာတစ်သိန်း
ဖြစ်ကြောင်း သီဟိုကျမ်းများ တွင်ဖော်ပြထားသည်...

ကောင်းမှုတွေကို သတ္တ၀ါတွေ ကြောက်တယ် ...
အငတ်ဘေးဘာကြောင့်ဆိုက်ရသလဲ-

  • လောဘကြောင့် (လောဘတကြီးရှာကြခြင်းကြောင့်) အငတ်ဘေးဆိုက်ရသည်..
  • မစ္ဆရိယကြောင့် (လောဘကြောင့် ရထားသော ပစ္စည်းများကို သူတပါးအား ဝေမပေးချင် ခြင်းကြောင့်) အငတ်ဘေးဆိုက်ရသည်..
  • အငတ်ဘေးကို ကြောက်ကြသော်လည်း အငတ်ဘေးဆိုက်ခြင်း၏ အကြောင်းရင်း ဖြစ်သော လောဘကို မသတ်နိုင်ကြ...
  • အငတ်ဘေးကြောက်သလို လောဘကို ပယ်ဖို့လည်းကြောက်နေကြသည် ...
  • လောဘကို တကယ်ပယ်ချင်ရင် တကယ် တရားအားထုတ်ကြ...
  • မစ္ဆရိယကို တကယ်ပယ်ချင်ရင် တကယ် တရားအားထုတ်ကြ...
  • လောဘတဏှာပယ်ဖို့ရန် ဒုက္ခသစ္စာကို မြင်အောင် ရှုမှတ်ပွားများ အားထုတ်ရသည်..
နာရုံသာနာ မရှုပွားသည့် ပုဂ္ဂိုလ်က လောကမှာ တကယ်များသည်...
ကြာကြာထိုင်ရမှာ ကြောက်ကြသည်..
အမြဲတမ်း ကမ္မဌာန်းထိုင်သူ ယောဂီမြို့တစ်မြို့မှာ ဘယ်နှစ်ယောက်ရှိသလဲ

သတ္တ၀ါတွေဟာ ရုပ်အဆင်းကြည်ညိုတဲ့ ပုဂ္ဂိုလ်က များသည်
အသံနဲ့ ဂုဏ်သတင်းကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်က များသည်
ခေါင်းခေါင်းပါးပါး ခြိုးခြိုးခြံခြံအကျင့်များကို ကျင့်တဲ့ ပုဂ္ဂိုလ်က များသည်
တရား တကယ်ကြည်ညိုတဲ့ ပုဂ္ဂိုလ်မှာ ရှိသမျှ သတ္တလောကကြီးကို အပုံတစ်သိန်းပုံလျှင် တစ်ပုံသာရှိသည်ဟု ဘုရားရှင် ဟောကြားခဲ့သည်...
သံသရာတွင် ချမ်းသာချင်လျှင် စွန့်လွှတ်ရမည်..
ဝတ္ထုပစ္စည်းများကို စွန့်ရမည်...
ကိလေသာများကို စွန့်ရမည်...
ကျင့်ရသော ရည်ရွယ်ချက်သုံးပါး...
မြင့်မြတ်သူ အထက်တန်းကျသူတို့၏ လုပ်ငန်းသည် ပါရမီ...
ပေးစွန့်ခြင်းသည် လောဘနှင့် မစ္ဆရိယကို စွန့်ခြင်းဖြစ်၍ ပါရမီ...
ဆန်တစ်တင်းပေးပါဆိုလျှင် ပေးနိုင်သည်...
လက်ညှိုးတစ်ချောင်း ပေးပါဆိုလျှင် မပေးနိုင်...
လက်ညှိုးနှင့် လက်မောင်း - လက်ညှိုးကိုပေးမည်...
ကိုယ်ခန္ဓာအတွင်းပိုင်းကျလေ စွန့်လွှတ်ဖို့ ခက်ခဲလေလေ...
  • ပညာလွန်ကဲသော ဘုရားလောင်းများ ၄ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်...
  • သဒ္ဒါလွန်ကဲသော ဘုရားလောင်းများ ၈ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်...
  • ၀ီရိယလွန်ကဲသော ဘုရားလောင်းများ ၁၆ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်...
သူတော်ကောင်း အလုပ်ဆိုတာ ပျော်နိုင်ခဲသည်...
ကောင်းမှုမှန်ရင် ချန်မထားနဲ့ ....
လက်လှမ်းမှီသမျှ ကောင်းမှုကို လုပ်ကြ (ဘုရားလောင်းများသာ တကယ်ပြုလုပ်နိုင်သည်)

ကြာကြာအားထုတ်၊ များများအားထုတ် ၊ မနေမနားအားထုတ်၊ လေးလေးစားစား အားထုတ်၊ ပျော်ပျော်ပါးပါး အားထုတ်ရမည် ပွားများရမည်...
ပျော်ပျော်ပါးပါး အလုပ်လုပ်ဖို့ အတော်ခက်သည်...
  • ဘုရားရှင်တို့သည်- စရိယ ၃ ပါး၊ စွန့်ခြင်းကြီး ၅ ပါး၊ ပါရမီ ၃၀၊ ဘာဝနာ ၅ ပါး တို့ကို ဘုရားရှင်တိုင်း ဖြည့်ကျင့်တော်မူခဲ့ ကြသည်...
  • ထို့ကြောင့် ဘုရားအဖြစ်ကိုရရန် ခက်ခဲသည်...
  • ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ်ဖြစ်ရန် ပိုခက်သည် ...
  • ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင်လူဖြစ်ရန် ပိုခက်သည် ...
  • ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင် သာသနာကို ကြည်ညိုသောလူ၊ မှီခိုခွင့်ရသူ ဖြစ်ရန် ပိုခက်သည် ...
  • ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင် သာသနာကို ကြည်ညိုသောလူ၊ မှီခိုတတ်သောသူ ဖြစ်ရန် ပိုခက်သည် ...
  • တချို့တွေက ကြည်ညိုသော်လည်း မမှီခိုတတ်၊ တချို့တွေက မှီခိုနေသော်လည်း မကြည်ညိုတတ်...
  • လုမ္ဗိနီကို မှီခို၍ အလုပ်ဖြစ်နေကြသော ဘာသာခြားများ၊ မှီခိုနေကြသော်လည်း မကြည်ညိုကြသူများ...
ကိုယ်တစ်ယောက်တည်း အားထုတ် လေ့ကျင့်နေရုံနဲ့ မပြီးတော့...
လှုတန်းနေကာမျှဖြင့် ဘာသာရေးဆိုတာ မပြည့်စုံနိုင်...

ဘုရားသာသနာတွင် ငရဲကျနေသော သူများသည် ဘုရားကို ကြည်ညို မှီခိုခွင့်မရ...
လူ့ငရဲ ရောက်နေသောသူများကား ကြည်ညိုသော်လည်း မှီခိုခွင့် မရကြ...
(ဥပမာ- ပြစ်မှုကျုးလွန်၍ အကျဉ်းကျနေသူများ)
ကြည်ညိုခွင့်လည်းမရ မှီခိုခွင့်လည်းမရတာက တကယ့် ငရဲသားတွေ...
လူအဖြစ်ရရန်ခက်သည်...
သာသနာတော်ကို ကြည်ညိုသောသူ၊ မှီခိုသောသူမှ ရခဲသော လူ့ဘ၀ ရသည်မည်၏...
ငတ်နေသောထမင်းကို ဓမ္မအရသာဖြင့် ဖြေဖျောက်သော ပြိတ္တာမ...
ပြိတ္တာမ လောက်တော့ ဇွဲကောင်းကြဖို့ လိုအပ်သည်...

မြစ်ကမ်းပါးမှ ရေတောင်းနေသော ပြိတ္တာများ...
ပါးစပ်ထဲရေမ၀င်အောင် ပိတ်ထားတဲ့ လောဘနဲ့ မစ္ဆရိယ...
ကမ္ဘာအရပ်ရပ်မှာ ပေးတိုင်းမကျေနပ်နိုင်လို့ အဆာမပြေတဲ့ လူပြိတ္တာများ သာသနာတော်ကို ကြည်ညို မှီခိုခွင့်မရကြသူများ ရှိနေသည်...
လူမှာ စားဖို့ ၊အိပ်ဖို့ ၊ ကာမဂုဏ်ခံစားဖို့လောက်သာ သိရင် လူတိရိစ္ဆာန် ခေါ်သည်...
ဒီနေ့ ကမ္ဘာမှာ တစ်ဘ၀စာ ဇိမ်ခံဖို့ စဉ်းစားသူတွေ ပိုများလာသည်...
ဘုရား တရား သံဃာ ရတနာသုံးပါး မရှိတဲ့ အရပ်ကို ပစ္ဆန္တရစ် အရပ်ဟုခေါ်သည်...
ထိုအရပ်တွင် လူဖြစ်ရလျှင် လူဖြစ်ရကျိုးမနပ် ...
ဆွမ်းခံဘုန်းကြီးကို သူတောင်းစားပုဒ်မနှင့် ရုံးတင်တရားစွဲသော မြို့လန်ဒန် ...
သံဃာကို သံဃာမှန်း မသိတဲ့ အရပ်သည် ပစ္ဆန္တရစ် အရပ် ...
သူတော်ကောင်းတရားကို စနစ်တကျ မှန်ကန် ပြည့်စုံစွာ လေ့လာ ဆည်းပူး လေ့ကျင့်အားထုတ် နိုင်ရန်လိုသည်...
အရပ်ကောင်း ၊ ဆရာသမားကောင်း၊ တရားကောင်း၊ အကျင့်ကောင်း၊ စိတ်ကောင်း များရရှိ ကျင့်သုံး နိုင်ဖို့လိုသည်....
သာသနာတော်ထွန်းကားရာ အရပ်တွင်လူဖြစ်လာရသော်လည်း
မွေးဖွားစဉ်ကပင် ရူးသွပ် ဆွံ့အ လာသူများသည်လည်း လူဖြစ်ရကျိုးမနပ် တရားအားမထုတ်နိုင် တရားမနာနိုင်...

သာသနာတော် ထွန်းကားချိန်တွင် လူဖြစ်လာရသော ရခဲလှသော ဘ၀...
  • သူတော်ကောင်းတရား ရှိရန်ခက်ခဲသည်...
  • သူတော်ကောင်းတရား မပျောက်မပျက်အောင်ထိန်းသိမ်း စောင့်ရှောက်ရန် ခက်ခဲသည်...
  • သူတော်ကောင်းတရား နှုတ်တက်ရအောင်ဆောင်သူရှိရန် ခက်ခဲသည်...
  • သူတော်ကောင်းတရား နှုတ်တက်ရအောင်ဆောင်၍ ပြန်လည်ဟောကြားသူရှိရန် ခက်ခဲသည်...
  • သူတော်ကောင်းတရား ပြန်လည်ဟောကြားခွင့်ရရှိရန် ခက်ခဲသည်...
  • သူတော်ကောင်းတရား နာကြားရရန် အလွန့် အလွန်ခက်ခဲသည်...
မလေးရှားနိုင်ငံတွင် ကျယ်ပြန့်သော တရားပွဲမျိုး လုပ်ခွင့်မရှိ...
ပီနန်ကျွန်းရှိ ၈၀% သော ဗုဒ္ဓဘာသာများ တရားပွဲကြီးများ လုပ်ခွင့်မရကြ...
သူတော်ကောင်းတရား နာကြားရ သော်လည်း ကျင့်ခွင့်ရရန် ခက်ခဲသည်...
  • ရဟန်းအဖြစ်ကို ရရန် ခက်ခဲသည်...
  • ရဟန်းတော်များ ကျင့်သလို သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး ရအောင်လေ့ကျင့်ရန် ခက်ခဲသည်...
  • သူတော်ကောင်းတရား နာကြားရ သော်လည်း သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးဆောင်သော ရဟန်းအဖြစ်ရရန် အလွန့် အလွန်ခက်ခဲသည်...
  • သီလ၊ သမာဓိ၊ ပညာ အားနည်းလာလျှင် သာသနာတော်ကို မှီခိုခွင့် နည်းလာမည်...
  • သာသနာတော်၏ အနက်ရှိုင်းဆုံးအပိုင်း အရဟတ္တမဂ်၊ အရဟတ္တဖိုလ် သို့ရောက်အောင် သွားရမည်.. အားထုတ်ကြရမည်...


ဒုလ္လဘတရား ငါးပါး
ဘုရားတစ်ဆူပွင့်ရန် ရခဲ၏...
ဘုရားပွင့်သောခေတ်တွင် လူအဖြစ်ကို ရခဲ၏...
သာသနာတော်ကို ကြည်ညို မှီခိုတတ်သူ အဖြစ်ကို ရခဲ၏...
သူတော်ကောင်းတရား နာယူခွင့်ရရှိရန် ရခဲ၏...
သာသနာတော်တွင် ရဟန်းတပါးဖြစ်ရန်၊ (သာသနာတော်၏ အကျင့်ကို ကျင့်ရန်) ရခဲ၏ ...

သာသနာတော်နှင့် ကြုံခိုက် သီလ၊ သမာဓိ၊ ပညာ အလုပ်များကို မမေ့မလျော့သော သတိဖြင့် ကြိုးစား အားထုတ်သွားကြရမည်...

-"ဒုလ္လဘတရား ငါးပါး" - ရယူနာကြားနိုင်ရန်

မှတ်ချက်-
ဤတရားတော်ကို နာကြား ရေးမှတ်နေရင်း
အမိမြန်မာပြည်တွင် လူဖြစ်ခွင့်ရခြင်း၊ နေထိုင်ခွင့်ရခြင်း၊ ရတနာသုံးပါးကို စိတ်ရှိတိုင်း ကြည်ညိုကိုးကွယ်ခွင့် ရရှိခြင်းများ အတွက် ဖော်ပြ၍မရနိုင်သည့် ၀မ်းသာပီတိတစ်မျိုးခံစားရရှိမိပါကြောင်း ....။
(ဒုလ္လဘတရား ငါးပါးကို 5 Difficult Things To Get ဆိုပြီး အင်္ဂလိပ်ဘာသာ ပြန်ထားတာ မှားနေရင် သိတဲ့သူ ပြင်ပေးသွားကြပါ..။)

သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော်အကျိုးကို တတ်အားသမျှ သယ်ပိုး ထမ်းရွက်သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် ....

Aug 27, 2007

အနှစ်ကိုးပါး - Nine Best Values


ဒီနေ့ဟာ - မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ ၀ါခေါင်လပြည့်နေ့ အင်္ဂါနေ့ ဖြစ်ပါတယ်...
ဒီလို နေ့ထူးနေ့မြတ်တစ်နေ့မှာ ရပ်နီးရပ်ဝေးက မြင်ဖူး၊ မမြင်ဖူးတဲ့
သူငယ်ချင်းတွေ အတွက် နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...
သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့
အနှစ်ကိုးပါး” တရားတော်ပါ...အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...
ဖတ်ရှု နာယူကြည့်ကြပါ သူငယ်ချင်းများ...

တရားတော်မှ ထုတ်နှုတ်ဖော်ပြချက် အချို့

အနှစ်ကိုးပါးဆိုတာ "သုံးရတနာ၊ သုံးသိက္ခာ၊ သုံးဖြာလက္ခဏာ"
မြန်မာပြည်သည် အနှစ်ရှိတဲ့ တိုင်းပြည်၊ အနှစ်ရှိတဲ့ လူမျိုးတို့နေရာ အဖိုးတန်တဲ့ နေရာဖြစ်
ပထမ အနှစ်သုံးပါး "ဘုရား တရား သံဃာ" ရတနာသုံးပါး တိုင်းပြည်မှာရှိသည်
ဒုတိယ အနှစ်သုံးပါး "သီလ သမာဓိ ပညာ" သိက္ခာသုံးပါး တိုင်းပြည်နဲ့ လူမျိုးမှာ ရှိသည်
တတိယ အနှစ်သုံးပါး "အနိစ္စ ဒုက္ခ အနတ္တ" လက္ခဏာ သုံးပါး အားလုံးစိတ်ထဲမှာ သိရှိ နားလည်ထားသည်...
ပိဋကတ်သုံးပုံ၏အနှစ်သည် ရတနာသုံးပါး
ဝိနည်းပိဋကတ်၏ အဆီအနှစ်သည် သီလ...
သုတ္တန်ပိဋကတ်၏ အဆီအနှစ်သည် သမာဓိ...
အဘိဓမ္မာ ၇ ကျမ်း၏ အဆီအနှစ်သည် ပညာ...
လက္ခဏာသုံးပါး
သစ္စာတရားမှ လွတ်သော တရားတော်ဟူသည်မရှိ..
ရတနာသုံးပါးဟူသော အနှစ်သည်ကား ကိုးကွယ်ရာ တစ်ခုဖြစ်သည်...

သဒ္ဒါတရားကောင်းရုံနှင့် မပြီး...
ဆရာသမားကောင်းလည်း ရှိဖို့လိုသည်...
အနှစ်တွေ့ရန် ကြိုးစားသော သူငယ်ချင်းနှစ်ဦး...

စာအုပ်ကိုင်ဖတ်ပြီး တရားဟောတဲ့ ဘုန်းကြီးများ...
အရသာပေါ်အောင် တရားမနာရသော ပုဂ္ဂိုလ်များ...
တရားနာချင်ရဲ့နဲ့ မနာရတဲ့ ပုဂ္ဂိုလ်များ ကမ္ဘာအနှံ့မှာရှိနေတယ်...
အနှစ်ကိုရှာနိုင်ရဲ့နဲ့ ရှာမရတဲ့ ပုဂ္ဂိုလ်များ နေရာအနှံ့မှာရှိနေတယ်...

ရတနာသုံးပါးဆိုတဲ့ အနှစ်၊
သိက္ခာသုံးပါးဆိုတဲ့ အနှစ်၊ လက္ခဏာသုံးပါးဆိုတဲ့ အနှစ် မြန်မာပြည်မှာ ကောင်းကောင်းရှိနေသည်...

အနိစ္စ၊ ဒုက္ခရှိပြီး အနတ္တကို လက်မခံတဲ့ တိုင်းပြည်...

လုဗ္ဗိနီမှာ တစ်လနေတဲ၊့ သားကောင်းရတနာရချင်တဲ့ လင်မယား...
တောင်တိုင်းမှာ ပတ္တမြားမရှိ၊ တောတိုင်းမှာ စန္ဒကူးမရှိ၊ နေရာတိုင်းမှာ အနှစ်မရှိ...
မြန်မာပြည်မှာတော့ အနှစ်များ အားလုံးရှိနေသည်...

မြတ်စွာဘုရား ဟောကြားတော်မူသော ဒေသနာတော်သည် အတွေးအကြံသမားတို့ရဲ့ အခွင့်အရာ မဟုတ်
(သစ္စာတရားကို တွေးတော ကြံဆ၍မသိနိုင်ဟု ဆိုလိုသည်...)
ဥာဏ်ရှိသူတို့ ကျင့်ကြံ အားထုတ်ကြည့်မှ သိနိုင်သည့်တရား ...
မှန်ကန်သော အတွေးအကြံ၊ မှန်ကန်သော အသိနှင့် မှန်ကန်သော အကျင့်များ ပေါင်းစပ်နိုင်မှ သစ္စာတရား အနှစ်ကို ရရှိမည်...

ဖီလော်ဆော်ဖီ ဆိုသည်မှာ တွေးခေါ်ကြံဆ၍ သိလာသောအရာမျှသာ
ဖီလော်ဆော်ဖီမှာ အကျင့်မပါ .... မြတ်ဗုဒ္ဓ၏ တရားတော်များသည် ဖီလော်ဆော်ဖီမဟုတ်...

အိန္ဒိယတိုင်းပြည်က ဗုဒ္ဓဘာသာ ကွယ်သွားရတဲ့ အကြောင်းရင်း
၁) ဇတ်နိမ့် ဇတ်မြင့် ခွဲခြားမှုအလွန် ပြင်းထန်ခြင်း...
၂) အတ္တ၀ါဒ အလွန်ပြင်းထန်သောနေရာတွင် အနတ္တ၀ါဒ မနေနိုင်ခြင်း...
လင်ယောင်္ကျားထံတွင် နှစ်စဉ်ကြေး ရွှေငွေပေး၍ နေကြရသည့် အမျိုးသမီးများ ရှိနေသော တိုင်းပြည် အခုထိ ရှိသေးသည်...
ဘုရားသာသနာတွင် ၀ါ၊ သိက္ခာသာရှိသည်၊ ဇတ်နိမ့်ဇတ်မြင့် မရှိ
ဘုရားသာသနာတွင် အနတ္တသာရှိသည်၊ အတ္တလုံးဝ မရှိ
ပတိရူပဒေသဟုခေါ်သော အနှစ်ရှိသော အရပ် အမိမြန်မာပြည်တွင် နေထိုင်ကြရသည့် မြန်မာနိုင်ငံသားများ၊ ရရှိလာသည့် အဖိုးတန်လူ့ဘ၀မှာ လူ့ဘ၀၏ အနှစ်ကိုးပါးကို ရအောင် ယူကြရမည် ...
အားကိုးစရာကို အပြည့်အ၀အားကိုး
ကျင့်စရာကို အပြည့်အ၀ကျင့်
ရှုမှတ်စရာကို အပြည့်အ၀ ရှုမှတ်မယ်ဆိုရင် အနှစ်ကိုးပါးကို ရမည်

-"အနှစ်ကိုးပါး တရားတော်" - ရယူနာကြားနိုင်ရန်
File Info:46.48 MB, 01:53 hour, Can Use Download Accelerators/Managers

မှတ်ချက်-
ဤတရားတော်ကို နာကြား ရေးမှတ်နေရင်း
အမိမြန်မာပြည်တွင် လူဖြစ်ခွင့်ရခြင်း၊ နေထိုင်ခွင့်ရခြင်း၊ ရတနာသုံးပါးကို စိတ်ရှိတိုင်း ကြည်ညို ကိုးကွယ်ခွင့် ရရှိခြင်းများ အတွက် ဖော်ပြ၍မရနိုင်သည့် ၀မ်းသာပီတိ တစ်မျိုး ခံစားရရှိမိပါကြောင်း ....။
(အနှစ်ကိုးပါးကို Nine Best Values ဆိုပြီး အင်္ဂလိပ်ဘာသာ ပြန်ထားတာ မှားနေရင် သိတဲ့သူ ပြင်ပေးသွားကြပါ..။)

သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော်အကျိုးကို တတ်အားသမျှ သယ်ပိုး ထမ်းရွက် သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် .... တစ်ခုခုပြောချင်ရင်တော့

Aug 21, 2007

ဘာပေးရင် ဘာရမလဲ - what we give, what we get


ဒီနေ့က ၁၃၆၉ခုနှစ်၊ ၀ါခေါင်လဆန်း(၈)ရက်၊ တနင်္လာနေ့ပါ...
သူငယ်ချင်းတွေ အတွက် နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...
သီတဂူဆရာတော် အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့ “ဘာပေးရင် ဘာရမလဲ” တရားတော်ဖြစ်ပါတယ် ...
အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...

တရားတော်
နတ်တွေက လူတွေကြားထဲမှာ တရားမနာနိုင် ...
နတ်တွေတရားနာတာ မတ်တတ်နာတယ် ...
ထိုင်ပြီးတရား နာစရာမလိုတဲ့ နတ်တွေ ...
ခန္ဓာကိုယ် နုလွန်းတဲ့ နတ်များ ...
ဝင်ပူးတဲ့ နတ်တွေဆိုတာဘယ်လိုနတ်တွေလဲ...

သုဓမ္မာ နတ်သဘင်က ပြဿနာများ...

၁) ခွန်အားကောင်းအောင် ဘာလှူရမလဲ...
၂) ရုပ်ဆင်းအင်္ဂါကောင်းအောင် ဘာလှူရမလဲ...
၃) ခရီးသွားတဲ့အခါ ချမ်းသာသုခရအောင် ဘာလှူရမလဲ...
၎) အမြင်ကောင်း (မျက်စိကောင်းအောင်) ဘာလှူရမလဲ...
၅) အလုံးစုံသော အလှူဖြစ်ချင်ရင် အကောင်းတွေအားလုံးရချင်ရင် ဘာလှူရမလဲ...

မြတ်ဗုဒ္ဓ၏ ဟောကြားချက်များ ...
၁) ခွန်အားကောင်းချင်ရင် အစာကောင်းကောင်းကိုလှူ...
  • ၀ိသာခါကျောင်းအမကြီးရဲ့ အလှူပေးပုံနည်းစနစ် ...
  • သလေးဆန်များသိုလှောင်ထားနည်းစနစ်...
  • ရေနဲ့ မချက်တဲ့ ထမင်း ...
  • ဘုရား၊ သံဃာ၊ လူ တွေအတွက် အစားကောင်း တစ်ခုခုလှူ...
၂) အဆင်းအင်္ဂါလှပချင်ရင် အ၀တ်အထည်လှူ ...
  • ဘယ်လောက်လှလှ အ၀တ်အထည်ကောင်းဝတ်ထားမှပေါ်လွင်...
၃) ခရီးသွားတဲ့ အခါချမ်းသာအောင် ယာဉ်ရထားလှု...
  • အပ်စပ်တဲ့ အလှု မော်တော်ကားတတ်နိုင်သူ မော်တော်ကားလှူ...
  • ယာဉ်စီးတဲ့ လက်မှတ်အလှူ၊ လမ်းအလှူ၊ လမ်းပြင်တဲ့ အလှု...
  • အနည်းဆုံး ဖိနပ်လှူ ...
၎) မျက်စိအမြင်ကောင်းချင်ရင် ဆီမီးလှူပါ...
  • အမှောင်ထဲမှာ ဘာမှ မမြင်နိုင်၊ အလင်းရောင်ရှိမှ မြင်နိုင်တာဖြစ်...
  • အလင်းရောင်လှူရင် အလင်းရောင်ထွက်နိုင်တဲ့ အရာများလှူနိုင်ရင် ဒိဗ္ဗစက္ခုအမြင်အထိရနိုင်...
  • လျှပ်စစ်မီး၊ ဆီမီး လှူနိုင်တာလှူပါ ...
၅) ကောင်းကျိုးအားလုံး ပြည့်စုံချင်ရင် အဆောက်အဦးကိုလှုပါ....
  • ဘုရားကျောင်း၊ သံဃာကျောင်း၊ ဆေးရုံ၊ ဘိုးဘွားရိပ်သာ...
  • တက္ကသိုလ် ကျောင်းလှူ၊ မိဘမဲ့ ကလေးဂေဟာ၊ ခရီးသွားများနားခိုရန် ဇရပ်...
  • အနည်းဆုံး ငှက်ကလေးများနေရန် ... ငှက်အိမ်လှူပါ...
  • ထို့ကဲ့သို့လှူဒါန်းတဲ့ အတွက် ...
  • အသက်ရှည်ခြင်း၊ အနာကင်းခြင်း၊ရုပ်ဆင်းအင်္ဂါကောင်းမွန်ခြင်း၊ အမြင်အာရုံကောင်းမွန်ခြင်း အားလုံးကိုရရှိနိုင် ....

၆) မြတ်ဗုဒ္ဓ၏ ဖြည့်စွက် တရား...
လောကီအလှူများအထက် အမြတ်ဆုံးအလှူ...
အကြင်သူသည် တရားဓမ္မကိုလှူနိုင်လျှင်၊ သင်ကြားပို့ချလျှင် ...
တရားပွဲများဖြစ်မြောက်အောင် စီစဉ်လုပ်ဆောင်နိုင်လျှင် နိဗ္ဗာန်ကို ပေးလှူခြင်းဖြစ်၍ အမြတ်ဆုံးအလှူ...

-``ဘာပေးရင်ဘာရမလဲ တရားတော် ´´ - ရယူနာကြားနိုင်ရန်
- File Info: 21.16 MB / MP3/ Can UseDownload Accelerators/Managers

သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော်အကျိုးကို တတ်အားသမျှ သယ်ပိုး ထမ်းရွက်သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် .... တစ်ခုခုပြောချင်ရင်တော့ ....

Aug 12, 2007

နို့နှစ်လုံးဖိုးကျေပါတယ်


ဒီနေ့ဟာ ၁၃၆၉ ခုနှစ် ဒုတိယ ၀ါဆိုလကွယ်နေ့ဖြစ်ပါတယ် ...
သူငယ်ချင်းတွေကို ဖတ်ရှုထားတဲ့ တရားတော်တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ....
ဒီတရားတော်ဟာ ကျွန်တော်တို့လို ထေရ၀ါဒဗုဒ္ဓဘာသာဝင်တိုင်း
အလေးအနက်ထား ဖတ်ရှုပြီး ကောင်းစွာမှတ်သားရင်း
အခြားသူတွေကိုလည်း အမှားမှတ်နေတဲ့ အဖြစ်ကနေ လွတ်ကင်းစေချင်တဲ့ စေတနာလေးနဲ့
ဝေမျှလိုက်တာ ဖြစ်ပါတယ် ...

ဆရာတော် “ အရှင်ဆန္ဒာဓိက ” ဟောကြားထားတဲ့
“ နို့နှစ်လုံးဖိုး ကြေပါတယ် ” တရားတော် ဖြစ်ပါတယ် ....

သားသမီးတွေအပေါ်မှာ မိခင်ကျေးဇူး ကြီးမားတာ မှန်ပါတယ်။ ဒါပေမဲ့ မိခင်ကို အမွှန်းတင်ချင်လွန်းတာနဲ့ မြတ်စွာဘုရားရှင် ကို ပုတ်ခတ် စော်ကားသလို ဖြစ်သွားတာကတော့ လုံးဝ မသင့်တော်ပါဘူး။ ဘုရားတောင်မှ မိခင်ကျေးဇူး နို့တစ်လုံးဖိုးပဲ ကျေတယ် လို့ပြောတဲ့သူဟာ ဘုရားကိုလည်း စော်ကားရာရောက်သလို တရားကိုလည်း ဖျက်ဆီးရာရောက်ပါတယ်။ သာသနာဖျက်တဲ့သူ လို့တောင် ပွင့်ပွင့်လင်းလင်း ပြောနိုင်တဲ့အထိ အကုသိုလ်ကြီးပါတယ်။

“မြတ်စွာဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင် ဆပ်နိုင်ခဲ့ပါတယ်၊
မြတ်စွာဘုရားရှင်မှာ မိခင်အပေါ် နို့ဖိုးကြွေး လုံးဝမကျန်တော့ပါဘူး”
ဆိုတဲ့ မိန့်ဆိုရေးသားချက် ပိဋကတ်တော် (ထေရ၀ါဒစစ်စစ် ဗုဒ္ဓစာပေ)မှာ အခိုင်အမာ အထင်အရှား ရှိပါ တယ်။
“သစ္စာလေးပါး မြတ်တရား” ဆိုတဲ့ “ဓမ္မနို့ရည်” ကတော့ ဆာလောင်မွတ်သိပ်မှု တဏှာအားလုံးကို အကြွင်းမဲ့ ပယ်ဖျောက် ပေးနိုင်ပါတယ်။ သစ္စာလေးပါးကို အရဟတ္တမဂ်နဲ့ ထိုးထွင်းသိမြင်ပြီးလို့ ရဟန္တာဖြစ်သွားပြီဆိုရင် ဘယ်အရာကိုမှ ဆာလောင်မွတ်သိပ်မှု မရှိ တော့ပါဘူး။ အာရုံအားလုံး၊ ဘ၀အားလုံး ဘာကိုမှ သာယာနှစ်သက် တပ်မက်တွယ်တာမှု မရှိတော့တဲ့အတွက် တဏှာအဆာဓာတ်အားလုံး အပြီးတိုင် ချုပ်ငြိမ်းပြေပျောက်သွားပါပြီ။
“မြတ်စွာဘုရားတောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင် ဆပ်နိုင်ခဲ့ပါတယ်” ဆိုတဲ့စကားဟာ တက်တက် စင်အောင် လွဲမှားတဲ့ လုပ်ကြံစကားသာ ဖြစ်ပါတယ်။ ဘယ်ပိဋကတ်တော်၊ ဘယ်ဗုဒ္ဓစာပေမှာမှ မပါပါဘူး။

ဆရာတော်ရဲ့ ဟောကြားချက်များထဲက အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
အသေးစိတ် အပြည့်အစုံကို အောက်မှာ ရယူနိုင်ပါတယ် ...

နို့နှစ်လုံးဖိုးကျေပါတယ် တရားတော် - ရယူဖတ်ရှုရန်

သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော်အကျိုးကို တတ်အားသမျှ သယ်ပိုး ထမ်းရွက်သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် .... တစ်ခုခုပြောချင်ရင်တော့

Jul 28, 2007

ရဟန်းတစ်ပါး၏ တန်ဘိုး


ဒီနေ့ ၀ါဆိုလပြည့်နေ့ ဖြစ်ပါတယ် ...
လပြည့်နေ့ ဆိုတော့ ဗုဒ္ဓဘာသာတို့ အနေနဲ့ တရား ဘာဝနာ ဆောက်တည်၊ အားထုတ်၊ ပွားများခြင်း အလုပ်ကို ခါတိုင်းထက် ပိုလုပ်ဖြစ်လေ့ ရှိကြပါတယ်...
သူငယ်ချင်းတွေ အတွက် နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...
သီတဂူဆရာတော် အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့ “ရဟန်းတစ်ပါး၏ တန်ဘိုး” တရားတော်ပါ...
အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...

မြတ်တာ ယုတ်တာကို ဘာနဲ့ ခွဲခြား မှာလဲ ...
မျိုးရိုးနဲ့ ခွဲမှာလား ... အကျင့် သီလနဲ့ ခွဲမှာလား ...
အနာဂါမ်လူပုဂ္ဂိုလ်သည် ယနေ့မှ ရှင်/ရဟန်း ဖြစ်သော ပုထုဇဉ် ရှင်/ရဟန်း ကို ရှိခိုးသင့်/မခိုးသင့် ...

လူ့အ၀တ်အစားကို မစွန့်လွှတ်နိုင်သေးဘဲ အိမ်မှာ နေသော သောတာပန်၊ အနာဂါမ် အစရှိသော လူပုဂ္ဂိုလ်များသည် ရဟန်းဘ၀၏ ဂုဏ်ကို ဆောင်ထားသော ပုထုဇဉ် ရှင်/ရဟန်းကို ရှိခိုးရသည်။
ပုထုဇဉ် ရှင်/ရဟန်း တွင်-
- ရဟန်း ဘ၀၏ ဂုဏ်အရည်အချင်း (၂၀) နှင့်
- အသွင် (၂) ပါး ရှိသည် -
(က) ဦးခေါင်းကို ပြောင်အောင် တုံး၍ထားခြင်း။ အလှအပ ပြင်ဆင်ချယ်သနေရသော ဦးခေါင်းရှိ ဆံပင်များကို ရိတ်ထားခြင်း။
(ခ) ဖန်ရည်ဆိုးသော အ၀တ်ကို ၀တ်ထားခြင်း။ လူတို့ကဲ့သို့ နူးညံ့သော အ၀တ်ကို မ၀တ်တော့ဘဲ အထိအတွေ့ ကြမ်းတမ်းသော အ၀တ်ကို ၀တ်ထားခြင်း။

အသွင်ပြောင်းထားခြင်းကြောင့် လူ့အသွင် အပြင်နှင့် တခြားစီ ဖြစ်လာသည်။ အသွင်နှစ်ပါး ပြောင်းလဲသွားလိုက်သည်နှင့် ပူဇော်ထိုက်သူ ဖြစ်လာသည်။ ထို့ကြောင့် အနာဂါမ် ပုဂ္ဂိုလ် ဖြစ်နေစေကာမူ လူဖြစ်နေပါက ပုထုဇဉ် ရဟန်း၏ အသွင်နှစ်ပါးကို ကြည့်ပြီး ရှိခိုးရသည်။
ရှိခိုး ပူဇော်ထိုက်သော အသွင်ရှိခြင်းကြောင့် ရှိခိုးရခြင်း ဖြစ်သည်။
ရဟန်း အသွင်သို့ ပြောင်းသွားသည့် သူများသည် ဘုရား အလိုကျ အသွင်အပြင်တွင် တည်နေပြီ ဖြစ်သည်။
ထို့ကြောင့် ဘုရား၏အလိုကျ အဖြစ်တွင် တည်နေသော ပုဂ္ဂိုလ်ကို ဘုရား၏အလိုကျ အဖြစ်တွင် မနေနိုင်သော ပုဂ္ဂိုလ်များက ရှိခိုး ထိုက်သည်။

ပုထုဇဉ်မျှသာ ဖြစ်သော်လည်း ရဟန္တာကြီးများနှင့် အသွင်တူသည့် အဖြစ်သို့ ရောက်နေပြီဖြစ်၍ ရှိခိုးထိုက်သည်။

ရဟန်း ဘ၀၏ ဂုဏ်အရည်အချင်းများ

ပုထုဇဉ်မျှသာ ဖြစ်သော်လည်း ရဟန္တာကြီးများနှင့် အတူ ရဟန်းထု အစည်းအဝေးသို့ ၀င်ရောက်ခွင့် ရှိသည်။ ထို့ကြောင့် ၀င်ရောက်ခွင့် မရှိသည့် အရိယာ ပုဂ္ဂိုလ်လူက ပုထုဇဉ်ရဟန်းကို ရှိခိုးထိုက်သည်။

အိမ်မှာနေသော လူများသည် အများဆုံး (၈)ပါးသီလသာ ဆောက်တည်နိုင်သည်။ ရှင်ရဟန်း ၏ သီလမှာ အကျဉ်း(၂၂၇)သွယ် ၊ အကျယ် ကုဋေ (၉၀၀၀)ကျော် ရှိသည်။ သီလနည်းသော အရိယာ ပုဂ္ဂိုလ်လူများဖြစ်၍ သီလ များသော ပုထုဇဉ်ရဟန်းများကို ရှိခိုးထိုက်သည်။

ရှင်ပြုပေးခြင်း၊ ရဟန်းခံပေးခြင်း၊ သိမ်သမုတ်ပေးခြင်းတို့မှာ ဘုရားသာသနာကို တိုးချဲ့ ခြင်း ဖြစ်သည်။
ရဟန်းတစ်ပါးတည်းမှ သာမဏေလောင်းပေါင်း မြောက်များစွာကို ရှင်သာမဏေ အဖြစ် ပြုပေး၊ဆောင်ရွက်ပေး နိုင်သည်။
ပုထုဇဉ် ရဟန်း (၄)ပါး ပေါင်းပြီး သိမ်ထဲတွင် ရှင်သာမဏေအဖြစ်မှ ရဟန်းပြုပေးခြင့် ဘုရားသာသနာတော်ကို တိုးချဲ့ စေနိုင်သော အရည်အချင်းရှိသည်။
ရဟန်းများ စုပေါင်းပြီး သိမ်သမုတ်ပေးနိုင်သည်။
လူဝတ်ကြောင်များက ထိုအလုပ်များကို မလုပ်နိုင်...
ဘုရားသာသနာတော်ကို တိုးချဲ့တော်မူသော ပုဂ္ဂိုလ်များကို ဘုရားသာသနာတော်ကို ကျယ်ပြန့်အောင် မလုပ်နိုင်သော ပုဂ္ဂိုလ်များက ရှိခိုးထိုက်သည်။

ရဟန်းသည် မိမိတတ်ထားသော ပိဋကတ်တော်များကို အဆက်ဆက် သင်ပေးနိုင်စွမ်းရှိသည်။ သာသနာ့ အဆက်အနွယ်ကို သယ်ဆောင်နိုင်စွမ်း ရှိသည်။ ငယ်စဉ် အိမ်ရှေ့မင်းသားဘ၀က မိမိကို ပညာသင်ပေးခဲ့သည့် ဆရာဖြစ်သူကို ရှင်ဘုရင် ဖြစ်လာသောအခါတွင်လည်း ရှိခိုးရသကဲ့သို့
အနာဂါမ်လူသားသည် မိမိကို အနာဂါမ်ဖြစ်အောင် တရားပြ လမ်းညွှန်ပေးသော ပုထုဇဉ် ရှင်ရဟန်းကို ရှိခိုးရသည်။

ရဟန္တာ ရှင်ရဟန်းသည် ရဟန်းဘ၀ဖြင့် သာသနာ့ဘောင်တွင် အသက်ရှည်ရှည် နေထိုင်နိုင်သည်။
လူဝတ်ကြောင်သည် အိမ်မှာ တရားကျင့်ရင်း ရဟန္တာ ဖြစ်သွားပါက ဖြစ်သောနေ့တွင်ပင် ရဟန်းဘောင်သို့ ပြောင်းနိုင်ကပြောင်း၊ မပြောင်းနိုင်က ထိုနေ့တွင်ပင် ပရိနိဗ္ဗာန် ပြုရသည်။

ရဟန်းဘ၀ ရရှိခြင်း၏ ထူးခြား လေးနက် မွန်မြတ်သော အကျိုးတရားများ ကို ကောင်းစွာ သိရှိနားလည် ထားခြင်းဖြင့် သာသနာတော်နှင့် ရဟန်းတော်များကို ပိုမိုကောင်းမွန် ရိုသေစွာ စောင့်ရှောက်၊ ကြည်ညို နိုင်မည် ဖြစ်ပေသည်။

-ရဟန်း တစ်ပါး၏ တန်ဘိုး တရားတော် - ရယူရန်

သူငယ်ချင်းများ အားလုံး ယခုထက်ပို၍ အမျိုး၊ ဘာသာ၊ သာသနာတော် အကျိုးကို ဆထက် ထမ်းပိုး တိုးတက် သယ်ပိုးနိုင်သူများ ဖြစ်နိုင်ကြပါစေဗျာ ...

Jun 4, 2007

ပရိတ်ကြီး (၁၁) သုတ် အပိုင်း (၁) - ရွှေလင်းယုန်ဆရာတော်