ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Showing posts with label ဂုဏ်တော် Virtues. Show all posts
Showing posts with label ဂုဏ်တော် Virtues. Show all posts

Jun 14, 2007

စိတ်ညစ်နေလား


စိတ်ညစ်စရာဆိုတာ ကိုယ်က စိတ်ညစ်စရာလို့ လက်ခံလိုက်တဲ့ အခါမှ စိတ်ညစ်စရာ ဖြစ်လာတာမျိုးပါ။
အရာရာတိုင်းမှာ အကြောင်းနဲ့ အကျိုးဆက်စပ်မှုတွေရှိစမြဲမို့ ကိုယ့်စိတ်မှာ ညစ်လာတယ်ထင်မိတာနဲ့ စိတ်လေးကို နည်းနည်းငြိမ်အောင်သတိထားလိုက်ရင်း ( လေကို အားရပါးရ ၀ အောင် တစ်ချက်လောက်ရှုပြီး ) ဘာကြောင့် ကိုယ့်စိတ် ဒီလို ပြောင်းလဲသွားရတာလဲ (ညစ်သွားရတာလဲ) ဆိုတာ ပြန်တွေး အဖြေရှာလိုက်တာ အကောင်းဆုံးပါပဲ...

တစ်ခါတစ်လေမှာ ဘာမှမဟုတ်တာလေးတွေနဲ့လည်း စိတ်ညစ်နေမိတတ်တာမျိုး သတိထားမိလိမ့်မယ်.

  • ညစ်နေတဲ့စိတ်
  • တစ်ခုခုကို ကြောက်နေတဲ့စိတ်
  • ဘာဖြစ်လို့ ဖြစ်နေမှန်းမသိတဲ့စိတ် (တွေဝေငေးမောနေတာမျိုး)
  • အလကားနေရင်း စိတ်တွေလေးလံ ထိုင်းမှိုင်းနေတာမျိုး
အဲဒီလို စိတ်မျိုးတွေ ပေါ်လာပြီဆိုရင်တော့ အမြန်ဆုံး ပယ်ဖျောက်နိုင်အောင်ကြိုးစားတာ အကောင်းဆုံးပါပဲ ...
ရီစရာ ဟာသလေးတွေ၊ အဖြစ်အပျက်လေးတွေ နဲ့ အားပါးတရ ရီမောလိုက်တာနဲ့ တော်တန်ရုံ စိတ်ညစ်စရာတွေ ပြေပျောက်သွားတတ်ပါတယ်...
(ရီမောခြင်းဟာ တင်းမာနေတဲ့ အာရုံကြောတွေနဲ့ စိတ်ဖိစီးမှုအချို့ ကို အတန်အသင့် ပြေလျော့ စေပါတယ်)
လေကောင်းလေသန့်၀၀လေးရှုရှိုက်ပေးတာလည်း တစ်မျိုးကောင်းပါတယ် ....

ကျွန်တော်ကတော့ စိတ်ညစ်စရာတွေကြုံလာပြီဆိုတာနဲ့
  • အကြောင်းရင်းကို အမြန်ရှာလိုက်တာပါပဲ...
  • ချက်ချင်းဖြေရှင်းလို့ရတာမျိုးဆို ချက်ချင်းရှင်းထုတ်လိုက်တယ် ...
  • ရှင်းလို့မရသေးတာမျိုးတွေအတွက် ဖြေရှင်းနည်းတွေ စဉ်းစားတယ် ...
  • နောက်ဆုံး ဘာမှလုပ်လို့ မရတော့ဘူးဆိုရင်တော့ ဘုရားဂုဏ်တော်ကိုးပါး ထဲက တစ်မျိုးမျိုးကို အနက်အဓိပ္ပါယ် အတိုင်း (မြန်မာလို) အာရုံပြုပြီး စိတ်ကို အေးချမ်းအောင် ကြိုးစားလိုက်ရင်း အိပ်ပစ်လိုက်တာပဲ ...
ကဲ ရောင်းရင်းတို့ရော စိတ်ညစ်လာရင် ဘာတွေလုပ်တတ်ကြသလဲ ...

May 15, 2007

ဗုဒ္ဓါနုဿတိဘာဝနာ


ဘုရားရှင်၏ ဂုဏ်တော်တို့သည် စင်စစ်အားဖြင့် အဆုံးအစမရှိ ကြီးကျယ်များပြားကုန်၏။
ဗုဒ္ဓ၀ိသယာ အစိန္တေယျာဟု ဆိုသည်မဟုတ်ပါလား။
အစိန္တေယျအရာကို ရတော်မူသော ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့သည်လည်း
အစိန္တေယျပင် ဖြစ်ရပေမည်။ အစိန္တေယျဖြစ်သည်ဆိုလျှင် အနန္တလည်း ဖြစ်ပေသည်။
ထို့ကြောင့် အဋ္ဌကထာတို့၌ ဘုရားတစ်ဆူသည် အခြားစကားကို မဆိုဘဲ
ဘုရားတစ်ဆူ၏ ဂုဏ်ကျေးဇူးတို့ကို မိန့်ကြားလျက်သာ နေပါသော်လည်း
ကမ္ဘာတစ်ခုသာလျှင် ကုန်ဆုံးသွားရာ၏။ ဂုဏ်ကျေးဇူးတို့ကား မကုန်နိုင်ဟု ဆိုကြခြင်းဖြစ်သည်။

ထိုသို့ အဆုံးအစမရှိ ကြီးကျယ်များပြားသော ဘုရားရှင်၏
ဂုဏ်ကျေးဇူးတို့ကို အောက်မေ့လျက် အထပ်ထပ်ပွားများခြင်း၊ ကြည်ညိုခြင်းသည်
ဘာဝနာကမ္မဋ္ဌာန်းတစ်မျိုးပင် ဖြစ်ပေသည်။
ယင်းကို ဗုဒ္ဓါနုဿတိ ဘာဝနာဟု ခေါ်ဆိုပေသည်။
(ဗုဒ္ဓ + အနုဿတိ) ဂုဏ်တော်ကိုးပါးကို ခြုံငုံ၍သော်လည်းကောင်း၊
တစ်ခုချင်းသော်လည်းကောင်း ဆင်ခြင်အောက်မေ့လျက်
ဝမ်းမြောက်ကြည်ညိုမှုကို ဖြစ်စေခြင်းသည် ဗုဒ္ဓါနုဿတိဘာဝနာပင် ဖြစ်သည်။
ဘုရားနှင့်စပ်သမျှ ၀မ်းမြောက်ကြည်ညိုမှု၊ တည်ကြည်ငြိမ်သက်မှု
စသည်တို့ကိုလည်း ဗုဒ္ဓါနုဿတိသို့ သွင်းယူနိုင်ပါသည်။

ဗုဒ္ဓါနုဿတိနှင့် စပ်လျဉ်း၍ နက်နဲသိမ်မွေ့သည့် သဘောတရားဖြစ်သော
ဘုရားဂုဏ်တော် ကျေးဇူးတော်တို့သည် ပုံသဏ္ဍာန်ပညတ် မထင်ကောင်းသော အရာဖြစ်သောကြောင့် အခြားကမ္မဋ္ဌာန်းမှာကဲ့သို့ နိမိတ်ပုံအာရုံ ထင်ခြင်းစသည်တို့ မရှိနိုင်။
စင်စစ် နက်နဲကြီးကျယ်သော ဘုရားဂုဏ်တော်ကို အာရုံပြုလျက်
ဈာန်သို့မရောက်၊ ဥပစာရမျှနီးနီး အားကောင်းသော သမာဓိသို့ ရောက်နိုင်၏။
သို့ရာတွင် အနုတ္တရပုညခေတ္တ ဆိုသည့်အတိုင်း
အတုမရှိသော လယ်ယာမြေကောင်းသဖွယ်ဖြစ်သည့် မြတ်စွာဘုရား၌ အာရုံကိုချထားရသော ကုသိုလ်စေတနာသည်ကား အတိုင်းမသိ များမြတ်ပြန့်ပြောသော အကျိုးကျေးဇူးကို ရရှိစေနိုင်သည်။
ထို့ကြောင့် ပဒုမုတ္တရာဘုရားရှင်က နန္ဒရသေ့ကို မိန့်တော်မူရာတွင် နန္ဒ.. သင်သည် ဘာဝနာတကာတို့ထက် မြတ်သော ဗုဒ္ဓါနုဿတိဘာဝနာကို စီးဖြန်းပွားများလော့ ဟု ညွှန်ကြားခဲ့ခြင်း ဖြစ်လေသည်။ (သုဘူတိမထေရအကြောင်း-ရှု)

----------------------

သူငယ်ချင်းတို့ရေ . . .
ဂုဏ်တော် (၉) ပါး ကိုပူဇော်နေကြဆိုရင် . . .
ဒီအတိုင်းလေးလည်း ပူဇော်ကြည့်စေချင်တယ် . . .
၁+၈ = တနင်္ဂနွေနေ့
၂+ရ = တနင်္လာနေ့ + စနေနေ့
၃+၆ = အင်္ဂါနေ့ + သောကြာနေ့
၎+၅ = ဗုဒ္ဓဟူးနံနက် + ကြာသပတေးနေ့
၉ = ဗုဒ္ဓဟူးညနေ ( ဘဂ၀ါ ဂုဏ်တော် ) . . .
. . .
ကျွန်တော်ကတော့ ဒီအတိုင်းလေးကို မြန်မာ အနက် နဲ့ ပူဇော်ပါတယ် . . .
ဘာအကျိုးမှ မမျှော်မှန်းဘဲ . . . စမ်းကြည့်ကြစေချင်ပါတယ် . . .
သူငယ်ချင်းများအားလုံးနှလုံးစိတ်ဝမ်း အေးချမ်းရွှင်လန်းပြီး အမျိုးဘာသာ၊ သာသနာအကျိုးကို တတ်အားသမျှထမ်းဆောင်ကြသူများ ဖြစ်နိုင်ကြပါစေ။

မှတ်ချက် -
  • ဗုဒ္ဓါနုဿတိဘာဝနာ အကြောင်းဖော်ပြချက်မှာ မြန်မာသူငယ်ချင်းများ မှ
  • ကိုကယ်လ်မွန် ၏ ဖော်ပြချက်များကို ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် . .
  • ဆက်စပ်ဖတ်ရှုနိုင်ရန် ဘုရားဂုဏ်တော် (၉) ပါး..
  • တရားတော်ကိုအွန်လိုင်းပေါ်မှာနားထောင်ချင်ရင် ဒီနေရာမှာ နားထောင်လို့ရပါတယ်..
  • ပေါ်လာတဲ့ စာမျက်နှာပေါ်က Play ကို Click လုပ်ရင်တရားနာလို့ရပါပြီ . .
  • ကွန်ပျုတာထဲကို တစ်ခါတည်း ကူးထည့်မယ်ဆိုရင်တော့ Download ကို Click လုပ်ရမှာပါခင်ဗျာ . အားလုံးလိုချင်ရင်တော့ ဒီနေရာ ကနေသွားလို့ရပါတယ် . .
သူငယ်ချင်းများအားလုံးနှလုံးစိတ်ဝမ်း အေးချမ်းရွှင်လန်းပြီး
အမျိုးဘာသာ၊ သာသနာအကျိုးကို တတ်အားသမျှထမ်းဆောင်ကြသူများ ဖြစ်နိုင်ကြပါစေ။

May 8, 2007

မြတ်စွာဘုရား၏ဂုဏ်တော် (၉) ပါး အနက်အဓိပ္ပါယ်


၁။ အရဟံ
ကိလေသာမှန်သမျှ ကင်းစင်တော်မူသော၊ ဆိတ်ကွယ်ရာ အရပ်တွင်ပင် မကောင်းမှုမှန်သမျှ ပြုတော်မမူသော၊ လူမင်းနတ်မင်းဗြဟ္မာမင်းတို့နှင့်တကွ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ
သိစရာ တရားအလုံးစုံကို ဆရာမရှိ ကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်တော်တိုင် ထိုးထွင်းသိမြင် တော်မူသော မြတ်စွာဘုရား။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၎။ သုဂတော
ကောင်းသောစကားကို ဆိုတော်မူသော ၊ ကောင်းသောနိဗ္ဗာန်သို့ကြွလှမ်းတော်မူသော မြတ်စွာဘုရား။
၅။ လောက၀ိဒူ
သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟူသော လောကသုံးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ
ဆိုဆုံးမထိုက်သောသတ္တ၀ါတို့ကို အတုမရှိဆုံးမတော်မူသော မြတ်စွာဘုရား။
၇။ သတ္ထာဒေ၀မနုဿာနံ
လူနတ်ဗြဟ္မာ၊ သတ္တ၀ါ အပေါင်းတို့၏ ကိုးကွယ်အားထားရာ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ
သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိ၊ သူတစ်ပါးတို့လည်းသိအောင် ဟောကြားတော်မူသော မြတ်စွာဘုရား။
၉။ ဘဂ၀ါ
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဒီအချက်တွေက မူရင်းအဓိပ္ပါယ်တွေပေါ့ . . .
ဒီအဓိပ္ပါယ်တွေကို အခုလို ပေါင်းစပ်ကြည့်တဲ့အခါ ပိုပြီး လေးနက်၊ ကြည်ညိုဖွယ်ရာ၊ လိုက်နာ ကျင့်သုံးဖွယ်ရာ ဖြစ်လာတာ တွေ့ရပါမယ်။

၁+၈
ကိလေသာ မှန်သမျှ ကင်းစင်သော ၊ဆိတ်ကွယ်ရာအရပ်တွင်ပင် မကောင်းမှုမှန်သမျှ ပြုတော်မမူသော ၊သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိ၊ သူတစ်ပါးတို့လည်းသိအောင် ဟောကြားတော်မူသောကြောင့် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့နှင့်တကွ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂+၇
သိစရာတရားအလုံးစုံကို ဆရာမရှိကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသောကြောင့် လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ကိုးကွယ်အားထားရာ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား။
၃+၆
အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသောကြောင့် ဆိုဆုံးမထိုက်သော သတ္တ၀ါတို့ကို အတုမရှိ ဆုံးမနိုင်တော်မူသော မြတ်စွာဘုရား။
၎+၅
လောကသုံးပါးကို သိမြင်တော်မူသောကြောင့် ကောင်းသောစကားကို ဆိုတော်မူသော၊ ကောင်းသောနိဗ္ဗာန်သို့ ကြွလှမ်းတော်မူသော မြတ်စွာဘုရား။

ဒီဂုဏ်တော်တွေ နဲ့ ပေါင်းစပ်အနက်တွေကို စိတ်ထဲကဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ ရွတ်ဖတ်ရင်း
ဘုရားရှင်အပေါ် ကြည်ညိုစိတ်တွေ ပိုပြီးလေးလေးနက်နက် ဖြစ်ပေါ် လာလိမ့်မယ်။
နောက်ဆက်တွဲ အနေနဲ့

  • သစ္စာလေးပါးကို သိချင်လာတာ
  • ဆိတ်ကွယ်ရာအရပ်မှာ မကောင်းမှု မပြုမိအောင်နေတာ
  • ပညာရပ်တွေလေ့လာရတဲ့အခါ လွယ်ကူလာတာ
  • အခြားသူတွေရဲ့ အားထားလေးစားစရာ ဖြစ်လာတာ
  • အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံကောင်းမွန်အောင် နေထိုင်ကျင့်သုံးချင်စိတ် အမြဲဖြစ်ပေါ်နေတာ
  • ကောင်းသောစကားကိုပဲ အမြဲပြောမိလာပြီး၊
  • မကောင်းသောစကားကို ကြားရသောဆင်းရဲမှုက လွတ်လာတာ
စတဲ့ မြောက်မြားလှစွာသော ကောင်းကျိုးတွေကိုလည်း
မတောင်းဘဲ အလိုလိုရလာ၊ ရောက်လာတာ တွေ့ရမယ်။
ဂုဏ်တော်တွေ အမြဲပွားနေတာကြောင့်
ပွားနေရင်းရုတ်တရက်သေရင်တောင် ငရဲ မရောက်နိုင်ဘူး။
သံသရာမှာ မကောင်းတဲ့ ဘုံ ဘ၀တွေ မရောက်နိုင်ဘဲ ၊
အဆုံးမှာ နိဗ္ဗာန်သို့ရောက်နိုင်တာ စတဲ့ ကောင်းကျိုးတွေလည်း ရလာမယ် ။

(တကယ်တော့ဒီထက်မကများပြားလှတဲ့ အကျိုးတွေရရှိမှာပါ. . နောက်ထပ်ပြောချင်တာလေးတစ်ခုကဘုရားရှင်ရဲ့ဂုဏ်တော် တွေဟာကျွန်တော်တို့ မှန်းဆမရနိုင်အောင်များပြားလှသလို ကျေးဇူးလည်းကြီးမားလွန်းလှတဲ့အတွက် မိမိတို့သံသရာအကျိုးကိုမျှော်ပြီးအထူးအာရုံပြုကြစေချင်ပါတယ် . .)

တကယ်လို့များ ကျွန်တော့်ရဲ့ ဖော်ပြချက်တွေထဲမှာ . . မှားယွင်းမှုတစ်စုံတရာပါနေခဲ့တာတွေ့ရင်လည်း ပြောပြပေးခဲ့ဖို့ ပန်ကြားအပ်ပါတယ် . .

သူငယ်ချင်းများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းရွှင်လန်းပြီး
အမျိုးဘာသာ၊ သာသနာအကျိုးကို တတ်အားသမျှ ထမ်းဆောင်ကြသူများ ဖြစ်နိုင်ကြပါစေ။