ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Showing posts with label ဘာဝနာ Barwana. Show all posts
Showing posts with label ဘာဝနာ Barwana. Show all posts

May 15, 2007

ဗုဒ္ဓါနုဿတိဘာဝနာ


ဘုရားရှင်၏ ဂုဏ်တော်တို့သည် စင်စစ်အားဖြင့် အဆုံးအစမရှိ ကြီးကျယ်များပြားကုန်၏။
ဗုဒ္ဓ၀ိသယာ အစိန္တေယျာဟု ဆိုသည်မဟုတ်ပါလား။
အစိန္တေယျအရာကို ရတော်မူသော ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့သည်လည်း
အစိန္တေယျပင် ဖြစ်ရပေမည်။ အစိန္တေယျဖြစ်သည်ဆိုလျှင် အနန္တလည်း ဖြစ်ပေသည်။
ထို့ကြောင့် အဋ္ဌကထာတို့၌ ဘုရားတစ်ဆူသည် အခြားစကားကို မဆိုဘဲ
ဘုရားတစ်ဆူ၏ ဂုဏ်ကျေးဇူးတို့ကို မိန့်ကြားလျက်သာ နေပါသော်လည်း
ကမ္ဘာတစ်ခုသာလျှင် ကုန်ဆုံးသွားရာ၏။ ဂုဏ်ကျေးဇူးတို့ကား မကုန်နိုင်ဟု ဆိုကြခြင်းဖြစ်သည်။

ထိုသို့ အဆုံးအစမရှိ ကြီးကျယ်များပြားသော ဘုရားရှင်၏
ဂုဏ်ကျေးဇူးတို့ကို အောက်မေ့လျက် အထပ်ထပ်ပွားများခြင်း၊ ကြည်ညိုခြင်းသည်
ဘာဝနာကမ္မဋ္ဌာန်းတစ်မျိုးပင် ဖြစ်ပေသည်။
ယင်းကို ဗုဒ္ဓါနုဿတိ ဘာဝနာဟု ခေါ်ဆိုပေသည်။
(ဗုဒ္ဓ + အနုဿတိ) ဂုဏ်တော်ကိုးပါးကို ခြုံငုံ၍သော်လည်းကောင်း၊
တစ်ခုချင်းသော်လည်းကောင်း ဆင်ခြင်အောက်မေ့လျက်
ဝမ်းမြောက်ကြည်ညိုမှုကို ဖြစ်စေခြင်းသည် ဗုဒ္ဓါနုဿတိဘာဝနာပင် ဖြစ်သည်။
ဘုရားနှင့်စပ်သမျှ ၀မ်းမြောက်ကြည်ညိုမှု၊ တည်ကြည်ငြိမ်သက်မှု
စသည်တို့ကိုလည်း ဗုဒ္ဓါနုဿတိသို့ သွင်းယူနိုင်ပါသည်။

ဗုဒ္ဓါနုဿတိနှင့် စပ်လျဉ်း၍ နက်နဲသိမ်မွေ့သည့် သဘောတရားဖြစ်သော
ဘုရားဂုဏ်တော် ကျေးဇူးတော်တို့သည် ပုံသဏ္ဍာန်ပညတ် မထင်ကောင်းသော အရာဖြစ်သောကြောင့် အခြားကမ္မဋ္ဌာန်းမှာကဲ့သို့ နိမိတ်ပုံအာရုံ ထင်ခြင်းစသည်တို့ မရှိနိုင်။
စင်စစ် နက်နဲကြီးကျယ်သော ဘုရားဂုဏ်တော်ကို အာရုံပြုလျက်
ဈာန်သို့မရောက်၊ ဥပစာရမျှနီးနီး အားကောင်းသော သမာဓိသို့ ရောက်နိုင်၏။
သို့ရာတွင် အနုတ္တရပုညခေတ္တ ဆိုသည့်အတိုင်း
အတုမရှိသော လယ်ယာမြေကောင်းသဖွယ်ဖြစ်သည့် မြတ်စွာဘုရား၌ အာရုံကိုချထားရသော ကုသိုလ်စေတနာသည်ကား အတိုင်းမသိ များမြတ်ပြန့်ပြောသော အကျိုးကျေးဇူးကို ရရှိစေနိုင်သည်။
ထို့ကြောင့် ပဒုမုတ္တရာဘုရားရှင်က နန္ဒရသေ့ကို မိန့်တော်မူရာတွင် နန္ဒ.. သင်သည် ဘာဝနာတကာတို့ထက် မြတ်သော ဗုဒ္ဓါနုဿတိဘာဝနာကို စီးဖြန်းပွားများလော့ ဟု ညွှန်ကြားခဲ့ခြင်း ဖြစ်လေသည်။ (သုဘူတိမထေရအကြောင်း-ရှု)

----------------------

သူငယ်ချင်းတို့ရေ . . .
ဂုဏ်တော် (၉) ပါး ကိုပူဇော်နေကြဆိုရင် . . .
ဒီအတိုင်းလေးလည်း ပူဇော်ကြည့်စေချင်တယ် . . .
၁+၈ = တနင်္ဂနွေနေ့
၂+ရ = တနင်္လာနေ့ + စနေနေ့
၃+၆ = အင်္ဂါနေ့ + သောကြာနေ့
၎+၅ = ဗုဒ္ဓဟူးနံနက် + ကြာသပတေးနေ့
၉ = ဗုဒ္ဓဟူးညနေ ( ဘဂ၀ါ ဂုဏ်တော် ) . . .
. . .
ကျွန်တော်ကတော့ ဒီအတိုင်းလေးကို မြန်မာ အနက် နဲ့ ပူဇော်ပါတယ် . . .
ဘာအကျိုးမှ မမျှော်မှန်းဘဲ . . . စမ်းကြည့်ကြစေချင်ပါတယ် . . .
သူငယ်ချင်းများအားလုံးနှလုံးစိတ်ဝမ်း အေးချမ်းရွှင်လန်းပြီး အမျိုးဘာသာ၊ သာသနာအကျိုးကို တတ်အားသမျှထမ်းဆောင်ကြသူများ ဖြစ်နိုင်ကြပါစေ။

မှတ်ချက် -
  • ဗုဒ္ဓါနုဿတိဘာဝနာ အကြောင်းဖော်ပြချက်မှာ မြန်မာသူငယ်ချင်းများ မှ
  • ကိုကယ်လ်မွန် ၏ ဖော်ပြချက်များကို ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် . .
  • ဆက်စပ်ဖတ်ရှုနိုင်ရန် ဘုရားဂုဏ်တော် (၉) ပါး..
  • တရားတော်ကိုအွန်လိုင်းပေါ်မှာနားထောင်ချင်ရင် ဒီနေရာမှာ နားထောင်လို့ရပါတယ်..
  • ပေါ်လာတဲ့ စာမျက်နှာပေါ်က Play ကို Click လုပ်ရင်တရားနာလို့ရပါပြီ . .
  • ကွန်ပျုတာထဲကို တစ်ခါတည်း ကူးထည့်မယ်ဆိုရင်တော့ Download ကို Click လုပ်ရမှာပါခင်ဗျာ . အားလုံးလိုချင်ရင်တော့ ဒီနေရာ ကနေသွားလို့ရပါတယ် . .
သူငယ်ချင်းများအားလုံးနှလုံးစိတ်ဝမ်း အေးချမ်းရွှင်လန်းပြီး
အမျိုးဘာသာ၊ သာသနာအကျိုးကို တတ်အားသမျှထမ်းဆောင်ကြသူများ ဖြစ်နိုင်ကြပါစေ။