ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Showing posts with label ဘ၀ Life. Show all posts
Showing posts with label ဘ၀ Life. Show all posts

Dec 12, 2007

လိုအပ်ချက်တစ်ခု - A Requirement


မြင်သာမြို့ဦး
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့်
လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ

  • ဘဒ္ဒန္တပညာစာရ (ပဓါနနာယကနှင့် ကျောင်းအုပ်ဆရာတော်)
  • စတင်တည်ထောင်သည့်ပုဂ္ဂိုလ် - ဆရာတော် ဘဒ္ဒန္တကုသလ
  • စတင်တည်ထောင်သည့်ခုနှစ် - ၁၉၉၃ ခုနှစ် ဇွန်လ (၁)ရက်
  • ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄/၂ ရပ်ကွက်၊ သစ္စာလမ်းနှင့် ဖိုးခေါင်လမ်းထောင့်
  • ၁၉၉၃ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ဆရာတော် ဘဒ္ဒန္တကုသလသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနတွင် မှတ်ပုံတင်၍ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အဖြစ် ဖွင့်လှစ်တည်ထောင်ကာ နယ်စပ်ဒေသနှင့် ပြည်နယ်၊ တိုင်း၊ မြို့နယ် အသီးသီး တို့မှ မိဘမဲ့ ဆင်းရဲနွမ်းပါးသော ကလေးသူငယ် (၂၅)ယောက် တို့၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့ကို တာဝန်ယူကာ ပြုစု စောင့်ရှောက် ခဲ့ပါသည်။
  • ဆရာတော် ဘ၀နတ်ထံ ပျံလွန်တော်မူပြီးနောက် လက်ရှိဆရာတော် ဘဒ္ဒန္တပညာစာရမှ ဆက်လက် တာဝန်ယူ စောင့်ရှောက်ခဲ့ပြီး ၁၉၉၅-၁၉၉၆ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို အလယ်တန်းအဆင့်သို့ တိုးမြှင့်သင်ကြားနိုင်ခဲ့ပါသည်။
  • (၂၀၀၅) ခုနှစ်တွင် ဆရာတော် ဘဒ္ဒန္တပညာစာရသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနတွင် မှတ်ပုံတင်လျက် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအဖြစ်သို့ ပူးတွဲတိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။

ရည်ရွယ်ချက်များ

  1. မိဘမဲ့၊ ဆင်းရဲချို့တဲ့သော ကလေးများကို နွေးထွေးလုံခြုံစွာ ကျွေးမွေး စောင့်ရှောက်ပေးရန်။
  2. ကလေး သူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် လေ့ကျင့် ပြုစုပျိုးထောင် ပေးရန်။
  3. ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းစဉ်လာများကို သိရှိ နားလည်တတ်ပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်း တတ်စေရန်။
  4. ပညာတတ်လူငယ်များအဖြစ် မိမိအကျိုး၊ အများအကျိုးကို ထမ်းဆောင်နိုင်သော အရည်အချင်းပြည့်ဝသည့် လူငယ်၊လူရွယ်များအဖြစ် ပေါ်ပေါက်လာစေရန်။
  5. အသက်အရွယ် အလိုက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာ စောင့်ထိန်း တတ်စေရန်။
  6. ဘ၀တစ်သက်တာသိမှတ်ဖွယ်ရာများကို သင်ကြား လေ့ကျင့်စေခြင်းဖြင့် ကလေးများ မိမိကိုယ်ကို မိမိ ရပ်တည်နိုင်စေရန်။

လူမျိုးဘာသာမရွေး အသက်(၅)နှစ်အထက် ယောက်ျားကလေးများကို အောက်ပါအတိုင်း လက်ခံပါသည်။
  1. မိဘနှစ်ပါးမရှိသောကလေးများ၊
  2. မိဘာတစ်ဦးဦးမရှိသောကလေးများ၊
  3. ခိုကိုးရာမဲ့၊ ဆင်းရဲချို့တဲ့သောကလေးများ၊
  4. အကြောင်းအမျိုးမျိုးကြောင့် မိဘ(သို့မဟုတ်) အုပ်ထိန်းသူများနှင့် အတူမနေနိုင်သောကလေးများ၊
  5. မြန်မာနိုင်ငံ နယ်စပ်ဒေသများမှ တိုင်းရင်းသား ကလေးများ။
ဂေဟာတွင် လက်ခံထားသည့် ကလေး အရေအတွက်မှာ ၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် (၁၈၀)ဦး ရှိပါသည်။

သင်ကြားရေး အစီအစဉ်

မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကလေးငယ်များကို
ဂေဟာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ပညာသင်ကြားပေးပြီး၊
အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့် ကလေးသူငယ်များကို
သက်ဆိုင်ရာအထက်တန်းကျောင်းများနှင့် တက္ကသိုလ်ကောလိပ်များသို့ တက်ရောက်စေ၍
ပညာ ဆက်လက်သင်ကြား စေပါသည်။

ကျွေးမွေးရေး အစီအစဉ်

ကလေးများ၏ စားသောက်ရေးအတွက်...
  • သံဃာတော်များနှင့် သာမဏေများသည် မြို့နယ်များအတွင်း အလှည့်ကျ ဆွမ်းခံကြွလျက်လည်းကောင်း၊
  • ဂေဟာရန်ပုံငွေနှင့် စေတနာရှင်များ၏ လှူဒါန်းမှုဖြင့်လည်းကောင်း
ကျွေးမွေးပြုစု စောင့်ရှောက် လျက်ရှိပါသည်။

ကျန်းမာရေး စောင့်ရှောက်မှု

ကလေးများ ကျန်းမာရေးအတွက် စေတနာ့ဝန်ထမ်း ဆရာဝန် (၂)ဦးနှင့် တိုင်းရင်းသမားတော် (၁)ဦးတို့က အလှည့်ကျ စောင့်ရှောက်ပေးလျက်ရှိပြီး၊ ပြင်ပစေတနာရှင် သူနာပြုများ မှလည်း ကလေးများ၏ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေးတို့ကို ပြုစု စောင့်ရှောက်ပေးလျက် ရှိသည့်အပြင် အရေးပေါ်လိုအပ်လာပါကလည်း ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှုခံယူစေပါသည်။

ဖွံ့ဖြိုးရေး အစီအစဉ်

ကလေးများ အသိဉာဏ်ဖွံ့ဖြိုးစေရန်နှင့် စာပေဗဟုသုတ ရရှိစေရန်အတွက် စာကြည့်တိုက်တစ်ခုကို ဖွင့်လှစ်ထားရှိပါသည်။ ထို့ပြင် ကျန်းမာရေးနှင့် အထွေထွေ အသိပညာများ တိုးပွားစေရန် အတွက် ပြင်ပမှ ပညာရှင်များကို ဖိတ်ခေါ်၍ အသိပညာပေး ဟောပြောပွဲများကိုလည်း အခါအားလျော်စွာ ပြုလုပ် ပေးပါသည်။ စေတနာရှင်များ၏ ပံ့ပိုးမှုဖြင့် လေ့လာရေးခရီး ထွက်စေပါသည်။ ကလေးများကိုယ်လက်ကြံ့ခိုင်စေရန်နှင့် ခန္ဓာကိုယ် ကျန်းမာဖွံ့ဖြိုးစေရန် စေတနာ့ဝန်ထမ်း နည်းပြဆရာ(၁)ဦးနှင့် ဆရာမ(၁)ဦးတို့မှ ကျန်းမာရေးပညာပေး လေ့ကျင့်ခန်းများကို လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။ ထို့ပြင် ကျောင်းပိတ်ရက်နှင့် အားလပ်ချိန်များတွင်လည်း ကလေးများ လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားနိုင်ရန် အားကစားနည်းမျိုးစုံ တို့ကို ကစားစေပါသည်။
နွေရာသီ ကျောင်းပိတ်ရက်များတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ၊ အခြေခံသမထ ၀ိပဿနာ သင်တန်းများနှင့် အခြေခံ အင်္ဂလိပ်စကားပြော သင်တန်းများ၊ ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ပို့ချပေးပါသည်။ ကလေးများ ကျန်းမာ ပျော်ရွှင်စေရန် အတွက် ကျောင်းပိတ်ရက်များတွင် ဗီဒီယိုပြသပေးပြီး အခါအားလျော်စွာ ရာသီအလိုက်ပျော်ပွဲရွှင်ပွဲများ ကိုလည်း ကျင်းပပေးပါသည်။

အလှူငွေ လက်ခံ/အသုံးပြုမှု

  • စေတနာရှင်များ၏ လှူဒါန်းငွေများနှင့် အ၀တ်အထည်များ၊ ပရိဘောဂ ပစ္စည်းများ စသည်တို့ကို ကလေးများ အတွက် လိုအပ်သည့် နေရာများတွင် အသုံးပြု ပါသည်။ ဂေဟာရှိကလေး (၁၈၀)ကျော်တို့၏ တာဝန်ကြီးမားလှသော စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများ အခက်အခဲ မရှိစေရန်နှင့် ဘက်စုံ ဖွံ့ဖြိုး တိုးတက်စေရန် အလှူရှင်များ အနေဖြင့် ကလေးများ အတွက် အစားအသောက်၊ အ၀တ်အထည်၊ ဆေးဝါးများနှင့် ပညာရေးစရိတ်များ ကိုလည်း လှူဒါန်း နိုင်ကြပါသည်။
  • ဂေဟာရှိ အမြဲနေ ကလေးများ နှစ်စဉ် တိုးတက်များပြား လာသည်နှင့်အမျှ ကလေးများအတွက် လက်ရှိ အိပ်ဆောင်များဖြင့် လုံလောက်မှု မရှိပါသဖြင့် အလျား (၅၀)ပေ၊ အနံ (၃၈)ပေရှိ သုံးထပ်အိပ်ဆောင်တစ်ဆောင် ကို စေတနာရှင်များ၏ စုပေါင်း လှူဒါန်းမှုဖြင့် (၂၀၀၄)ခုနှစ်မှ စတင် ဆောက်လုပ်လျက်ရှိရာ အဆိုပါအိပ်ဆောင် ပြီးစီးနိုင်ရေး အတွက် အလှူရှင်များ လိုအပ်လျက်ရှိပါသည်။
  • ၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် အထက်တန်းကျောင်းသားများ တိုးတက် များပြားလာသည်နှင့်အမျှ အဆိုပါ ကလေးများ၏ အထက်တန်းအဆင့် ပညာများ ပိုမို ထူးချွန် အောင်မြင်နိုင်ရေး အတွက် နီးစပ်ရာ အထက်တန်း ကျောင်းတွင် ပညာ ဆက်လက်သင်ကြား စေသည့်အပြင် ကျောင်းချိန်ပြင်ပ တွင်လည်း ကျွမ်းကျင်သောဆရာများ ငှားရမ်းလျက် ဂေဟာအတွင်း၌ အနီးကပ်ကြီးကြပ် သင်ကြား ပို့ချ ပေးလျက် ရှိပါသည်။
  • ဂေဟာရှိ ကလေး(၁၈၀)ကျော်တို့အတွက်
    • နေ့စဉ်နံနက်စာ၊ ညစာများ။
    • အထက်တန်း/ အလယ်တန်း/ မူလတန်း ကျောင်းသား တစ်ဦးချင်းစီ အတွက် လစဉ် ပညာသင် စရိတ်များ။
    • အ၀တ်အထည်၊ အိပ်ရာအသုံးအဆောင်များ။
    • စာရေးကိရိယာများ/ ပညာသင်ကြားရေး အထောက်အကူပြု ပစ္စည်းများ။
    • လစဉ် ပညာဝန်ထမ်းလစာများ။ ဆေးဝါးများ၊ ကျန်းမာရေး စားရိတ်များ၊ ကျန်းမာရေး အသိပညာပေး အထောက်အကူပြု ပစ္စည်းများ။
    • ဆောက်လုပ်လျက်ရှိသော သုံးထပ် ကျောင်းဆောင် ပြီးစီးနိုင်ရေး အတွက် လိုအပ်သော အလှူငွေများကို မိမိတို့တတ်အားသမျှ နည်းများမဆို လှူဒါန်း နိုင်ပါသည်။

ဆက်သွယ် လှူဒါန်းနိုင်ရန် လိပ်စာ

မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊
သစ္စာလမ်းနှင့် ဖိုးခေါင်လမ်းထောင့်၊ (၁၄/၂) ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၀၁) ၅၆၃၃၅၁

မြင်ကွင်းအချို့

Donation: Volunteer

Donation: Volunteer

(၂၀၀၄)ခုနှစ်မှ စတင်ဆောက်လုပ်နေသော
အလျား (၅၀)ပေ၊ အနံ (၃၈)ပေရှိ
စေတနာ ရှင်များ လိုအပ်နေသည့် ဆောက်လက်စ သုံးထပ်အိပ်ဆောင်


Donation: Volunteer

ကျွန်တော်တို့ တတွေ အသက် ရှင်သန်နေကြတာ ဘယ်အတွက်လဲ …
ပိုက်ဆံတွေ ရှာနေကြတာ ဘာလုပ်ဖို့လည်း …
ကောင်းကောင်းနေ ကောင်းကောင်းစား နိုင်ဖို့ အတွက်လောက် ဆိုရင်တော့ ၀မ်းနည်းဖွယ်ရာပါပဲ …
သေရင် ကိုယ့်နောက်လိုက်မလာ နိုင်တဲ့ ပိုက်ဆံကို ရှာလို့ရလာတဲ့ အခါ …
သေရင် ကိုယ့်နောက် လိုက်လာမယ့် ကောင်းမှု ကုသိုလ်တွေ အတွက် အသုံးချနိုင်ကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်... …


What is the meaning or our living?
Why do we search Money, Money, Money?
Search the Money to eat well, to wear well and to live well?
If so, nothing will follow these money after we died. Believe it.
Donation or Helping our Money to Poors or other Requirements as much as we can is the best way to use our Money.
I hope you all will use all of your Money in Right Places, on Right Time.
Best Wishes …

Dec 10, 2007

ရှေ့ခရီး Forward


လက်ရှိအလုပ်မှာ အခြေအနေအရ ရောက်နေပေမယ့် …
လုပ်ချင်တာနဲ့ လုပ်နေရတာ၊ ၀ါသနာပါတာနဲ့ သင်ခဲ့ရတာ နှစ်မျိုးလုံး ပြိုင်တူလွဲနေတယ် :D
အခု ၂၈ နှစ် ပြည့်တော့မယ် တကယ်လုပ်ချင်တာက IT လေ့ကျင့်ရေးစခန်း -

  • သင်တန်းမှ ထွက်ခွာချိန်တွင် သင်ခဲ့ရသမျှ နည်း/များမဆိုကို တကယ်တတ်သိ နားလည်စေမည့်...
  • ကွန်ပျုတာရှိသည့် နေရာတိုင်းတွင် ကွန်ပျုတာပညာများ သင်ကြားပေးနိုင်သူ မရှိသည့်အတွက် ကိုယ်တိုင် ရှေ့ဆက် စနစ်တကျ လေ့လာဆည်းပူး နိုင်မည့် အခြေခံလျှို့ဝှက်ချက်များ ကိုပါ သိရှိသွားအောင် ဆရာစားမချန် လေ့ကျင့်ပေးမည့် …
  • ငွေကြေး မတတ်နိုင်သော်လည်း အရည်အချင်း အမှန်တကယ်ရှိသူ များကို အခမဲ့ ပညာဒါနပေးဝေသွားမည့်...
  • ………
  • ………
  • (ရည်မှန်းချက် အချို့ ချပြတာပါ)
IT လေ့ကျင့်ရေးစခန်း တစ်ခုကို နောင်တစ်ချိန်မှာ လုပ်သွားချင်တာ…
တစ်ယောက်ထဲ မနိုင်သေးတဲ့ အတွက် လောလောဆယ် ကိုးထပ်ကြီး ဘုရား၊ ၀ံသမေဒနီ ဘုန်းကြီးကျောင်းက တနင်္ဂနွေနေ့ ပညာဒါန သင်တန်းတွေမှာ နိုင်တဲ့ ဘက်က ကူညီနေတယ်…

တကယ် လုပ်တော့မယ်ဆိုရင် လက်ရှိ အလုပ်က ထွက်ရမယ် …
အခြေအနေအရ မထွက်နိုင်သေးဘူး (နီးတော့ နီးနေပြီ အတော်စိတ်ကုန်နေလို့ :) )
ပြီးတော့ နေရာ ပစ္စည်းနဲ့ အခြား အခြေခံ အထောက်အကူတွေ အတွက် ပိုက်ဆံ မလုံလောက်သေးဘူး …
(သင်တန်းက စီးပွားရေး အရ ရှုံးနိုင်တဲ့ အတွက် :P) ရှာဖွေ စုဆောင်းရဦးမယ် …

လူအား အနေနဲ့ Volunteer ကူညီမယ့် သူနှစ်ယောက် လောလောဆယ် ရထားတယ်
တစ်ယောက်က မြန်မာမှာ၊ နောက်တစ်ယောက်က လောလောဆယ် အင်္ဂလန်မှာ …

ဘယ်အချိန်သေမလဲ မသိတဲ့ အတွက် အချိန်က များများမကျန်တော့ဘူး …
သေရင် ကိုယ့်နောက် မပါနိုင်တာတွေ မလုပ်ချင်တော့ဘူး ဖြစ်နေတယ် …

နောင်လာမယ့် ညီ/ညီမငယ်တွေကို ၈/၉/၁၀ တန်းလောက်က စပြီး ဘ၀မှာ ကိုယ်စိတ်ဝင်စားတဲ့အရာကို ကိုယ်တကယ် သိရှိ ရွေးချယ် လျှောက်လှမ်း နိုင်တဲ့ အစွမ်းအစတွေ ထွက်လာအောင် တတ်နိုင်တဲ့ ဘက်ကနေ နှိုးဆွပေးချင်တယ်…
(၁၀ တန်းဖြေပြီးမှ ဆိုရင် နောက်ကျသွားပြီလို့ ကျွန်တော်ထင်တယ်) …

ကြုံကြိုက်လို့ ပြောလိုက်မိတာပါ …
တစ်နေ့ အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်နေပါတယ် …
တတ်နိုင်သလောက်နဲ့လည်း အနှေးနဲ့ အမြန် စလုပ်သွားဖို့ ရည်ရွယ်ထားပါတယ် …
ရည်ရွယ်ချက် တူညီတဲ့ Volunteer, Contributor ညီအကို မောင်နှမများကိုလည်း ကြိုဆိုပါတယ် …

Oct 29, 2007

မသေခင်ဘာလုပ်ကြမလဲ (၃) - ဘာကြောင့် ဘလော့ဂ်ရေး


ကျွန်တော်လေ့လာ တွေ့ရှိထားသမျှ၊ ဖတ်ရှုမှတ်သားမိသမျှ အဖိုးတန်အချက်အလက်များ (အချို့မှာ ကျွန်တော့် အနေဖြင့် အဖိုးတန်သည်ဟု ထင်မြင်သော အချက်အလက်များ)နှင့် တရားတော်များကို ရသမျှ အချိန်ကလေးမှာ အင်တာနက် မှတဆင့်-

  • မိတ်ဆွေများ၊ သူငယ်ချင်းများ အတွက် အကျိုးရှိစေရန်၊
  • မသိသေးသူများ သိရှိလာစေရန်နှင့်
  • သိရှိထားပြီးသူများ အသစ်ပြန်ဖြစ် လာစေရန် အတွက် -
ပြန်လည် ဝေငှခြင်းသည် တတ်နိုင်သည့် တစ်ဖက်တစ်လမ်းမှ လောက အကျိုး၊ အများ အကျိုး သယ်ပိုး ထမ်းရွက်ခြင်းဖြစ်သည်ဟု ယုံကြည်မိပါသည်..

အချိန်အခက်အခဲကြောင့် မြန်မာဘလော့ဂ် အများစုသို့ ကျွန်တော် မရောက်ဖြစ်သလို၊ (အချိန်ရလျှင် သွားတတ်သည့် ဘလော့ဂ်များလည်း ရှိပါသည်..) လာလည်ဖို့ အတွက်လည်း ဖိတ်ခေါ်ထားခြင်းမျိုး မပြုလုပ်ခဲ့ပါ.. မလွဲမရှောင်သာ ဤဘလော့ဂ်ကို ပြန်လည်ရည်ညွှန်းမှ ရမည့် အကြောင်းများ ရှိလာမှသာ လိပ်စာ ဖော်ပြ၍ ရည်ညွှန်းထားခြင်းမျိုး ပြုလေ့ရှိပါသည်.. မတော်တဆဖြစ်စေ၊ သိခြင်းကြောင့် ဖြစ်စေ၊ အင်တာနက်ရှိ ရှာဖွေရေး ၀က်ဘ်ဆိုက် (Search Engine) များမှ တဆင့် ဖြစ်စေ - စသည့် အကြောင်း အမျိုးမျိုးကြောင့် ဤနေရာသို့ ရောက်ရှိလာသူများမှာ အချိန်အခါ အကျိုးအကြောင်း တိုက်ဆိုင်စွာဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်ဟု ထင်ပါသည်.. ဤနေရာသို့ ရောက်ရှိလာသူ မိတ်ဆွေ သူငယ်ချင်းများ၏ ကိုယ်၊နှုတ်၊စိတ် သုံးပါးလုံးအတွက် ဖြစ်စေ၊ တစ်ပါးပါး အတွက်ဖြစ်စေ အသိပညာ၊ ဗဟုသုတ၊ ဥာဏ်အလင်း စသည့် ကောင်းကျိုးချမ်းသာ တစ်စုံတစ်ရာ ပွင့်လင်း ရရှိသွားစေလိုခြင်းသည် ကျွန်တော့်၏ ရည်ရွယ်ချက် တစ်ခုပင် ဖြစ်ပါသည်..

မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်များအရ - လူ့ဘ၀မှာ အလွန်ရခဲသည့် အဖြစ်တစ်ခု ဖြစ်ပြီး၊ သံသရာတွင် အဆွေအမျိုး မတော်စပ်ခဲ့ ဖူးသူ မရှိကြောင်း၊ အားလုံးသည် အဆွေအမျိုးများ ဖြစ်ကြောင်း၊ နာကြားမှတ်သား ရသည့် နောက်တွင် ကျွန်တော်၏ (သံသရာ အစဉ်အဆက်မှ) အဆွေအမျိုးများကို အတတ်နိုင်ဆုံး "အကောင်းများ၊ လောကအကျိုး သံသရာ အကျိုး ဖြစ်လာစေမည့် အရာများ" ကိုသာ အထူး မျှဝေလိုစိတ် ဖြစ်ပေါ်မိပါသည်..

လူရယ်လို့ ဖြစ်လာသည့်အခါ အဆင်မပြေစရာများ၊ စိတ်ညစ်စရာများ ကတော့ လူတိုင်းမှာ၊ အခြေအနေ အဆင့်အတန်း တိုင်းမှာ မလိုချင်ပဲ ရနေ ရှိနေတာဖြစ်သည့်အတွက် ကိုယ့်အပူ သူများမကူးစက်အောင် ကိုယ့်ဘာသာပဲ ဖြေရှင်း နိုင်သမျှ ဖြေရှင်းတာ အကောင်းဆုံး ဖြစ်မည် ထင်ပါ၏..

လူ့ဘ၀မှာ တိုတောင်းလွန်းလှသည့်အတွက်၊ အချိန်အခါမရွေး အသက်သေဆုံးသွားနိုင်သည့် အတွက် (တနည်းအားဖြင့် ရှင်သန်နေထိုင်ခွင့် အချိန်မရွေး ဆုံးရှုံး ပျက်စီးသွားနိုင်သည့် အတွက်) ရှင်သန်နေရချိန် ကာလ အခိုက်အတန့် အတောအတွင်း လေးမှာ ကျွန်တော်တို့ အနေဖြင့်
  • ကောင်းရာမွန်ရာများ ကိုသာ အတတ်နိုင်ဆုံး ကိုယ်တိုင် ဆောင်ရွက်ခြင်း၊
  • (သံသရာမှ ယခုဘ၀ အထိ) အဆွေအမျိုး များအား မျှဝေခြင်း၊
  • လေ့ကျင့်ခြင်းများ ကိုယ်စီ ဆောင်ရွက်ကြမည် ဆိုပါလျှင်..
အရာရာတိုင်းမှာ ယခုထက်ပိုပြီး သက်တောင့်သက်သာ ဖြစ်လာနိုင်ဖွယ်ရာ ရှိမည်ဟု မျှော်လင့် ယုံကြည်မိပါသည်...

Oct 20, 2007

စိတ်ကို ဆုံးမနည်း


ဒီနေ့ဟာ - မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ သီတင်းကျွတ်လဆန်းရှစ်ရက် ၊ သောကြာနေ့ ဖြစ်ပါတယ်...
ဒီလို ဥပုသ်နေ့ တစ်နေ့မှာ ရပ်နီးရပ်ဝေးက မြင်ဖူး၊ မမြင်ဖူးတဲ့
သူငယ်ချင်းတွေ အတွက် နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...
“သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့
“စိတ်ကို ဆုံးမနည်း” တရားတော်ပါ...အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...
ဖတ်ရှု နာယူကြည့်ကြပါ သူငယ်ချင်းများ...

လှုပ်ရှားနေတဲ့ စိတ်
လှုပ်ရှားနေတဲ့ စိတ်ဟာ တုန်လှုပ်နေတယ်..
အဲဒီ စိတ်ရဲ့ တုန်လှုပ်ပုံက ရေထဲက ငါး ကုန်းပေါ် ဆယ်တင်ထားခံရသလို တဖျတ်ဖျတ် တုန်လှုပ်နေတယ်
အဲဒီလိုပဲ အာရုံငါးပါးထဲက ဆွဲထုတ်ခံလိုက်ရတဲ့ စိတ်ဟာ တဖျတ်ဖျတ်နဲ့ တုန်လှုပ်နေတယ်
ဇနီးမယား သမီးသားနဲ့ စီးပွား ဥစ္စာ ကာမဂုဏ် အာရုံတွေထဲမှာ အမြဲတမ်း မွေ့လျော်နေတဲ့ စိတ်ဟာ အဲဒီဟာတွေနဲ့ ဝေးသွားတာနဲ့ တုန်လှုပ်နေတယ်

ရေထဲမှာ ပျော်တဲ့ ငါးဟာ ရေထဲကနေ ကုန်းပေါ် တင်လိုက်တာနဲ့ ငြိမ်နေလို့မရဘူး ... တဖျတ်ဖျတ်လူးပြီး ခုန်နေတာ...
လူထဲမှာ ပျော်တဲ့ စိတ်ဟာလည်း လူနဲ့ ဝေးပြီးတော့ သွားတာနဲ့ မနေတတ်မထိုင်တတ် ဖြစ်ပြီးတော့ တုန်လှုပ်နေတယ်

ရေထဲက ငါး ရေထဲမှာပဲ ပျော်သလို လူ့စိတ်ဟာလည်း ကာမဂုဏ်ထဲမှာပဲ ပျော်တယ်..
ကာမဂုဏ်နဲ့ ဝေးရင် ငါးခုန်သလို ခုန်နေတတ်တယ်...
တုန်လှုပ်နေတဲ့ စိတ်ဟာ မာရ်နတ်မင်းရဲ့ နိုင်ငံတော်ကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး
မာရ်နတ်မင်းရဲ့ နိုင်ငံဆိုတာ "ကာမ၀ဋ်၊ ကိလေသ၀ဋ်၊ ၀ိပါက၀ဋ်" ဆိုတဲ့ ၀ဋ် သုံးပါး၊
လွန်မြောက်ဖို့ အခက်တွေ့နေရတာက "ကာမဂုဏ် ငါးပါး" သို့မဟုတ် "အာရုံငါးပါး" ဆိုတဲ့
မာရ်မင်းရဲ့ စစ်သည်တော်တွေက ၀ိုင်းရံထားလို့ မလွန်မြောက်နိုင်...
တုန်လှုပ်နေတဲ့  စိတ်ဟာ မာရ်မင်းရဲ့ စစ်သည်တော်တွေကို ဖောက်ထွက်ပြီး
မာရ်မင်းရဲ့ နိုင်ငံတော်ကနေ လွတ်မြောက်ဖို့ ဆိုတာ မတတ်နိုင်...
အဲဒီလို တုန်လှုပ်ခြောက်ခြားတဲ့ စိတ်ကို ငြိမ်သက်လာအောင် ဆုံးမနိုင်ရမယ်...

မြတ်စွာဘုရား မိန့်ကြားတဲ့ စိတ်ဆုံးမနည်း
ချစ်သား ရဟန်းတို့
စိတ်သည် တုန်လှုပ်တယ်.. လျှပ်ပေါ်လော်လီတယ်.. စောင့်ရှောက်နိုင်ခဲတယ်.. တားဆီးဖို့ရန် ခက်ခဲတယ်..
ရဟန်းတို့ ဤသို့သော သဘော ရှိသော စိတ်ကို ဖြောင့်အောင်ပြုလော့
မြှားလုပ်တဲ့ ပုဂ္ဂိုလ်သည် မြှားကို ဖြောင့်အောင် ပြုလုပ်သကဲ့သို့၊
ဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်မှန်သမျှသည် စိတ်ကို ဖြောင့်မတ်လာအောင် ပြုလုပ်နိုင်ကြပါစေ။

စိတ်ဟာ ကောက်နေမယ်၊ ကောက်ကျစ်နေမယ် ဆိုရင်
ပါးစပ်က "နိဗ္ဗာန်နဿ ပစ္စယောဟောတု" နေ့တိုင်း ရွတ်နေလည်း နိဗ္ဗာန်မရောက်နိုင်ဘူး...
ရာဂ လောဘ မောဟ စတဲ့ ကိလေသာ တစ်ခုခု ၀င်လာပြီ ဆိုတာနဲ့ စိတ်ဟာ မဖြောင့်တော့ဘူး
စိတ်ထဲက ဃရာဝါသ အစရှိတဲ့ အကာတွေ အူတွေကို ရှင်းလင်း ဖယ်ရှားနိုင်ရမယ်...
လူ့လောကထဲမှာ ဇနီးမယား သမီးသား စီးပွားဥစ္စာ အစရှိတာတွေနဲ့ ရောထွေးပြီးတော့ နေမယ်ဆိုရင် စိတ်ဟာ မဖြောင့်နိုင်ဘူး..
စိတ်ကို "လောက" ဆိုတဲ့ အပေါ်ယံ အကာတွေ ကနေ ခွာရှောင်နိုင်ဖို့ "သဒ္ဒါတရား" လိုအပ်တယ်...
သဒ္ဒါတရားမရှိရင် တောထွက်သွားတယ် ဆိုပေမယ့် တောထဲမှာ တရားအလုပ် အားထုတ်တာ မဟုတ်ဘဲ မုဆိုးလုပ်နေတာ ဖြစ်နေနိုင်တယ်...


စိတ်ကို သဒ္ဒါတရား များများရှိလာအောင်လုပ်..
ရတနာသုံးပါး.. သမထ၊ ၀ိပဿနာ တွေကို အာရုံပြုလိုက်ရင် စိတ်ဟာ ကြည်လာတယ်..
အဲဒီလို သဒ္ဒါတရား ရှိနေတဲ့ စိတ်ကို သီလနဲ့ ပြည့်စုံအောင် လုပ်ရမယ်...
ပြီးတော့ သမထက တစ်ဖက်၊ ၀ိပဿနာက တစ်ဖက် နှစ်ဖက်ညှပ်ပြီးတော့ စိတ်ကို ဖိထား..
"၀ီရိယ" နဲ့နာနာ အားထုတ်ကြ...
"သမထ" နဲ့ တစ်ဖက်က ဖိတော့ စိတ်ဟာ ငြိမ်လာတယ်...
"၀ိပဿနာ" နဲ့ တစ်ဖက်က ဖိတော့ စိတ်ဟာ ထက်လာတယ်...
"သမထ"က စိတ်ကို ငြိမ်စေတယ်.. "၀ိပဿနာ"က စိတ်ကို ထက်မြက်စေတယ်...
ဒါမှမဟုတ်.. တစ်ဖက်က "သမာဓိ"နဲ့ ဖိရင် တစ်ဖက်က"ပညာ"နဲ့ ဖိရမယ်...
ကိလေသာကို ခြိမ်းခြောက်နိုင်သော "၀ီရိယ" ကိုများများ အသုံးပြုပြီး နှိမ်နင်းရမယ်..

နှစ်ပေါင်းများစွာ ကမ္ဘာပေါင်းများစွာ
ခန္ဓာကိုယ်ကြီးမှာ ကိန်းအောင်းနေတဲ့ ဒီ "ကိလေသာ"ရန်သူကို တကယ် တိုက်တော့မယ် ဆိုရင်
၂၄ နာရီမှာ ၁၈ နာရီလောက် အလုပ်လုပ်
( ၄ နာရီအိပ်၊ ကိုယ်လက်သန့်ရှင်း အစာစားတာတွေအတွက် ၂ နာရီထား) ပြီး
ဒီ"ကိလေသာ" ကို တိုက်မယ်ဆိုရင်
နေ့ရော ညရော၊ ညရော နေ့ရော မပျင်းမရိ အားထုတ်ကြမှ
"ကိလေသာ"ရန်သူကို ခြိမ်းခြောက်နိုင်တဲ့ ပြင်းထန်သော "၀ီရိယ"ရှိမှ
"စိတ်ဟာ ဖြောင့်လာမယ်"..
ဖြောင့်လာတဲ့ စိတ်မှသာ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်မယ်...
ဒါဟာ စိတ်ပြင်တဲ့ နည်း ပဲ...

တုန်လှုပ်နေတဲ့ စိတ်..
လျှပ်ပေါ်လော်လီတဲ့ စိတ်..
စောင့်ရှောက်နိုင်ခဲတဲ့ စိတ်..
တားဆီးဖို့ရန် ခက်ခဲတဲ့ စိတ်..

အဲဒီ စိတ်ကို ဥာဏ်ရှိတဲ့ သူတော်ကောင်းတွေက ဖြောင့်မတ်လာအောင် လုပ်ကြရမယ်...

မြတ်စွာဘုရား မိန့်ကြားတဲ့ မိတ်ဆွေရှုာနည်း
မိတ်ဆွေရှာဖွေတဲ့ အခါမှာ-
"မိမိထက် မြတ်တဲ့သူ၊ အကျင့်လည်းကောင်းသူ၊ အသိပညာရှိသူ" ကိုရရင် ကောင်းတယ်.. အဲဒါ ကိုယ့်ထက် သာတဲ့သူ.. ကောင်းတယ်
"မိမိနဲ့ တန်းတူတဲ့သူ၊ အကျင့်လည်းတန်းတူ ဖြစ်သူ၊ အသိပညာလည်း တန်းတူရှိသူ" ကိုရရင်လည်း ကောင်းတယ်.. အဲဒါဆိုလည်း အပြန်အလှန် မှီခိုလို့ ရတယ်
အဲဒီလို ကိုယ့်ထက်သာသူ၊ ကိုယ်နဲ့ တန်းတူ ဖြစ်သူတွေကို မရဘဲ
ကိုယ့်အောက် "အဆင့်လည်းနိမ့်သူ အသိပညာလည်း နိမ့်သူ"ကို ရခဲ့မယ် ဆိုရင်တော့..
မြင့်တက်လာအောင် ချီးမြှောက်ရမယ်..
ကြိုးစားပြီး မြင့်လာအောင် လုပ်လို့ အသိနဲ့ အကျင့် တိုးတက်လာမယ်ဆိုရင် ... ပေါင်းလို့ ရသေးတယ်
ချီးမြောက်လည်းမရ ဆွဲတင်လည်းမရ တိုးတက်မလာတာ...
ပိုနိမ့်ကျသွားတာမျိုးတွေ ဖြစ်လာမယ်ဆိုရင် အဲဒီလိုလူမျိုးကို ရှောင်ပါ... လူမိုက်

လူမိုက်ဆိုတဲ့ ပုဂ္ဂိုလ်မှာ အတူတကွ ဆိုတဲ့ စိတ်မျိုး မရှိဘူး..
ကိုယ်ချမ်းသာစဉ်က အတူ၊ ကိုယ်ဆင်းရဲတဲ့ အခါ စွန့်သွားတယ်..
သူဆင်းရဲစဉ်က အတူ၊ သူချမ်းသာတော့ စွန့်သွားတယ် ဆိုတဲ့ သူမျိုး ဟာ မိတ်ဆွေကောင်း မဟုတ်ဘူး..

"၀ိတက်"တွေကို ချုပ်ငြိမ်းသွားအောင် အာနာပါန နဲ့ချုပ်..
"ရာဂ" တွေ ချုပ်ငြိမ်းအောင် အသုဘနဲ့ နှိမ်နင်းကြ..
"ဒေါသ" တွေ ချုပ်ငြိမ်းအောင် မေတ္တာများများပွား..

နည်းကောင်း လမ်းကောင်းတွေကို ညွှန်ပြတာ ကလျာနမိတ် (မိတ်ဆွေကောင်း)၊ အမှီပြုရမယ် ပေါင်းရမယ်..

အခုဖော်ပြထားတာတွေက တချို့တ၀က်မျှသာ ဖြစ်ပါတယ် ..
ဆရာတော် ဟောကြားထားတာက အများကြီး ပြည့်စုံပါတယ်..
ဖော်ပြထားတာတွေမှာ
တစ်ခုခု အမှားအယွင်းများပါရှိခဲ့ရင်
ကျွန်တော့်ဘက်က ချွတ်ယွင်းချက်သာ ဖြစ်ပါတယ်...
အမှတ်မလွဲရအောင်
ဖတ်ပြီးသွားရင် တရားတော်ကို ရယူနာကြား စေချင်ပါတယ်
-"စိတ်ကို ဆုံးမနည်း" တရားတော် - ရယူနာကြားနိုင်ရန် ၂.၁၄ မီဂါဘိုက် WMA ဖိုင်

သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော်အကျိုးကို
တတ်အားသမျှ သယ်ပိုး ထမ်းရွက်သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် ....

Sep 27, 2007

လောက၏သဘော (The Nature of The World)


ရပ်နီးရပ်ဝေးက မြင်ဖူး၊ မမြင်ဖူးတဲ့ ညီအကို၊ မောင်နှမ၊ သူငယ်ချင်းများအတွက်..
၁၃၆၉ ခုနှစ်၊ တော်သလင်းလပြည့် ဗုဒ္ဓဟူးနေ့ က နာကြားခဲ့တဲ့ တရားတော်တစ်ပုဒ်ကို ဝေမျှလိုက်ပါတယ် ..
“သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့
“လောက၏သဘော” တရားတော်ပါ...အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...
ဖတ်ရှု နာယူကြည့်ကြပါ သူငယ်ချင်းများ...

The Nature of The World
သတ္တ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟူ၍လောက သုံးမျိုးရှိသည်...
လောက၏ အဓိပ္ပါယ် = ပျက်စီးခြင်း
လောကုတ္တရာ၏ အဓိပ္ပါယ် = ပျက်စီးခြင်းမှ လွန်မြောက်ခြင်း အဆက်မပြတ်ပျက်စီးနေသော လောကကို လွန်မြောက်ခြင်း
ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မြတ်ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာပြီး
အနည်းဆုံးလေးခု - ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ - ကို လုပ်ပါ
ကောင်းမှုလေးမျိုး ဘာပဲလုပ်လုပ် ရည်ရွယ်ချက် မပျောက်စေနဲ့ ...
ဘာကို ရည်ရွယ်ရမလဲဆိုတော့ လောကုတ္တရာကို ရည်ရွယ်ရမယ်...
ပျက်စီးခြင်းကို လွန်မြောက်အောင် ရည်ရွယ်ရမယ်...
"ပျက်စီးနေတဲ့ သဘော ထပ်ခါ တလဲလဲပျက်စီးနေတာ နည်းမျိုးစုံနဲ့ ပျက်စီးနေတာ လောက"

စီးပွားရေးလောက - ပျက်စီးနေတယ်
ဘာသာရေးလောက လည်းပျက်စီးနေတယ်..
ဘာသာရေးခေါင်းဆောင်တွေဟာ တကယ်ရော ဘာသာရေး အဆုံးအမတွေအတိုင်း လိုက်နာကြသေးရဲ့လား..
ဘာသာရေးထဲမှာ ဘာသာရေးမဟုတ်တာတွေ ဘာတွေရောလုပ်နေလဲ..
တခြားဘာသာတွေရော လှမ်းကြည့်လိုက် ဘာတွေလုပ်နေကြပြီလဲ .. ပျက်စီးနေတယ်..

လောကရဲ့ သဘောမှာ ရယ်မောခြင်း ငိုကြွေးခြင်း၊ ဖန်တီးခြင်း ပျက်စီးခြင်းများ ပါရှိသည်...
နိဗ္ဗာန်မှာ ဖြစ်တာမရှိတဲ့ အတွက်ကြောင့် ပျက်တယ် ဆိုတာလည်း မရှိ... အဲဒါ လောကုတ္တရာ..

ရဟန္တာကြီးများသည် လူစည်ကားရာ နေရာကို ရှောင်ရှားကြသည်.. စည်ကားခြင်းကို ကြောက်ကြသည်..
ရဟန္တာအရှင်မြတ်ကြီးများ လူစည်ကးရာကို ရှောင်ကာ တောထဲသွားပြီး ဖလသမာပတ် ၀င်စားကြသည်..

ဖလသမာပတ်ဝင်စားပုံ
(ဆရာတော်၏ လေသံအတိုင်း ပြန်လည်ဖော်ပြပါမည်)
ရှေးဦးစွာ တင်ပလ္လင်ခွေထိုင်၊ ခြေဖျားက ဆံပင်ဖျား တလံမျှရှိတဲ့ ခန္ဓာကိုယ်ကို အနိစ္စရယ် ဒုက္ခရယ် အနတ္တရယ် သုံးချက်တင် ဆင်ခြင်တာ ၀ိပဿနာဥာဏ် ဆယ်တန်ဆုံးတယ်...
ဝိပဿနာဆင်ခြင်တာ ဥာဏ်ဆယ်ချက်ဆုံးတော့ မဂ်စိတ် မလာဘဲနဲ့
အရဟတ္တဖိုလ်စိတ်တွေချည်း တောက်လျှောက် တန်းလာတယ်..
ရောက်လာတဲ့ အရဟတ္တဖိုလ်စိတ်သည် နိဗ္ဗာန်ကို ကြည့်နေတယ်
အရှေ့က ၀ိပဿနာ ဥာဏ်ဆယ်ပါးက ခန္ဓာ... နောက်ပေါ်လာတဲ့ အရဟတ္တဖိုလ်စိတ်က နိဗ္ဗာန်
နောက်တစ်မျိုး ပြင်ပြောမယ်... ရှေ့က၀ိပဿနာ ဥာဏ်ဆယ်တန်က လောကကို ကြည့်တယ်
နောက်ဝင်လာတဲ့ အရဟတ္တဖိုလ်စိတ်က လောကုတ္တရာကို ကြည့်တယ်..
ရှေ့က၀ိပဿနာ ဥာဏ်ဆယ်ပါးက လောကသဘောကို ကြည့်တယ်..
ဘာတွေ့လဲဆိုတော့ ပျက်စီးတယ်၊ နှိပ်စက်တယ်၊ ဒုက္ခဖြစ်တယ်.. ဒါတွေတွေ့တယ်..
အရဟတ္တဖိုလ်စိတ် ၀င်လာပြီလည်းဆိုရော လောကကြီးကို လွန်ထွက်သွားပြီးတော့ နိဗ္ဗာန် - လောကုတ္တရာကိုကြည့်လိုက်တော့ ဖြစ်ခြင်းလည်းမရှိဘူး ပျက်ခြင်းလည်းမရှိဘူး..
ဝိပဿနာဥာဏ်ဆယ်ပါးဖြင့် ခန္ဓာကိုကြည့်တော့ (ခန္ဓာဆိုတာ လောကထဲမှာ) ဘာတွေ့လဲဆိုတော့
ပျက်စီးတာ နှိပ်စက်တာ ဖြစ်တာ စတဲ့ ဒုက္ခသစ္စာပိုင်းကို တွေ့တယ်
အဲဒါတွေကို လွန်ထွက်သွားပြီလည်းဆိုရော အရဟတ္တဖိုလ်စိတ် ၀င်လည်းလာရော
အရဟတ္တဖိုလ်စိတ်က ဘာကိုကြည့်လဲဆိုတော့ နိဗ္ဗာန်..
နိဗ္ဗာန်ဆိုတော့ ဖြစ်ခြင်းလည်းမရှိဘူး ပျက်ခြင်းလည်းမရှိဘူး ပကတိငြိမ်နေတယ် ငြိမ်းနေတယ် (Stability & Peace) လောကထဲမှာ အဲဒီနှစ်ခု မရှိဘူး၊ Stability & Peace မရှိဘူး
Stability & Peace = Happiness ဒါသေချာတယ်
Mentally, Physically - Peace နှစ်မျိုးရှိတယ်
Stability မှာလည်း Stability of Mind, Stability of Life စသည်ဖြင့် ရှိတယ်
ရဟန္တာကြီးတွေက လွတ်မြောက်တဲ့ အရသာ၊ ၀ိမုတ္တိသုခကို ခံစားပြီး လူတွေကို ရှောင်ကြတယ်

မာရ်နတ်ဆိုတာ နတ်ပြည်ခြောက်ထပ်မှာ ထိပ်ဆုံးနတ်ပြည် "၀ဿဝတ္တီ"က နတ်သား
မာရ်နတ် ဘာကြောင့် နာမည်ကြီးလည်း ..
ကောင်းလွန်းလို့ နာမည်ကြီးတာ မဟုတ်ဘူး... ဆိုးလွန်းလို့ နာမည်ကြီးတာ..
နာမည်ကြီးရင်ပြီးရော လျှောက်မလုပ်ကြနဲ့..

မြတ်ဗုဒ္ဓ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးတော်မူနေစဉ်တွင်
အနုရုဒ္ဒါ ရဟန္တာအရှင်မြတ်၏ ညီမ "ဥပစာလာ" အမည်ရှိ ရဟန္တာမတစ်ပါးရှိတယ်...
တနေ့မှာ မာရ်နတ်က လျှောက်သွားရင်း ဖလသမာပတ်ဝင်စားနေတဲ့ "ဥပစာလာ" ရဟန္တာမဆီကို ရောက်လာတယ်...
လှပတဲ့ ဥပစာလာ ထေရီဆီကို မာရ်နတ်က ကပ်ပြီး နတ်ပြည်ခြောက်ထပ်ရဲ့ စည်းစိမ်တွေနဲ့ စည်းရုံးတယ်...

(ဒေါ်လာ မော်တော်ကား အလုပ် ရာထူး ပရိုမိုးရှင်းတွေနဲ့ ဖြားယောင်းတာတွေ မပါသေးဘူး..
ဖြားယောင်းတိုင်း ပါမသွားဖို့ Stability of the Mind အရေးကြီးတယ်၊ စိတ်ဓါတ်ကြံ့ခိုင်ဖို့ အရေးကြီးတယ်..)

တုန်လှုပ်နေတဲ့ သိကြားမင်းနဲ့ ချစ်သူကို စောင်းတီးအလှဖွဲ့တဲ့ ပဉ္စသိင်္ခ နတ်သား
တဏှာကြောင့် ဝေဒနာဖြစ် <=> ဝေဒနာကြောင့် တဏှာဖြစ်
တဏှာရှိရင် တုန်လှုပ်ခြင်းကို ဖြစ်စေတဲ့ အင်အားတွေရှိနေမယ်

ဘ၀ဆိုတာ သဲကမ်းပါးပေါ်မှာ အိမ်ဆောက်ပြီးနေကြတဲ့ သူတွေလိုပဲ အားလုံးတုန်လှုပ်နေတယ်..
လူ့ပြည် နတ်ပြည် အားလုံး တုန်လှုပ်နေတယ်
ဘ၀တည်ငြိမ်မှုအတွက် အားထုတ်ကြရမယ်
ဘ၀ တည်ငြိမ်မှု မှာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်း နှစ်မျိုး ရှိတယ် စိတ်ပိုင်းတည်ငြိမ်မှု ပိုအရေးကြီးတယ်
စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု အတွက်
စိတ်ကို လှုပ်ရှားစေတဲ့ အဓိက အကြောင်းရင်းဖြစ်တဲ့ "တဏှာ"ကို ဖယ်ထုတ်ပြီး
ငြိမ်းအေးစေတဲ့ စွမ်းအားရှိတဲ့ "ဓမ္မ" ကို အစားထိုး နိုင်ရမယ်

လောကကြီးတစ်ခုလုံး
အတွင်းလှိုက် လောင်ကျွမ်းနေတယ်၊ အပြင်ဘက်မှာလည်း တဟုန်းဟုန်းလောင်နေတယ်
စီးပွားရေးလောက၊ လူ့လောက၊ နတ်လောက အားလုံး လောင်ကျွမ်းနေတယ်
၁.တုန်လှုပ်နေတယ် (နှလုံးသားတွေ တုန်လှုပ်နေတယ်)
၂.အတွင်းမှာ တလှိုက်လှိုက်လောင်နေတယ် (ကိလေသာမီးတွေ)
၃.အတွင်းမှာ လောင်တာ မထိန်းနိုင်တော့ အပြင်ထွက်လောင်တယ် (ကိလေသာမီး)
၎.အတွေးနယ်ချဲ့ပြီး အခိုးတွေ ထနေတယ် (စိတ်ထဲမှာ တွေး တွေးပြီးပူနေတယ်၊ စီးပွားဥစ္စာ အစရှိတဲ့ ကာမဂုဏ်နဲ့ ဆိုင်တဲ့ အတွေး၊ စိတ်ညစ်ခြင်းနဲ့ ဆိုင်တဲ့ အတွေး၊ သူတပါးကို သတ်ဖြတ် နှိပ်စက်ဖို့နဲ့ ဆိုင်တဲ့အတွေး)
နိဗ္ဗာန် မှာ -
အတွင်းလည်းငြိမ်း အပြင်လည်းငြိမ်း
တုန်လှုပ်ခြင်းလည်းမ၇ှိ ၊ အခိုးထခြင်းလည်းမရှိ


ဘ၀တည်ငြိမ်မှုကို အပြည့်အ၀ တည်ဆောက်နိုင်ကြပါစေ
ဘာစည်းစိမ်တွေနဲ့ပဲ ဖြားယောင်းဖြားယောင်း မတုန်လှုပ်ပါစေနဲ့...

-"လောက၏သဘော" တရားတော် - ရယူနာကြားနိုင်ရန်
သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော်အကျိုးကို တတ်အားသမျှ သယ်ပိုး ထမ်းရွက်သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် ....

Sep 4, 2007

ဒုလ္လဘတရား ငါးပါး- 5 Difficult Things To Get


ဒီနေ့ဟာ - မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် (၈)ရက် ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်...
ဒီလို ဥပုသ်နေ့ တစ်နေ့မှာ ရပ်နီးရပ်ဝေးက မြင်ဖူး၊ မမြင်ဖူးတဲ့
သူငယ်ချင်းတွေ အတွက် နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...
“သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့
“ဒုလ္လဘတရား ငါးပါး” တရားတော်ပါ...အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...
ဖတ်ရှု နာယူကြည့်ကြပါ သူငယ်ချင်းများ...

တရားတော်မှ ထုတ်နှုတ်ဖော်ပြချက် အချို့

ဘုရားအဖြစ်ဟာ ရဖို့ခက်ခဲသည် ...
ဘုရားတစ်ဆူ ပွင့်ဖို့ အလွန်ခက်ခဲသည် ...
ဘုရားဖြစ်သည့် အကျင့်မျိုးကို ကျင့်ရန် အလွန်ခက်သည် ...
ဘုရားအဖြစ်ရဖို့ ခက်ခဲကြောင်း ဘုရားရှင်ကိုယ်တော်တိုင် အကြိမ်ကြိမ်ဟောကြားခဲ့သည်...

ဘုရားဖြစ်ချင်ကြောင်း စိတ်မှ ကြံစည်၍ လာခဲ့ရသည်က ၇ သင်္ချေ
ဘုရားဖြစ်ရပါလို၏ဟု နှုတ်မှ ဆုတောင်းလာခဲ့ရသည်က ၉ သင်္ချေ
ဗျာဒိတ်ရသည့်အချိန်မှစ၍ ဘုရားဖြစ်သည်အထိ ပါရမီဖြည့်ကျင့်ရသည်က ၄ သင်္ချေနှင့် ကမ္ဘာတစ်သိန်း
ဖြစ်ကြောင်း သီဟိုကျမ်းများ တွင်ဖော်ပြထားသည်...

ကောင်းမှုတွေကို သတ္တ၀ါတွေ ကြောက်တယ် ...
အငတ်ဘေးဘာကြောင့်ဆိုက်ရသလဲ-

  • လောဘကြောင့် (လောဘတကြီးရှာကြခြင်းကြောင့်) အငတ်ဘေးဆိုက်ရသည်..
  • မစ္ဆရိယကြောင့် (လောဘကြောင့် ရထားသော ပစ္စည်းများကို သူတပါးအား ဝေမပေးချင် ခြင်းကြောင့်) အငတ်ဘေးဆိုက်ရသည်..
  • အငတ်ဘေးကို ကြောက်ကြသော်လည်း အငတ်ဘေးဆိုက်ခြင်း၏ အကြောင်းရင်း ဖြစ်သော လောဘကို မသတ်နိုင်ကြ...
  • အငတ်ဘေးကြောက်သလို လောဘကို ပယ်ဖို့လည်းကြောက်နေကြသည် ...
  • လောဘကို တကယ်ပယ်ချင်ရင် တကယ် တရားအားထုတ်ကြ...
  • မစ္ဆရိယကို တကယ်ပယ်ချင်ရင် တကယ် တရားအားထုတ်ကြ...
  • လောဘတဏှာပယ်ဖို့ရန် ဒုက္ခသစ္စာကို မြင်အောင် ရှုမှတ်ပွားများ အားထုတ်ရသည်..
နာရုံသာနာ မရှုပွားသည့် ပုဂ္ဂိုလ်က လောကမှာ တကယ်များသည်...
ကြာကြာထိုင်ရမှာ ကြောက်ကြသည်..
အမြဲတမ်း ကမ္မဌာန်းထိုင်သူ ယောဂီမြို့တစ်မြို့မှာ ဘယ်နှစ်ယောက်ရှိသလဲ

သတ္တ၀ါတွေဟာ ရုပ်အဆင်းကြည်ညိုတဲ့ ပုဂ္ဂိုလ်က များသည်
အသံနဲ့ ဂုဏ်သတင်းကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်က များသည်
ခေါင်းခေါင်းပါးပါး ခြိုးခြိုးခြံခြံအကျင့်များကို ကျင့်တဲ့ ပုဂ္ဂိုလ်က များသည်
တရား တကယ်ကြည်ညိုတဲ့ ပုဂ္ဂိုလ်မှာ ရှိသမျှ သတ္တလောကကြီးကို အပုံတစ်သိန်းပုံလျှင် တစ်ပုံသာရှိသည်ဟု ဘုရားရှင် ဟောကြားခဲ့သည်...
သံသရာတွင် ချမ်းသာချင်လျှင် စွန့်လွှတ်ရမည်..
ဝတ္ထုပစ္စည်းများကို စွန့်ရမည်...
ကိလေသာများကို စွန့်ရမည်...
ကျင့်ရသော ရည်ရွယ်ချက်သုံးပါး...
မြင့်မြတ်သူ အထက်တန်းကျသူတို့၏ လုပ်ငန်းသည် ပါရမီ...
ပေးစွန့်ခြင်းသည် လောဘနှင့် မစ္ဆရိယကို စွန့်ခြင်းဖြစ်၍ ပါရမီ...
ဆန်တစ်တင်းပေးပါဆိုလျှင် ပေးနိုင်သည်...
လက်ညှိုးတစ်ချောင်း ပေးပါဆိုလျှင် မပေးနိုင်...
လက်ညှိုးနှင့် လက်မောင်း - လက်ညှိုးကိုပေးမည်...
ကိုယ်ခန္ဓာအတွင်းပိုင်းကျလေ စွန့်လွှတ်ဖို့ ခက်ခဲလေလေ...
  • ပညာလွန်ကဲသော ဘုရားလောင်းများ ၄ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်...
  • သဒ္ဒါလွန်ကဲသော ဘုရားလောင်းများ ၈ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်...
  • ၀ီရိယလွန်ကဲသော ဘုရားလောင်းများ ၁၆ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်...
သူတော်ကောင်း အလုပ်ဆိုတာ ပျော်နိုင်ခဲသည်...
ကောင်းမှုမှန်ရင် ချန်မထားနဲ့ ....
လက်လှမ်းမှီသမျှ ကောင်းမှုကို လုပ်ကြ (ဘုရားလောင်းများသာ တကယ်ပြုလုပ်နိုင်သည်)

ကြာကြာအားထုတ်၊ များများအားထုတ် ၊ မနေမနားအားထုတ်၊ လေးလေးစားစား အားထုတ်၊ ပျော်ပျော်ပါးပါး အားထုတ်ရမည် ပွားများရမည်...
ပျော်ပျော်ပါးပါး အလုပ်လုပ်ဖို့ အတော်ခက်သည်...
  • ဘုရားရှင်တို့သည်- စရိယ ၃ ပါး၊ စွန့်ခြင်းကြီး ၅ ပါး၊ ပါရမီ ၃၀၊ ဘာဝနာ ၅ ပါး တို့ကို ဘုရားရှင်တိုင်း ဖြည့်ကျင့်တော်မူခဲ့ ကြသည်...
  • ထို့ကြောင့် ဘုရားအဖြစ်ကိုရရန် ခက်ခဲသည်...
  • ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ်ဖြစ်ရန် ပိုခက်သည် ...
  • ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင်လူဖြစ်ရန် ပိုခက်သည် ...
  • ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင် သာသနာကို ကြည်ညိုသောလူ၊ မှီခိုခွင့်ရသူ ဖြစ်ရန် ပိုခက်သည် ...
  • ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင် သာသနာကို ကြည်ညိုသောလူ၊ မှီခိုတတ်သောသူ ဖြစ်ရန် ပိုခက်သည် ...
  • တချို့တွေက ကြည်ညိုသော်လည်း မမှီခိုတတ်၊ တချို့တွေက မှီခိုနေသော်လည်း မကြည်ညိုတတ်...
  • လုမ္ဗိနီကို မှီခို၍ အလုပ်ဖြစ်နေကြသော ဘာသာခြားများ၊ မှီခိုနေကြသော်လည်း မကြည်ညိုကြသူများ...
ကိုယ်တစ်ယောက်တည်း အားထုတ် လေ့ကျင့်နေရုံနဲ့ မပြီးတော့...
လှုတန်းနေကာမျှဖြင့် ဘာသာရေးဆိုတာ မပြည့်စုံနိုင်...

ဘုရားသာသနာတွင် ငရဲကျနေသော သူများသည် ဘုရားကို ကြည်ညို မှီခိုခွင့်မရ...
လူ့ငရဲ ရောက်နေသောသူများကား ကြည်ညိုသော်လည်း မှီခိုခွင့် မရကြ...
(ဥပမာ- ပြစ်မှုကျုးလွန်၍ အကျဉ်းကျနေသူများ)
ကြည်ညိုခွင့်လည်းမရ မှီခိုခွင့်လည်းမရတာက တကယ့် ငရဲသားတွေ...
လူအဖြစ်ရရန်ခက်သည်...
သာသနာတော်ကို ကြည်ညိုသောသူ၊ မှီခိုသောသူမှ ရခဲသော လူ့ဘ၀ ရသည်မည်၏...
ငတ်နေသောထမင်းကို ဓမ္မအရသာဖြင့် ဖြေဖျောက်သော ပြိတ္တာမ...
ပြိတ္တာမ လောက်တော့ ဇွဲကောင်းကြဖို့ လိုအပ်သည်...

မြစ်ကမ်းပါးမှ ရေတောင်းနေသော ပြိတ္တာများ...
ပါးစပ်ထဲရေမ၀င်အောင် ပိတ်ထားတဲ့ လောဘနဲ့ မစ္ဆရိယ...
ကမ္ဘာအရပ်ရပ်မှာ ပေးတိုင်းမကျေနပ်နိုင်လို့ အဆာမပြေတဲ့ လူပြိတ္တာများ သာသနာတော်ကို ကြည်ညို မှီခိုခွင့်မရကြသူများ ရှိနေသည်...
လူမှာ စားဖို့ ၊အိပ်ဖို့ ၊ ကာမဂုဏ်ခံစားဖို့လောက်သာ သိရင် လူတိရိစ္ဆာန် ခေါ်သည်...
ဒီနေ့ ကမ္ဘာမှာ တစ်ဘ၀စာ ဇိမ်ခံဖို့ စဉ်းစားသူတွေ ပိုများလာသည်...
ဘုရား တရား သံဃာ ရတနာသုံးပါး မရှိတဲ့ အရပ်ကို ပစ္ဆန္တရစ် အရပ်ဟုခေါ်သည်...
ထိုအရပ်တွင် လူဖြစ်ရလျှင် လူဖြစ်ရကျိုးမနပ် ...
ဆွမ်းခံဘုန်းကြီးကို သူတောင်းစားပုဒ်မနှင့် ရုံးတင်တရားစွဲသော မြို့လန်ဒန် ...
သံဃာကို သံဃာမှန်း မသိတဲ့ အရပ်သည် ပစ္ဆန္တရစ် အရပ် ...
သူတော်ကောင်းတရားကို စနစ်တကျ မှန်ကန် ပြည့်စုံစွာ လေ့လာ ဆည်းပူး လေ့ကျင့်အားထုတ် နိုင်ရန်လိုသည်...
အရပ်ကောင်း ၊ ဆရာသမားကောင်း၊ တရားကောင်း၊ အကျင့်ကောင်း၊ စိတ်ကောင်း များရရှိ ကျင့်သုံး နိုင်ဖို့လိုသည်....
သာသနာတော်ထွန်းကားရာ အရပ်တွင်လူဖြစ်လာရသော်လည်း
မွေးဖွားစဉ်ကပင် ရူးသွပ် ဆွံ့အ လာသူများသည်လည်း လူဖြစ်ရကျိုးမနပ် တရားအားမထုတ်နိုင် တရားမနာနိုင်...

သာသနာတော် ထွန်းကားချိန်တွင် လူဖြစ်လာရသော ရခဲလှသော ဘ၀...
  • သူတော်ကောင်းတရား ရှိရန်ခက်ခဲသည်...
  • သူတော်ကောင်းတရား မပျောက်မပျက်အောင်ထိန်းသိမ်း စောင့်ရှောက်ရန် ခက်ခဲသည်...
  • သူတော်ကောင်းတရား နှုတ်တက်ရအောင်ဆောင်သူရှိရန် ခက်ခဲသည်...
  • သူတော်ကောင်းတရား နှုတ်တက်ရအောင်ဆောင်၍ ပြန်လည်ဟောကြားသူရှိရန် ခက်ခဲသည်...
  • သူတော်ကောင်းတရား ပြန်လည်ဟောကြားခွင့်ရရှိရန် ခက်ခဲသည်...
  • သူတော်ကောင်းတရား နာကြားရရန် အလွန့် အလွန်ခက်ခဲသည်...
မလေးရှားနိုင်ငံတွင် ကျယ်ပြန့်သော တရားပွဲမျိုး လုပ်ခွင့်မရှိ...
ပီနန်ကျွန်းရှိ ၈၀% သော ဗုဒ္ဓဘာသာများ တရားပွဲကြီးများ လုပ်ခွင့်မရကြ...
သူတော်ကောင်းတရား နာကြားရ သော်လည်း ကျင့်ခွင့်ရရန် ခက်ခဲသည်...
  • ရဟန်းအဖြစ်ကို ရရန် ခက်ခဲသည်...
  • ရဟန်းတော်များ ကျင့်သလို သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး ရအောင်လေ့ကျင့်ရန် ခက်ခဲသည်...
  • သူတော်ကောင်းတရား နာကြားရ သော်လည်း သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးဆောင်သော ရဟန်းအဖြစ်ရရန် အလွန့် အလွန်ခက်ခဲသည်...
  • သီလ၊ သမာဓိ၊ ပညာ အားနည်းလာလျှင် သာသနာတော်ကို မှီခိုခွင့် နည်းလာမည်...
  • သာသနာတော်၏ အနက်ရှိုင်းဆုံးအပိုင်း အရဟတ္တမဂ်၊ အရဟတ္တဖိုလ် သို့ရောက်အောင် သွားရမည်.. အားထုတ်ကြရမည်...


ဒုလ္လဘတရား ငါးပါး
ဘုရားတစ်ဆူပွင့်ရန် ရခဲ၏...
ဘုရားပွင့်သောခေတ်တွင် လူအဖြစ်ကို ရခဲ၏...
သာသနာတော်ကို ကြည်ညို မှီခိုတတ်သူ အဖြစ်ကို ရခဲ၏...
သူတော်ကောင်းတရား နာယူခွင့်ရရှိရန် ရခဲ၏...
သာသနာတော်တွင် ရဟန်းတပါးဖြစ်ရန်၊ (သာသနာတော်၏ အကျင့်ကို ကျင့်ရန်) ရခဲ၏ ...

သာသနာတော်နှင့် ကြုံခိုက် သီလ၊ သမာဓိ၊ ပညာ အလုပ်များကို မမေ့မလျော့သော သတိဖြင့် ကြိုးစား အားထုတ်သွားကြရမည်...

-"ဒုလ္လဘတရား ငါးပါး" - ရယူနာကြားနိုင်ရန်

မှတ်ချက်-
ဤတရားတော်ကို နာကြား ရေးမှတ်နေရင်း
အမိမြန်မာပြည်တွင် လူဖြစ်ခွင့်ရခြင်း၊ နေထိုင်ခွင့်ရခြင်း၊ ရတနာသုံးပါးကို စိတ်ရှိတိုင်း ကြည်ညိုကိုးကွယ်ခွင့် ရရှိခြင်းများ အတွက် ဖော်ပြ၍မရနိုင်သည့် ၀မ်းသာပီတိတစ်မျိုးခံစားရရှိမိပါကြောင်း ....။
(ဒုလ္လဘတရား ငါးပါးကို 5 Difficult Things To Get ဆိုပြီး အင်္ဂလိပ်ဘာသာ ပြန်ထားတာ မှားနေရင် သိတဲ့သူ ပြင်ပေးသွားကြပါ..။)

သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော်အကျိုးကို တတ်အားသမျှ သယ်ပိုး ထမ်းရွက်သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် ....

Aug 27, 2007

အနှစ်ကိုးပါး - Nine Best Values


ဒီနေ့ဟာ - မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ ၀ါခေါင်လပြည့်နေ့ အင်္ဂါနေ့ ဖြစ်ပါတယ်...
ဒီလို နေ့ထူးနေ့မြတ်တစ်နေ့မှာ ရပ်နီးရပ်ဝေးက မြင်ဖူး၊ မမြင်ဖူးတဲ့
သူငယ်ချင်းတွေ အတွက် နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...
“သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့
“အနှစ်ကိုးပါး” တရားတော်ပါ...အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...
ဖတ်ရှု နာယူကြည့်ကြပါ သူငယ်ချင်းများ...

တရားတော်မှ ထုတ်နှုတ်ဖော်ပြချက် အချို့

အနှစ်ကိုးပါးဆိုတာ "သုံးရတနာ၊ သုံးသိက္ခာ၊ သုံးဖြာလက္ခဏာ"
မြန်မာပြည်သည် အနှစ်ရှိတဲ့ တိုင်းပြည်၊ အနှစ်ရှိတဲ့ လူမျိုးတို့နေရာ အဖိုးတန်တဲ့ နေရာဖြစ်
ပထမ အနှစ်သုံးပါး "ဘုရား တရား သံဃာ" ရတနာသုံးပါး တိုင်းပြည်မှာရှိသည်
ဒုတိယ အနှစ်သုံးပါး "သီလ သမာဓိ ပညာ" သိက္ခာသုံးပါး တိုင်းပြည်နဲ့ လူမျိုးမှာ ရှိသည်
တတိယ အနှစ်သုံးပါး "အနိစ္စ ဒုက္ခ အနတ္တ" လက္ခဏာ သုံးပါး အားလုံးစိတ်ထဲမှာ သိရှိ နားလည်ထားသည်...
ပိဋကတ်သုံးပုံ၏အနှစ်သည် ရတနာသုံးပါး
ဝိနည်းပိဋကတ်၏ အဆီအနှစ်သည် သီလ...
သုတ္တန်ပိဋကတ်၏ အဆီအနှစ်သည် သမာဓိ...
အဘိဓမ္မာ ၇ ကျမ်း၏ အဆီအနှစ်သည် ပညာ...
လက္ခဏာသုံးပါး
သစ္စာတရားမှ လွတ်သော တရားတော်ဟူသည်မရှိ..
ရတနာသုံးပါးဟူသော အနှစ်သည်ကား ကိုးကွယ်ရာ တစ်ခုဖြစ်သည်...

သဒ္ဒါတရားကောင်းရုံနှင့် မပြီး...
ဆရာသမားကောင်းလည်း ရှိဖို့လိုသည်...
အနှစ်တွေ့ရန် ကြိုးစားသော သူငယ်ချင်းနှစ်ဦး...

စာအုပ်ကိုင်ဖတ်ပြီး တရားဟောတဲ့ ဘုန်းကြီးများ...
အရသာပေါ်အောင် တရားမနာရသော ပုဂ္ဂိုလ်များ...
တရားနာချင်ရဲ့နဲ့ မနာရတဲ့ ပုဂ္ဂိုလ်များ ကမ္ဘာအနှံ့မှာရှိနေတယ်...
အနှစ်ကိုရှာနိုင်ရဲ့နဲ့ ရှာမရတဲ့ ပုဂ္ဂိုလ်များ နေရာအနှံ့မှာရှိနေတယ်...

ရတနာသုံးပါးဆိုတဲ့ အနှစ်၊
သိက္ခာသုံးပါးဆိုတဲ့ အနှစ်၊ လက္ခဏာသုံးပါးဆိုတဲ့ အနှစ် မြန်မာပြည်မှာ ကောင်းကောင်းရှိနေသည်...

အနိစ္စ၊ ဒုက္ခရှိပြီး အနတ္တကို လက်မခံတဲ့ တိုင်းပြည်...

လုဗ္ဗိနီမှာ တစ်လနေတဲ၊့ သားကောင်းရတနာရချင်တဲ့ လင်မယား...
တောင်တိုင်းမှာ ပတ္တမြားမရှိ၊ တောတိုင်းမှာ စန္ဒကူးမရှိ၊ နေရာတိုင်းမှာ အနှစ်မရှိ...
မြန်မာပြည်မှာတော့ အနှစ်များ အားလုံးရှိနေသည်...

မြတ်စွာဘုရား ဟောကြားတော်မူသော ဒေသနာတော်သည် အတွေးအကြံသမားတို့ရဲ့ အခွင့်အရာ မဟုတ်
(သစ္စာတရားကို တွေးတော ကြံဆ၍မသိနိုင်ဟု ဆိုလိုသည်...)
ဥာဏ်ရှိသူတို့ ကျင့်ကြံ အားထုတ်ကြည့်မှ သိနိုင်သည့်တရား ...
မှန်ကန်သော အတွေးအကြံ၊ မှန်ကန်သော အသိနှင့် မှန်ကန်သော အကျင့်များ ပေါင်းစပ်နိုင်မှ သစ္စာတရား အနှစ်ကို ရရှိမည်...

ဖီလော်ဆော်ဖီ ဆိုသည်မှာ တွေးခေါ်ကြံဆ၍ သိလာသောအရာမျှသာ
ဖီလော်ဆော်ဖီမှာ အကျင့်မပါ .... မြတ်ဗုဒ္ဓ၏ တရားတော်များသည် ဖီလော်ဆော်ဖီမဟုတ်...

အိန္ဒိယတိုင်းပြည်က ဗုဒ္ဓဘာသာ ကွယ်သွားရတဲ့ အကြောင်းရင်း
၁) ဇတ်နိမ့် ဇတ်မြင့် ခွဲခြားမှုအလွန် ပြင်းထန်ခြင်း...
၂) အတ္တ၀ါဒ အလွန်ပြင်းထန်သောနေရာတွင် အနတ္တ၀ါဒ မနေနိုင်ခြင်း...
လင်ယောင်္ကျားထံတွင် နှစ်စဉ်ကြေး ရွှေငွေပေး၍ နေကြရသည့် အမျိုးသမီးများ ရှိနေသော တိုင်းပြည် အခုထိ ရှိသေးသည်...
ဘုရားသာသနာတွင် ၀ါ၊ သိက္ခာသာရှိသည်၊ ဇတ်နိမ့်ဇတ်မြင့် မရှိ
ဘုရားသာသနာတွင် အနတ္တသာရှိသည်၊ အတ္တလုံးဝ မရှိ
ပတိရူပဒေသဟုခေါ်သော အနှစ်ရှိသော အရပ် အမိမြန်မာပြည်တွင် နေထိုင်ကြရသည့် မြန်မာနိုင်ငံသားများ၊ ရရှိလာသည့် အဖိုးတန်လူ့ဘ၀မှာ လူ့ဘ၀၏ အနှစ်ကိုးပါးကို ရအောင် ယူကြရမည် ...
အားကိုးစရာကို အပြည့်အ၀အားကိုး
ကျင့်စရာကို အပြည့်အ၀ကျင့်
ရှုမှတ်စရာကို အပြည့်အ၀ ရှုမှတ်မယ်ဆိုရင် အနှစ်ကိုးပါးကို ရမည်

-"အနှစ်ကိုးပါး တရားတော်" - ရယူနာကြားနိုင်ရန်
File Info:46.48 MB, 01:53 hour, Can Use Download Accelerators/Managers

မှတ်ချက်-
ဤတရားတော်ကို နာကြား ရေးမှတ်နေရင်း
အမိမြန်မာပြည်တွင် လူဖြစ်ခွင့်ရခြင်း၊ နေထိုင်ခွင့်ရခြင်း၊ ရတနာသုံးပါးကို စိတ်ရှိတိုင်း ကြည်ညို ကိုးကွယ်ခွင့် ရရှိခြင်းများ အတွက် ဖော်ပြ၍မရနိုင်သည့် ၀မ်းသာပီတိ တစ်မျိုး ခံစားရရှိမိပါကြောင်း ....။
(အနှစ်ကိုးပါးကို Nine Best Values ဆိုပြီး အင်္ဂလိပ်ဘာသာ ပြန်ထားတာ မှားနေရင် သိတဲ့သူ ပြင်ပေးသွားကြပါ..။)

သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော်အကျိုးကို တတ်အားသမျှ သယ်ပိုး ထမ်းရွက် သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် .... တစ်ခုခုပြောချင်ရင်တော့

Jul 27, 2007

အရှုံးမှသည် အောင်ပွဲဆီသို့- (CEO မဂ္ဂဇင်း)


တူဒေးမီဒီယာ အုပ်စု ကနေ ထုတ်ဝေတဲ့ စီအီးအိုမဂ္ဂဇင်း ထဲက ဆောင်းပါးတစ်ပုဒ်ပါ .....
ဒီမဂ္ဂဇင်းက တစ်လ တစ် ကြိမ်ထုတ်ဝေတာ ဖြစ်ပြီး အွန်လိုင်းကနေ ဖတ်လို့ ရပါတယ် ...
သုံးထားတဲ့ စာလုံးက “ မြစေတီ” ပါ။ အဲဒီမှာပဲ အလွယ်တကူ ဒေါင်းလုဒ် ချလို့ ရပါတယ် ...
နှစ်သက်မိတဲ့ ဆောင်းပါးလေး တစ်ပုဒ်ကို အမြည်း ဖော်ပြပေးလိုက်ပါတယ်..
အပြည့် အစုံဖတ်ချင်ရင်တော့ မူရင်း နေရာမှာ သွားဖတ်ဖို့ အတွက် “ လမ်းကြောင်း ” အောက်ဖက်မှာ ပေးထားပါတယ် ...

အခန်း (၁)

သာမန် ရွက်ကြမ်းရေကျိုပုဂ္ဂိုလ်တွေနဲ့ ထူးထူးချွန်ချွန် ဆောင်ရွက်တတ်သူတွေရဲ့ အဓိက ခြားနားချက်တွေက ဘာလဲ။

ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့အားလုံးဟာ အရှုံးသမားတွေပါပဲ။ အထူးသဖြင့် ကျုပ်တို့အထဲက အတော်ဆုံး ဆိုတဲ့လူတွေပေါ့ဗျာ။

ဂျေအမ်ဘားရီး

ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်သူတွေဟာ အဲဒီလိုအခြေအနေမျိုး ဖြစ်လာဖို့ ဘယ်လိုအရာ တွေဟာ ဖန်တီးပေးသလဲ။ အချို့လူတွေက ဒုံးပျံတစ်ခုလို ကောင်းကင်ကို ထိုးတက် သွားချိန်မှာ၊ တချို့လူတွေက ဘာကြောင့်မြေကြီးပေါ်ကို ဇောက်ထိုးကျရတာလဲ။ ဒီလို အောင်မြင်မှု တွေရတာတွေဟာ ကံကောင်းလို့၊ နတ်ဒေ၀တာတွေ စောင်မလို့၊ ဒါမှမဟုတ် ထိကိုင်သမျှရေ ဖြစ်စေ ဆိုတဲ့ (လက်ဖျား ငွေသီးအောင် လုပ်နိုင်တဲ့) အရည်အသွေးမျိုး ရှိလို့ စသည်ဖြင့် ကိုယ်ကြိုက်သလို ပြောနိုင်ပါတယ်။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် တချို့ လူတွေဟာ အင်မတန်ကြီးမားတဲ့အခက်အခဲတွေကြားထဲမှာ မယုံကြည်နိုင်လောက်တဲ့ အောင်မြင်မှုတွေရအောင် ဆောင်ရွက် နိုင်ကြတဲ့ စွမ်းရည် ရှိတယ်ဆိုတာ တွေ့ရပါတယ်။

......................

ဘယ်အရာဟာ အောင်မြင်မှုရဲ့အခြေခံလဲ။
အောင်မြင်သူတွေနဲ့ မအောင်မြင်သူတွေရဲ့ကြားက ကွာခြားချက်က ဘာလဲ။ တချို့ပုဂ္ဂိုလ်တွေက အလွန့်အလွန်အောင်မြင်ပြီး တချို့ ပုဂ္ဂိုလ်တွေ ကျတော့ အရှုံးတွေနဲ့ချည်း ရင်ဆိုင်နေရတာ ဘာကြောင့်လဲ။


အပြည့်အစုံဆက်ဖတ်ချင်တယ်ဆိုရင်တော့ မူရင်းနေရာ ကို “ ဒီကနေ” သွားလို့ ရပါတယ် .....

Jul 24, 2007

ရှင်သန် နေထိုင်ခြင်း Living


မနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ အီးမေးလ် ၀င်လာလို့ ဖတ်ကြည့်လိုက်တော့ မြင်တွေ့ရတဲ့ အကြောင်းအရာတွေကို ရောင်းရင်း တွေကိုလည်း မျှပေးချင်လာတဲ့အတွက် တဆင့်ပြန်ပြီး ဖော်ပြပေးလိုက်ပါတယ် ....
ကျွန်တော်တို့ ဘ၀တွေမှာ တခါတရံ စိတ်ညစ်စရာ မျိုးစုံနဲ့ ရင်ဆိုင် ကြုံတွေ့ကြရတဲ့ အခါ ခံစားချက် အမျိုးမျိုးဖြစ်ပေါ်လာ တတ်ကြတာ အမှန်ပါပဲ .... ဒါပေမယ့် အခုမြင်ရတဲ့ လူတွေလောက်တော့ မဆိုးသေးဘူးလို့ ထင်ပါတယ် ...




စိတ်မပျော် မရွှင် ဖြစ်နေသလား ... ဒီလိုလူတွေအတွက် ချန်ထားပါဦး .... သူတို့တွေ လောက်တော့ ကျွန်တော်တို့ အဖြစ် မဆိုးသေးပါဘူး




ကိုယ်လုပ်နေရတဲ့ လက်ရှိ အလုပ်က ဘယ်လိုပဲဖြစ်နေနေ ဒီကလေးလောက်တော့ ဆိုးမယ် မထင်ပါဘူးနော် ... ကြည့်ကြပါဦး ဗျာ



ကိုယ်ရတဲ့လစာရော အတော်လေး မကြေမနပ် ဖြစ်စရာ ကောင်းနေတယ်၊ နည်းပါးလွန်းနေတယ်၊ လုပ်ရတာနဲ့
ရနေတာနဲ့ မတန်လိုက်တာ ဆိုတဲ့ အတွေးလေးတွေ ပေါ်လာခဲ့ရင် ... ဒီထက်ပိုရမယ့် နေရာကို ပြောင်းနိုင်အောင် ကြိုးစားတာ ကောင်းတဲ့ အပြောင်း အလဲပါပဲ ....



ကိုယ့်ဘေးမှာ အပေါင်းအသင်း ရောင်းရင်းတွေ ဘယ်လောက်ပဲ များနေပါစေ ... အရေးကြုံရင် ကိုယ့်အပေါ် ကူညီတတ်တဲ့သူငယ်ချင်းမျိုးကိုတော့ ကျွန်တော်တို့ ရောင်းရင်းတို့ရဲ့ ဘ၀မှာ အမှန်တကယ် အရေးတကြီး လိုအပ်လှပါတယ် ....



စာတွေသင်နေရတာ ပညာတွေလေ့လာ ဆည်းပူးနေရတာ အရမ်းကို ၀န်ထုတ်ဝန်ပိုးတစ်ခုလို ဖြစ်နေပြီလား ... သူလေးကတော့ အားကြိုးမာန်တက် လေ့လာနေရှာလေရဲ့







ဒီလို အဖြစ်မျိုးတော့ ဘယ်သူမှ လိုချင်မှာ မဟုတ်တာ သေချာပါတယ် ...



ဒါရော
ဘယ်လိုသဘောမျိုးရပါသလဲ



ဒီလို သွားရေးလာရေး အလွန်ခက်ခဲတဲ့ နေရာတွေမှာ နေထိုင်နေ ရတဲ့ လူတွေရှိနေသေးတယ် ဆိုတာ သိထားရင် တခါတရံ ကြုံတွေ့ရတဲ့ ခရီးလမ်းပမ်း အဆင် မပြေတာလေးတွေကို အထိုက်အလျောက် သီးခံ နိုင်မှာပါ .....

လူ့အဖွဲ့အစည်းကို မမျှတဘူးလို့ မြင်လာမိတဲ့ အခါမျိုးတွေမှာ ...... . . .

အဆင်မပြေမှုဆိုတာ ဘ၀မှာ မကြာခဏ ကြုံတွေ့ရတတ်တဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာ တစ်ခုပါပဲ ... အဆင်မပြေတာလေးတွေကို ပြေလည်သွားအောင် ဖြေရှင်းလိုက်နိုင်တဲ့ အချိန်မျိုးမှာ ခံစားရတဲ့ ပျော်ရွှင်မှုလေးတွေက ပင်ပန်းခဲ့သမျှကို တစ်ခါတည်း ပြေပျောက်သွား စေတာ အမှန်ပါပဲ အဓိက အချက်ကတော့ ဘာပဲဖြစ်လာဖြစ်လာ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြေရှင်းသွားဖို့၊ ခေါင်းအေးအေးထားပြီး နည်းလမ်းရှာဖို့လို့ ကျွန်တော်ကတော့ ခံယူမိပါတယ် ...

Jul 12, 2007

မသေခင်ဘာလုပ်ကြမလဲ - (ကိုသားကြီး အမှတ်တရ)


ဒီနေ့ သတင်းစာမှာ ကျွန်တော်တို့ ချစ်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကိုသားကြီး (ဒွေး) ရဲ့နာရေးသတင်း ဖတ်လိုက်ရတယ် ....

သြော် ... တစ်ယောက်တော့ သွားရှာပြန်ပြီ ...
လို့တွေးလိုက်မိရင်း ... ဘယ်လိုသေတာလဲ လို့မေးကြည့်လိုက်တော့ ဦးနှောက်သွေးကြောပြတ်တာလို့ တစ်ယောက်က ပြောနေတာ ကြားလိုက်ရတယ် ...
တစ်ဆက်တည်းမှာဘဲ ကောင်းတာပေါ့ ဝေဒနာ မခံစားလိုက်ရတော့ဘူးပေါ့ ...
ဆိုတဲ့ အသံတစ်သံပါ ထပ်ပြီး ကြားမိလိုက်တယ် ....

ကျွန်တော်ကတော့ အဲဒီလိုမတွေးမိလိုက်ဘူး ...
ကိုသားကြီးတစ်ယောက် ကောင်းရာသုဂတိလားပါစေ
လို့ ဆုတောင်းပေးလိုက်မိရင်း ...
အသေမှ ဖြောင့်သွားရဲ့လား ကိုသားကြီးတစ်ယောက် ..
လို့ ကိုယ့်ဘာသာကို ပြန်မေးနေမိတယ် ....
ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားရိုးသာမှန်ကန်ခဲ့ရင် သူ့ခမျာ သေမယ်ဆိုတာ ကြိုသိမှာမဟုတ်လိုက်ဘူး .. ကြိုတင်ပြင်ဆင်ချိန် ရလိုက်မှာ မဟုတ်ဘူးလို့လည်း တွေးလိုက်မိပါတယ် ... (ရချင်လည်းရမှာပေါ့နော် ... )

တကယ်တော့ ဒီလမ်းဟာ ကျွန်တော်တို့ အားလုံး
တစ်နေ့မှာ သွားကိုသွားကြရမယ့် ခရီးလမ်းတစ်ခုလည်း ဖြစ်ပါတယ် ...
ဘယ်သူမဆို တစ်နေ့ငါသေရမယ်ဆိုတဲ့ အတွေး ရှိတတ်ကြပေမယ့် အများစုကတော့ လောလောဆယ်တော့ ငါမသေနိုင်သေးပါဘူးလေ ဆိုတဲ့ အတွေးလေးကတော့ တဆက်တည်း တွေးမိတတ်ကြတာပါပဲ ... အဲလိုတွေးမိတဲ့နောက်မှာ အတွေးလမ်းကြောင်းက နောက်တစ်နေရာကို ရွေ့သွားတတ်ကြပါတယ် ....

ကျွန်တော်လည်း ဒီ - တစ်နေ့သေရမယ်ဆိုတဲ့ ကိစ္စကို မကြာခဏ တွေးမိတတ်ပါတယ် ... အဲဒီလိုတွေးမိလိုက်တဲ့ အခါတိုင်း အရင်ဆုံးမေးမိတာကတော့ ငါဘာတွေလုပ်ပြီးပြီလဲ သေဖို့အတွက်ရော ... အဆင်သင့်ဖြစ်နေပြီလား ... မိသားစုအတွက်၊ တိုင်းပြည်အတွက်၊ ဘာသာ သာသနာအတွက် တတ်စွမ်းသလောက် ဘာတွေလုပ်ခဲ့ပြီလဲ အဲဒီလို အတွေးတွေက အလိုလိုဝင်ဝင်လာတတ်ပါတယ် ... တကယ်တမ်းမှာ ဘာတစ်ခုမှ ဟုတ်တိပတ်တိ တာဝန်မကျေသေးသလို ခံစားရမိတယ် ...

မိဘအပေါ်မှာ အတိုင်းအတာတစ်ခုအထိ တာဝန်ကျေခဲ့ပြီဖြစ်ပေမယ့် မိဘတွေ အိုမင်းမစွမ်း ဖြစ်လာချိန်မှာ လိုအပ်တာမှန်သမျှ မလစ်ဟင်းရအောင် ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော့်မှာ အဆင်သင့် မဖြစ်သေးပါဘူး ... ကိုယ်တိုင်တောင် လူတန်းစေ့ရုံလေး ရပ်တည်နေနိုင်ရုံပဲ ရှိပါသေးတယ် ... တကိုယ်ရေမို့ ဒီလောက် ရပ်တည်နေနိုင်တာပါ ... ကိုယ်ချစ်တဲ့ မိန်းကလေး တစ်ယောက်ကို အတူနေထိုင်ကြဖို့ ကမ်းလှမ်းနိုင်ဖို့ဆိုတာ အတော်လေး ဝေးပါသေးတယ် ...

ဒါဆိုရင်တိုင်းပြည်အတွက်ရော ...
ကျွန်တော်အသက်အရွယ်အရ အဆင့်အတန်းအရ အတိုင်းအတာတစ်ခုထိတော့ အလုပ်လုပ်ပေးနိုင်ခဲ့ပြီလို့ တွေးမိပါတယ် ... ကွန်ပျုတာအကြောင်း ဘာမှမသိတဲ့သူ အယောက် ၁၀၀၀ ကျော်နီးပါးလောက်ကို ကွန်ပျုတာအကြောင်း စိတ်ဝင်စားလာအောင် ကိုင်တွယ်ရဲလာအောင် ကိုယ်တိုင် လေ့လာတတ်လာအောင် လေးနှစ်လောက် အတွင်းမှာ အခြေခံလောက် သင်ပေးနိုင်ခဲ့ပါတယ် ... ဆယ်ဂဏန်းလောက်ကိုတော့ ဒီထက် အဆင့်မြင့်တဲ့ အကြောင်းအရာအချို့ကို လက်ဆင့်ကမ်းနိုင်ခဲ့ပါတယ် ... စိတ်ဝင်စားတဲ့ ကွန်ပျုတာဘာသာရပ်အချို့ကို မြန်မာဘာသာပြန်ခဲ့ပါတယ် အဲဒီစာအုပ်တွေဟာ အခုထိတော့ လက်ရေးမူ အကြမ်းထည်တွေဖြစ်နေပေမယ့် အချိန်တစ်ခုမှာတော့ အသုံးတည့်မယ့်သူတွေလက်ထဲ ရောက်သွားမယ်လို့ ယုံကြည်နေမိပါတယ် ... လောလောဆယ်မှာလဲ အများအတွက် အသုံးဝင်နိုင်မယ့် အချို့သော အကြောင်းအရာတွေကို အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာကို တတ်နိုင်သလောက် ဘာသာပြန်ပြီး ပတ်ဝန်းကျင်ကို ဝေမျှနေမိပါတယ် ...

အင်တာနက် သုံးနေရတဲ့အတွက် Online ပေါ်မှာ အခမဲ့ ရနိုင်သမျှ အားလုံးကို ရှာဖွေအသုံးချပြီး အများအကျိုးရှိမယ့် ကိစ္စတွေမှာ သုံးနေ ဝေငှနေ မိတယ် ... ကမ္ဘာကျော်တက္ကသိုလ် ကြီးတွေက အင်တာနက်ပေါ်မှာ ဖွင့်ထားတဲ့ သူတို့ရဲ့ အွန်လိုင်း စာသင်ခန်းတွေကို မွှေနှောက်ရင်း သင်ခန်းစာတွေကို Download လုပ်နေမိတာ ကလဲ တစ်နေ့တစ်နေ့ အချိန်မနည်းပါဘူး ... ကျွန်တော်သိထားတာတွေ လုပ်ပေးချင်တာတွေ ချစ်တဲ့ ရောင်းရင်း ညီအကိုတွေအားလုံးကို ဝေငှပေးချင်တာတွေနဲ့ ရတဲ့ အချိန်က တစ်ခါတစ်လေ မမျှသလို ခံစားရတယ် ... တစ်ဘက်မှာလည်း စားဝတ်နေရေးအတွက် တာဝန်တွေက ရှိနေသေးတာကိုး ...

ဘာသာတရားဘက်မှာလည်း တတ်စွမ်းသမျှ
လူတွေ ဘာသာရေးကို စိတ်ဝင်စားလာအောင် စည်းရုံးမိပါတယ် ...
မြတ်ဗုဒ္ဓရဲ့ တရား ဓမ္မတွေကို လူတွေသိလာအောင်
တတ်နိုင်တဲ့ ဘက်ကနေ လမ်းပြပေးနိုင်ဖို့ ကြိုးစားနေမိပါတယ် ...
ရခဲလှတဲ့လူ့ဘ၀တိုတိုလေးအတွင်းမှာ တတ်နိုင်သလောက် အများအတွက်
အကျိုးကျေးဇူးဖြစ်ပေါ်စေမယ့် အရာမျိုးတွေပဲ လုပ်သွားချင်တယ်ဗျာ ...

နောက်ဆုံးတွေးမိတာလေးတစ်ခုကတော့ ကိုယ့်အကြောင်းပါဘဲ ...
  • ကိုယ့်အတွက်ရော ကိုယ်တိုင်ဘာတွေလုပ်ခဲ့ပြီးပြီလဲ ...
  • သေဖို့ အတွက်ရော အဆင်သင့်ဖြစ်နေပြီလား ...
  • သေရင် ကိုယ့်နောက်ပါလာမယ့် အလုပ် ဘယ်လောက်လုပ်ခဲ့ပြီလဲ ...
အဲဒါလေးတွေ ပြန်တွေးနေမိပါတယ် ...
သေရင် ကိုယ့်နောက်ပါလာမှာက ဒါန သီလ ပဲရှိသလို
ဒီသံသရာ ၀ဋ်ဆင်းရဲကြီးထဲကနေ အမြန်လွတ်မြောက်အောင် လုပ်ပေးနိုင်တာကလဲ ဘာဝနာ အလုပ်ပဲရှိတာမို့ ...
  • အမြန်ဆုံး လုပ်သွားရမယ် ...
  • တတ်နိုင်သမျှ အချိန် နေရာမရွေး လုပ်သွားရမယ် ....
  • ရောင်းရင်းမိတ်ဆွေတွေကိုလည်း တတ်အားသမျှ တိုက်တွန်းနှိုးဆော်သွားရမယ် .. .
လို့တွေးနေမိရင်း ဒီစာလေးကို ချရေးမိသွားပါတယ် ....
ပြည်သူချစ်တဲ့ ကိုသားကြီးတစ်ယောက် ကောင်းမွန်တဲ့ ဘုံဘ၀မှာ ရောက်ရှိနေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ပြုခဲ့သမျှ ကောင်းမှုကုသိုလ်တွေကိုလည်း အမျှပေးဝေမိပါတယ် ...

ရည်ညွှန်း-
(၁) မသေခင်ဘာလုပ်ကြမလဲ - အရှင်ဆန္ဒာဓိက
(၂) မသေခင်ဘာလုပ်ကြမလဲ - Blog post

Jun 15, 2007

ကျွန်တော်မြင်တဲ့ ဘဝ


အင်း ...
ဘ၀ဆိုတာနေတတ်မှအဆင်ပြေတာမျိုးပါ ...

  1. ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် အစွမ်းကုန်ကြိုးစားမယ် ...
  2. ကြိုးစားနေပါရဲ့နဲ့ အဆင်မပြေတာတွေရှိလာရင်လည်း သည်းခံနိုင်တဲ့စိတ်လေးမွေးမယ် ...
  3. ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ လူအများအကျိုးအတွက် ဆိုတဲ့စိတ်မျိုးထားနိုင်မယ် ...
  4. ဘာသာတရားအပေါ်မှာ လေးနက်ယုံကြည်မှုရှိပြီး အဆုံးအမတွေအတိုင်း လိုက်နာ နေထိုင်နိုင်အောင် ကြိုးစားမယ် ...
  5. ကိုယ်ချင်းစာစိတ်လေးနဲ့ အားလုံးအပေါ် ဆက်ဆံနိုင်မယ်ဆိုရင်တော့ ...
ဘ၀မှာ ငွေကြေးဥစ္စာ မကြွယ်ဝရင်တောင်မှ နေပျော်၊ သေပျော်တဲ့ ဘ၀လေးတစ်ခုတော့ ဖြစ်မှာပါ ...
ရောင်းရင်းတို့ရော ဘယ်လိုမြင်လဲ အဲဒီ ဘ၀ ဆိုတာကြီးကို ....