လူမှုအင်ဂျင်နီယာ - Social Engineering
နာမည်လေးကတော့ အမိုက်စား၊ အပျံစား။ တကယ်လေ့လာ ကြည့်လိုက်တော့ ကွန်ပျုတာစနစ် လုံခြုံရေးနယ်ပယ်တွင် လူတွေကို နည်းမျိုးစုံနှင့် ယုံကြည်လာအောင် ဖန်တီး လှည့်စားပြီး အရေးကြီးသော အချက်အလက်များကို မိမိအတွက် အမြတ်ထုတ် နိုင်စေရန် အကြံအဖန်လုပ်သည့် နည်စနစ်များကို ပေါင်းစပ် ခေါ်ထားသည့် အမည် ဖြစ်နေသည်။
ဤအမည်ကို နိုင်ငံရေး သိပ္ပံ (political science) နယ်ပယ်တွင်လည်း ခပ်ဆင်ဆင် အသုံးပြုကြသည်။ လိမ်တာတော့ မဟုတ်။ အယူဝါဒရေးရာ ပိုင်းအရ လူအများအပေါ် လွှမ်းမိုးမှုရအောင် ကြိုးစားသော ဘာသာရပ် တစ်ခု ဖြစ်သည်။ Political engineering ဟုလည်းခေါ်သည်။ အသေးစိပ် သိလိုလျှင်တော့ဖြင့် -http://en.wikipedia.org/wiki/Social_engineering_%28political_science%29- တွင် လေ့လာနိုင်ပါသည်။
ကွန်ပျုတာ စနစ်လုံခြုံရေးနယ်ပယ်တွင် “လူမှုအင်ဂျင်နီယာ” အလုပ်များက သာမန်လိမ်လည် လှည့်ဖြားခြင်းမျိုး (Frud) ထက် အဆင့် အတန်းမြင့် သကဲ့သို့၊ အယုံသွင်းပြီးတပတ်ရိုက်ခြင်း (Confidence trick) နှင့်လည်း အနည်းငယ် ခြားနားသည်။ တစ်ဖက်သားကို အယုံသွင်း ရသည့် နေရာတွင်တော့ သုံးမျိုးလုံး အတော်များများတူညီမှု ရှိသည်။ သို့သော် လူမှုအင်ဂျင်နီယာ တစ်ယောက်က သားကောင် ထံမှ သတင်း အချက်အလက်များ ကိုရရှိစေရန် သို့မဟုတ် သားကောင်၏ ကွန်ပျုတာ စနစ်ကို ထိတွေ့ အသုံးပြုခွင့်ရစေရန် အတွက် အဓိက အားထုတ်ကြိုးပမ်း လေ့ရှိပြီး “သားကောင်”နှင့် မည်သည့်အခါတွင်မဆို မျက်နှာခြင်းဆိုင်တွေ့ခြင်း၊ လူချင်းတွေ့ခြင်း မရှိပေ။
နည်းစနစ်များ နှင့် အခေါ်အဝေါ်များ
“လူမှုအင်ဂျင်နီယာ နည်းစနစ်များ” အားလုံးသည် လူသားတို့၏ တွေးတောဆင်ခြင်မှု အပိုင်းမှ အားနည်းချက်များ ဖြစ်သော ဘက်လိုက်မှုများ၊ အစွဲများ (Cognitive biases) - အပေါ်တွင် အခြေခံ ထားသည်။ အဆိုပါ ဘက်လိုက်တတ်သော အားနည်းချက်များမှာ အဓိက အားဖြင့် အုပ်စု (၃) စု ရှိသည်။
လူမှုအင်ဂျင်နီယာများသည် အထက်တွင် ဖော်ပြထားခဲ့သည့် ဘက်လိုက်တတ်သော ချွတ်ယွင်းချက်များကို နည်းအမျိုးမျိုးဖြင့် ပေါင်းစပ် အသုံးချကာ တိုက်ခိုက်မှုနည်းစနစ်များကို ဖော်ဆောင်ကြလေ့ရှိသည်။ ၄င်းတို့အနက်မှ အချို့ကို အောက်တွင် ဖော်ပြထားပါသည်။
၁. ယိုးမယ်ဖွဲ့ လှည့်စားခြင်း (Pretexting)
ဤနည်းစနစ်မှာ ကြိုတင် တီထွင် လုပ်ကြံဖန်တီး ထားသော အကြောင်းအရာ တစ်ခုကို အသုံးပြုလျက် ပစ်မှတ်ထားသော “ သားကောင်” ထံမှ
- လိုချင်သော အချက်အလက်များ ပေါ်ထွက်လာအောင် သို့မဟုတ်
- တစ်ခုခု ဆောင်ရွက်လာအောင် လှည့်ဖျား သွေးဆောင်သည့် ဆောင်ရွက်ချက် ဖြစ်သည်။
အများအားဖြင့် တယ်လီဖုန်းဖြင့် လုပ်ဆောင်တတ်ကြသည်။ သာမန် ရိုးစင်းသော လိမ်လည်မှုမျိုး မဟုတ်ဘဲ
- ကြိုတင် လေ့လာ စုံစမ်းထားသော အချက်အလက်များ၊
- အကွက်ချ စီစဉ်ထားသော လုပ်ကွက်များ နှင့်
- မွေးနေ့၊ နိုင်ငံသားအမှတ် ၊ နောက်ဆုံးပေးချေလိုက်သော ငွေစာရင်း စသည့် အရာတစ်ခုခုကို သိအောင် ပြုလုပ်ကာ
- အဆိုပါ အချက်အလက်များ နှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦး အဖြစ် “သားကောင်” ကို အယုံသွင်း လှည့်စားခြင်း ဖြစ်သည်။
စီးပွားရေးလုပ်ငန်း တစ်ခုခုထံမှ ဖောက်သည်များနှင့် သက်ဆိုင်သော အချက်အလက်များ ဖွင့်ပြောလာအောင် လှည့်စားလိုသည့် အခါများတွင် ဤနည်းစနစ်ကို မကြာခဏ သုံးလေ့ရှိကြသည်။ အလွတ်စုံထောက်များ အနေဖြင့် တယ်လီဖုန်း မှတ်တမ်းများ၊ ၀န်ဆောင်မှု မှတ်တမ်းများ၊ ဘဏ်စာရင်းများ နှင့် အခြားသော အချက်အလက်များကို အငယ်တန်း ကုမ္ပဏီ ၀န်ထမ်းများ ထံမှ တိုက်ရိုက် နှိုက်ထုတ် လိုသည့်အခါတွင်လည်း ဤနည်းစနစ်ကို သုံးကြသည်။ ထို့နောက် ရလာသော အချက်အလက်များကို အခြေခံလျက် ပိုမို အဆင့်မြင့် တာဝန်ရှိသောသူများ (ဥပမာ - မန်နေဂျာ) ထံ ချဉ်းကပ်ကာ မိမိတို့ အနေဖြင့် ၄င်းအချက်အလက်များ၏ ပိုင်ရှင် အမှန်ဖြစ်ကြောင်း ထင်မြင်လာစေရန် အယုံသွင်းခြင်း (ငွေစာရင်း အမှတ်များ ပြောင်းလဲခြင်း၊ တိကျသော စာရင်း အမှန်များ တောင်းယူခြင်း) များ လုပ်ဆောင် တတ်ကြသည်။
အမေရိကားရှိ ကုမ္ပဏီအများစုသည် ဖောက်သည် တစ်ဦးကို မှန်/မမှန် စစ်ဆေးလိုသည့် အခါ ၄င်း၏ နိုင်ငံသား စိစစ်ရေးအမှတ် (Social Security Number)၊ မွေးနေ့ စသည့် အရာတစ်ခုနှစ်ခုကိုမျှသာ မေးပြီး အတည်ပြုလေ့ ရှိကြသည်။ အမှန်တကယ်အားဖြင့် အဆိုပါ အချက်အလက်များကို အများပြည်သူဆိုင်ရာ မှတ်တမ်းများ (ကိုယ်ခန္ဓာဆိုင်ရာ မှတ်တမ်းများ၊ လူဝင်မှုဆိုင်ရာ မှတ်တမ်းများ၊ အိမ်ခြံမြေ မှတ်တမ်းများ၊ ယာဉ်မောင်းနှင်မှု မှတ်တမ်းများ၊ ရာဇ၀တ်မှု မှတ်တမ်းများ - စသည်) ကို အင်တာနက်မှ အလွယ်တကူ ရယူနိုင်ပေသည်။ ဤစစ်ဆေးနည်းမှာ အလွန်ပင် ထိရောက်မှု ရှိပြီး နောက်ထပ် ပိုမို ကောင်းမွန်သော စစ်ဆေးရေးနည်းလမ်း တစ်ခုကို မတွေ့မချင်း အသုံးဝင်နေမည်သာ ဖြစ်သည်။
ယိုးမယ်ဖွဲ့ လှည့်စားခြင်းနည်းများ ကို
ခုနောက်ပိုင်းတွင် VOIP ပရိုဂရမ်များမှာ လှည့်စားသူများ၏ စံထား အသုံးပြုသော အရာတစ်ခု ဖြစ်လာသည်။ ခြေရာခံနိုင်လောက်သည့် ဂဏန်းများ၊ နံပါတ်များ ကျန်နေရစ်ခဲ့ခြင်း မရှိမှုသည်လည်း အချက်တစ်ခု ဖြစ်လာသည်။
ဆက်လက် ဖော်ပြပါမည် ....
ရည်ညွန်း -
-http://en.wikipedia.org/wiki/Social_engineering_%28security%29
-http://searchsecurity.techtarget.com/sDefinition/0,,sid14_gci531120,00.html
-http://www.securityfocus.com/infocus/1527
-http://en.wikipedia.org/wiki/List_of_cognitive_biases