ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Showing posts with label တရား Dhamma. Show all posts
Showing posts with label တရား Dhamma. Show all posts

May 3, 2009

မေတ္တာ

၂၀၀၉ ခုနှစ် မေလ ၂ ရက်နေ့ - စနေနေ့ - ညနေ ၆ - ၃၀ နာရီ အချိန်၊ စင်္ကာပူနိုင်ငံ - တိုပါးယိုး မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ ဆရာတော် “ဓမ္မဒူတ အရှင်ဆေကိန္ဒ” ဟောကြားခဲ့တဲ့ တရားတော်ကို မှတ်သားမိသမျှ ပြန်လည် ဝေမျှပေးလိုက်ပါတယ်...

လူတိုင်း အမှန်တရားလက်ကိုင်ထားတယ်လို့ ပြောကြတယ်.. ဒါပေမယ့် လူကြားထဲ အမှန်အတိုင်း သွားပြောရင် အဆင်မပြေ ဖြစ်ကြတာ များတယ်... အိမ်မှာ - ကိုယ်က မှန်အောင်နေတယ်၊ တစ်အိမ်လုံးနဲ့ အဆင်မပြေ ဖြစ်ကြတယ်.. ကဲ.. လိုက်ဆိုကြ
“ကိုယ်ကမှန်တယ် ၊ ဒါပေမယ့် အားလုံးနဲ့ အဆင်မပြေဘူး၊ မနေတတ်သေးလို့နဲ့ တူပါတယ်”
“Right for one self, but not OK with all. Look like don't know how to live!”

သူ အဆင်မပြေဘူး... ကိုယ် အဆင်ပြေနေတယ်...
ဒီအချိန်မှာ ကိုယ့်ဆီမှာ သနားကြင်နာတဲ့ စိတ်ကလေး ရှိနေဖို့ လိုတယ်
“ကိုယ့်ကံနဲ့ ကိုယ်လာတာ” ဆိုတဲ့ စကားကို အဆင်ပြေနေတဲ့သူက အဆင်မပြေဖြစ်နေတဲ့သူကို ပြောလိုက်တဲ့ အခါ - မှန်တော့ မှန်တယ်၊ ဒါပေမယ့် ကြားရတဲ့သူ အတွက် အဆင်မပြေနိုင်ဘူး၊ ခံရခက်တယ်
“ဗြဟ္မာ့ဝိဟာရ တရားလေးပါး” နဲ့ နေနိုင်မှ အားလုံးနဲ့ အဆင်ပြေမယ်... ဗြဟ္မာ့ဝိဟာရ တရားလေးပါးဆိုတာ “မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ” တရားတွေကို ခေါ်တာ...
မေတ္တာထားပါ... သနားရမယ့်သူကို သနားပါ... သူများကြီးပွားချမ်းသာနေတာကို မုဒိတာပွားပါ... ဥပေက္ခာပြုသင့်တာကို ဥပေက္ခာပြုပါ...

ကိုယ်က လူတစ်ယောက်ကို မေတ္တာထားလို့လည်း မရဘူး၊ သနားလို့လည်း မရဘူး၊ မုဒိတာပွားလို့လည်း မရဘူး ဆိုရင်တော့... ဘယ်လိုမှ လုပ်လို့ မရဘူးဆိုရင်တော့ ဥပေက္ခာပြုလိုက်ပါ...
“ဈာန်ငါးပါး” မှာ ဥပေက္ခာက “ပဉ္စမဈာန်” ကို ရောက်တယ်...
“အိမ်ပူတယ”် ဆိုတာ “အိမ်ကလူတွေ၊ အိမ်မှာနေတဲ့သူတွေ ပူလို့ အိမ်ပူတာ” ...
“ကမ္ဘာကြီးပူတယ်” ဆိုတာ “ကမ္ဘာကြီးမှာနေတဲ့သူတွေ ပူလို့”
လူတွေ ကိုယ်မှန်တယ်ထင်ပြီး ထင်တာလုပ်လေလေ ပိုပူလာလေလေပဲ... “မှန်အောင်နေပါ... ဗြဟ္မာ့ဝိဟာရ တရားနဲ့ နေပါ”

“မေတ္တာထားတယ်” ဆိုတာ “လောဘ မဖြစ်အောင် နေတာ”
“ကရုဏာ ထားတယ်” ဆိုတာ “ဒေါသ မဖြစ်အောင် နေတာ”
“မုဒိတာ ပွားတယ်” ဆိုတာ “လောဘ၊ဒေါသ မဖြစ်အောင် နေတာ”
“ဥပေက္ခာ ထားတယ်” ဆိုတာ “မောဟ မဖြစ်အောင် နေတာ”

မေတ္တာစိတ်ကို “လက်တစ်ဖျစ်တီး” လောက်၊ “တစ်စက္ကန့်” လောက် ထားကြည့်ပါ။ ဒီလို မေတ္တာနဲ့ နေတာကို “ဈာန်တရားနဲ့နေတယ်၊ ဈာန်ဝင်စားနေတယ်” လို့ခေါ်တယ်... လက်တစ်ဖျစ်လောက် မေတ္တာစိတ်ထားတာနဲ့ လက်တစ်ဖျစ်စာ သမာဓိ၊ လက်တစ်ဖျစ်စာ ဈာန် ( “စတုတ္ထဈာန်”) ရတယ်.. “သီလ၊ သမာဓိ၊ ပညာ” သိက္ခာသုံးမျိုးလုံး ကျင့်ပြီးသား ဖြစ်သွားတယ်...

“မေတ္တာစိတ်ဖြစ်အောင် ဘယ်လိုလုပ်မလဲ”
“မတည့်တဲ့သူ၊ မုန်းတဲ့သူ အကြောင်း မစဉ်းစားနဲ့၊ ချစ်တဲ့သူ အကြောင်းလည်း မစဉ်းစားနဲ့”
မုန်းတဲ့သူ အကြောင်း စဉ်းစားရင် “ဒေါသ” ဖြစ်မယ်... ဒေါသဖြစ်ရင် ဈာန်လျောမယ် ...
ချစ်တဲ့သူ အကြောင်း စဉ်းစားရင် “တဏှာ” ဖြစ်မယ်... တဏှာဖြစ်ရင် ဈာန်လျောမယ် ...
တဏှာနဲ့လည်း မချစ်နဲ့၊ ဒေါသနဲ့လည်း မမုန်းနဲ့၊ ကိုယ့်ကိုယ်ကို စပြီး မေတ္တာပို့ ...

လူတွေ မေတ္တာ နေ့တိုင်းပို့နေကြတယ်... တကယ်မေတ္တာ ရှိလို့လား၊ အကျင့်ပါနေလို့ ပို့ကြတာလား
မေတ္တာဆိုတာ ကိုယ့်မှာ ရှိနေဖို့၊ သူများကို ပေးဝေဖို့ လိုတယ်... လက်တစ်ဖျစ်စာကနေ ရအောင်လုပ်ကြပါ...
(ဒီနေရာမှာ ဆရာတော်က မေတ္တာပွားထားတဲ့ သံဃာတော်တွေကို လှူဒါန်းရတာ အလှူရှင်ရော၊ သံဃာတော်တွေပါ နှစ်ဘက်လုံး အကျိုးများတဲ့ အကြောင်း ဟောပါသေးတယ်... အသေးစိတ်မှတ်ဖို့ ခက်သွားလို့၊ ရေးရင်မှားသွားမှာ စိုးရိမ်တဲ့ အတွက် ချန်ထားခဲ့ပါတယ်)...

ကမ္ဘာကြီးပူနွေးလာတာ လူတွေရဲ့ “လောဘ၊ ဒေါသ၊ မောဟ” တွေကြောင့် ဖြစ်တာ.. တချို့က သစ်ပင်တွေ ခုတ်လို့ လို့ပြောကြတယ်... တကယ်ကတော့ “လောဘ၊ ဒေါသ၊ မောဟ” တွေကြောင့်... လူတွေ သစ်ပင်ခုတ်တယ်၊ ခုတ်တဲ့သူတွေက အခုတ်ခိုင်းတဲ့သူတွေရှိလို့ ခုတ်တယ်၊ အခုတ်ခိုင်းတဲ့ သူတွေက သူတို့ကိုယ်တွင်းက “လောဘ၊ ဒေါသ၊ မောဟ” တွေကြောင့် အခုတ်ခိုင်းတာ...

မေတ္တာစိတ်ဆိုတာ ပင်ကိုယ်ဓါတ်ခံကောင်းရင် ဖြစ်လွယ်တယ်၊ မုန်းစရာ ချစ်စရာ အာရုံတွေကို ရှောင်ပြီး အာရုံပြု၊ ဥပမာ - မိဘကျေးဇူးကို အာရုံပြု၊ ကိုယ့်အကြောင်းကိုယ် စဉ်းစားရင်လည်း အဆင်ပြေတယ်... မေတ္တာစိတ် ဖြစ်လွယ်တယ်၊။ သူများအကြောင်းတွေ စဉ်းစားရင် ချစ်တဲ့၊ မုန်းတဲ့စိတ်တွေ ဖြစ်လာနိုင်တယ်...
ကိုယ်နဲ့ မတည့်တဲ့သူအကြောင်းဆိုရင် မစဉ်းစားဘဲနဲ့ ပေါ်နေတတ်တယ်... မတည့်တဲ့သူ အကြောင်းကို စဉ်းစား၊ ပေါ်လာတဲ့ သူ့မျက်နှာကို မြင်ပြီး ကိုယ်တစ်ယောက်ထဲ ရန်ဖြစ်နေတာ... ကိုယ့်လောက် ရူးတဲ့သူ မရှိတော့ဘူး၊ ကိုယ့်စိတ်တွေပဲ ပူလောင်လာမယ်.. သူကတော့ သိမှာတောင် မဟုတ်ဘူး...

အိပ်ခါနီး ချက်ချင်း အိပ်မပျော်သေးခင် - ကိုယ်မေတ္တာပို့နိုင်သူ၊ ကိုယ်မေတ္တာပို့ရမယ့်သူတွေကို - မေတ္တာပို့ပါ... မနက် အိပ်ယာက နိုးတာနဲ့ နိုးနိုးချင်း မေတ္တာပွားပါ...
ဘယ်သူ့အပေါ်မှ မမုန်းဘဲနေနိုင်တဲ့ အစွမ်း၊ စိတ် ရှိနိုင်/ထားနိုင်ရမယ်
လူတွေက အချိုးမကျတဲ့သူ၊ ကိုယ်စိတ်တိုင်းမကျတဲ့သူကို မြင်လေ မေတ္တာစိတ် ပျောက်လေလေ ဖြစ်တတ်ကြတယ်...

အမှန်တရားကိုလည်း ကြိုက်ပါ၊ နေတတ်အောင်လည်း နေပါ...
ကိုယ့်စိတ်တိုင်းကျ၊ အချိုးကျတဲ့သူဆိုတာ မရှိနိုင်ဘူး... ကိုယ့်ကိုယ်ကိုတောင် စိတ်တိုင်းကျကြရဲ့လား... ကိုယ်ပြင်ပေးလိုက်လို့၊ ကိုယ်ပြောလိုက်လို့ အချိုးကျသွားတယ်ဆိုတဲ့သူ ဘယ်နှစ်ယောက် ရှိခဲ့ဘူးလဲ... ကိုယ့်မှာ မေတ္တာတကယ်ရှိလာရင် မျက်စိထဲမှာ အားလုံး အချိုးကျလာမယ်...

မေတ္တာစိတ်လေးထားတာသည် - သီးခံခြင်း အကျင့်ကို ကျင့်ရာရောက်တယ်၊ အားလုံး အကျိုးများတယ်၊ သီလ၊ သမာဓိ၊ ပညာ ထူထောင်ပြီး ဖြစ်တယ် -
ကိုယ် မေတ္တာပို့ချင်တဲ့သူကို အာရုံစိုက်ပြီးပို့၊ ပြီးရင် လူ၊ သတ္တ၀ါ တွေကို မေတ္တာပို့ ၊ မိဘ၊ ကျေးဇူးရှင် ဆရာသမားတွေကို စူးစိုက် အားထဲ့ပြီး မေတ္တာပို့လိုက်တာနဲ့ အာရုံထဲမှာ သူတို့ပုံတွေ ပေါ်လာမယ်...
အားစိုက်ထုတ်တာလေးရှိတယ်... ရည်မှန်းတဲ့ ဓါတ်ကလေးပါတယ်... “သြဒိသ” - ရည်စူးပြီးပို့တဲ့ မေတ္တာ...
စိတ်ကို မှန်လို ကြည်အောင်နေ... မေတ္တာစိတ်လေးနဲ့နေ... "အနောဒိသ" - မရည်စူးပဲ ပို့တဲ့ မေတ္တာ...
သြဒိသ မေတ္တာမှာ စူးစိုက်တဲ့ “ဈာန်” သဘောပါတယ် - ဈာန်က အားးစိုက်ရတယ်... “သမထ”
အနောဒိသ မေတ္တာမှာ “ဥာဏ်” သဘောပါတယ် - ဥာဏ်က အားစိုက်ဖို့ မလိုဘူး ... “၀ိပဿနာ”
တခါတလေ ကိုယ်က ဘုရားရှိခိုးပြီးလို့ စိတ်ကလေးကြည်နေတဲ့ အချိန်မှာ - မေတ္တာပွားနေတဲ့ အချိန်မှာ စိတ်ထဲမှာ - ဖျတ်ကနဲ၊ ဖျတ်ကနဲ ပေါ်လာတဲ့ သူတွေ ကြုံဖူးလိမ့်မယ်... အဲဒါ ကိုယ့်မေတ္တာကို ခံယူမယ့်သူတွေ ပေါ်လာတာ... “အနောဒိသ” မေတ္တာ၊ အဲဒီအချိန်မှာ သူတို့ကို မေတ္တာပို့ပေး... အဲဒီအချိန်မှာ လောဘ၊ ဒေါသ၊ မောဟ တွေ ဖြစ်မနေဘူး၊ ပေါ်လာတဲ့ အာရုံတွေမမြဲတာ၊ လူတွေ ပေါ်လာတယ် - မေတ္တာပို့တယ် - ပျောက်သွားတယ်၊ နောက်တစ်ယောက်ပေါ်လာတယ် - မေတ္တာပို့တယ် - ပျောက်သွားတယ်၊ ဒါ “မမြဲတဲ့ သဘော” ကို နှလုံးသွင်းဖို့။ မေတ္တာပို့နေရင်း ကိုယ့်စိတ်မှာ၊ ကိုယ်မှာ “ပီတိ” တွေ “ဖြစ်လာမယ်” ၊ အဲဒီ ပီတိတွေ “ပျက်သွားမယ်” .. ဒါဟာ ပီတိကြောင့် ဖြစ်လာတဲ့ “ဖြစ်/ပျက်” သဘောတွေကို သိလာတာ... “၀ိပဿနာ”...
အဲဒီအချိန်မှာ “စိတ်မဆိုးအောင်၊ ဒေါသမထွက်အောင် သတိထား” “စိတ်ဆိုး ဒေါသထွက်ရင် ကိုယ်ရနေတဲ့ ငြိမ်းချမ်းမှုလေး ဆုံးရှုံးသွားမယ်...”

မေတ္တာထားတတ် ပွားတတ်ရင် “ဈာန်လည်းရမယ်၊ ဥာဏ်လည်းရမယ်” ၊ လက်တစ်ဖျစ်စာ မေတ္တာပွားတဲ့အခါမှာတောင် ဒီလောက် အကျိုးများရင်၊ “လက်တစ်ဖျစ်စာပေါင်းများစွာ” (ကြိမ်ဖန်များစွာ) ကျင့်လာတဲ့သူတစ်ယောက်အတွက် ဘာမှ ပြောစရာကို မလိုတော့ဘူး...
“မေတ္တာ” ကို “ရှိအောင်လည်း နေပါ” “သူများတွေကိုလည်း ပေးပါ၊ ပို့ပါ၊ ပွားပါ”

တရားပွဲကို ကျွန်တော်ရောက်တဲ့ အချိန်မှာ အနည်းငယ်နောက်ကျသွားတဲ့ အတွက် ခေါင်းစဉ်ကို မသိလိုက်ဘူး.. ဘေးကလူကိုလည်း မမေးမိဘူးခင်ဗျ... ဒါနဲ့ မေတ္တာ အကြောင်းဟောထားတာဖြစ်လို့ “မေတ္တာ” လို့ အမည်တပ်ထားတာပါ...
တရားတော်ကို နာယူမှတ်သားရတာ အရမ်းကောင်းလွန်းပါတယ်.. လိုက်နာကျင့်သုံးဖို့ မခက်သလို လိုက်နာကျင့်သုံးနိုင်ရင် အလွန်ပဲ အကျိုးများမှာ ပါပဲ
တရားလာမနာဖြစ်တဲ့ သူတွေ အတွက် ဆရာတော်ဟောသွားတဲ့ အတိုင်း လိုက်မှတ်ထားတာလေးတွေကို မှတ်လို့ ရသလောက် ပြန်လည် မျှဝေထားတာ ဖြစ်ပါတယ်... အတတ်နိုင်ဆုံး အမှန်အတိုင်း ဖြစ်အောင် ကြိုးစားလိုက်မှတ်ထားပေမယ့် ကျွန်တော် လိုက်မှတ်တဲ့ နေရာမှာ ပြန်ရေးတဲ့ အခါမှာ အမှားပါနိုင်တဲ့ အတွက် အသုံးဝင်တဲ့ အချက်လေးတွေယူပြီး မှားနေရင်လည်း ပြင်ပေးသွားကြပါ.. အသံဖမ်းဖို့ အဆင်မပြေတဲ့ အတွက် အသံဖိုင်ကိုတော့ ဝေမျှနိုင်ခြင်း မရှိပါဘူး... ဒါပေမယ့် အသံဖမ်းထားတဲ့သူတွေ ရှိတဲ့အတွက် အင်တာနက်ပေါ်ကို တစ်ချိန်မှာ ရောက်လာမှာပါ... အသံဖိုင်ရှိတဲ့သူတွေ ပြန်လည်ဝေမျှသွားကြပါ...
ညီအကို မောင်နှမများအားလုံး “မေတ္တာထားနိုင်၊ မေတ္တာပွားနိုင်” တဲ့သူတွေ အမြန်ဆုံး ဖြစ်နိုင်ကြပါစေ....

Apr 28, 2009

ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ တရားပွဲ

ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ တရားပွဲ သတင်းလေးကို လက်ဆင့်ကမ်းဝေမျှပေးလိုက်ပါတယ်...
တရားပွဲမလာနိုင်သူများအတွက်လည်း ဒီနေရာမှာ လာဖတ်နိုင်အောင် ကြိုးစားပြီး ပြန်လည် ဝေမျှပေးထားပါ့မယ် ...

  • နေ့ရက် - မေလ ၂ ရက်နေ့ - စနေနေ့
  • နာရီ - ညနေ ၆ - ၃၀ နာရီ
  • နေရာ - တိုပါးယိုး မြန်မာ ဘုန်းတော်ကြီးကျောင်း
  • မြေပုံ - ကြည့်ရှုရန်


View Larger Map

Apr 13, 2009

"ရောဂါကုစား စိတ်စွမ်းအား" တရားတော်

2009-04-11 ရက်နေ့ စင်္ကာပူနိုင်ငံ "တိုပါးယိုး မြန်မာဘုန်းတော်ကြီးကျောင်း" တွင် "ဆရာတော် ဒေါက်တာ အရှင် နန္ဒမာလာ" - "သီတဂူ ဗုဒ္ဓတက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မ တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်" တို့၏ ပါမောက္ခချုပ် - ဟောကြားတော်မူသော "ရောဂါကုစား စိတ်စွမ်းအား" တရားတော်ကို ရပ်ဝေးရပ်နီးမှ ညီအကို မောင်နှမများ၊ တရားပွဲကို ရောက်မလာနိုင်ခဲ့ကြတဲ့ ညီအကို မောင်နှမများနဲ့ တရားတော်များကို နာယူလိုတဲ့ ဆန္ဒရှိတဲ့သူများ အားလုံးတို့အတွက် "နှစ်သစ်ကူးလက်ဆောင်မွန်" အဖြစ် မျှဝေ ပေးလိုက်ပါတယ်။



ခန္ဓာရလာတာနဲ့ ရောဂါ/ဝေဒနာ/ဒုက္ခ ရလာတာပဲ။ မြတ်စွာဘုရားက ခန္ဓာရတယ်ဆိုတာ ရောဂါရလာတာပဲလို့ ဟောကြားတော်မူခဲ့တယ်။
ဘ၀ကို အမှန်အတိုင်း မမြင်ရင် - ဘ၀ကိုတွယ်တာတယ်၊ ကောင်းတယ်ထင်လို့ ရချင်တယ်။ ခန္ဓာရဲ့သဘာဝကို အမှန်အတိုင်း သိသွားရင် ဒုက္ခတွေ၊ ရောဂါတွေ ရလာတတယ် - ဆိုတာ သိလာမယ်။
ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲတာ၊ အဆင်မပြေတာမှန်သမျှကို "ရောဂ" လို့ခေါ်တယ်။ "လျောင်း၊ ထိုင်၊ ရပ်၊ သွား" ဆိုတဲ့ အနေအထိုင်လေးမျိုးကို အဆင်ပြေသလို ပြောင်းနေလို့ မသိသာသော်လည်း၊ ပုံစံတစ်မျိုးတည်းကို အကြာကြီးနေကြည့်ရင် သိသာလာလိမ့်မယ်။

လူတွေမှာ ရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်း (ဂ) မျိုးရှိတယ် -

  1. သည်းခြေ (အစာချေဖို့ လိုအပ်တဲ့ အစာချေရည်များ)
  2. သလိပ် (ခန္ဓာကိုယ်က အနံ့ဆိုးတွေ လည်ချောင်းကနေ အပြင်ပြန်ထွက်မလာအောင် တားဆီးပေးထားတာ၊ ဥပမာပြောရရင် Toliet ထဲမှာ ရေခံထားတဲ့အတွက် အိမ်သာတွင်းထဲက အနံ့ဆိုးတွေ အပြင်ပြန်မတက်လာ နိုင်သလိုမျိုး)
  3. လေ (လေ ၆ မျိုးရှိတယ်၊ ရှုနေတဲ့လေ၊ သွေးထဲကလေ၊ အူထဲကလေ၊ အစာအိမ်ထဲကလေ၊ အကြောထဲကလေ၊ -- (ကျန်တဲ့တစ်မျိုးကို မှတ်ဖို့ မမှီလိုက်ပါ)) ဒီလေ ဖောက်ပြန်လာရင်လည်း ရောဂါဖြစ်တယ်
  4. အထက်မှာ ဖော်ပြထားတဲ့ သည်းခြေ၊ သလိပ်၊ လေ သုံးမျိုးရောပြီး ဖြစ်စေ၊ နှစ်မျိုး ရောပြီးဖြစ်စေ ဖောက်ပြန်လာတဲ့ အခါ။
  5. ဥတု - ဖောက်ပြန်၊ အပူအအေး လွန်ကဲတဲ့ အခါ
  6. အနေအထိုင်/အစားအသောက် - မဆင်ခြင်တဲ့ အခါ
  7. မိမိကြောင့်ဖြစ်စေ၊ တခြားသူကြောင့်ဖြစ်စေ ထိခိုက်နာကျင် တဲ့အခါ
  8. ကံအကျိုးပေးကြောင့် ဖြစ်တဲ့ ရောဂါ

ဖြစ်လာတဲ့ ရောဂါရဲ့ အကြောင်းရင်းကို မူတည်ပြီး ကံ၊ဥတု - စသည်တို့ကို ပြင်ပေးရင် ရောဂါသက်သာရာ ရနိုင်တယ်။
ရောဂါတွေ အားလုံးမှာ စိတ်ကြောင့်ဖြစ်တဲ့ရောဂါတွေက အများဆုံး ဖြစ်တယ်။ တွေးပြီးပူတဲ့ အပူတွေက လေ/သည်းခြေကို ပြောင်းလဲစေတယ်၊ အေးချမ်းနေတဲ့ နှလုံးသားကို ပူလောင်စေတယ်။
ကိုယ်ရောဂါ၊ စိတ်ရောဂါ နှစ်မျိုးမှာ ဘုရား၊ ရဟန္တာတွေတောင် ကိုယ်ရောဂါနဲ့ မကင်းနိုင်ကြဘူး။ ဘုရား၊ ရဟန္တာတွေမှာ စိတ်ရောဂါမရဘူး။
လူတွေမှာ စိတ်ကြောင့်ရောဂါဖြစ်လာပြီဆိုရင် စိတ်နဲ့ပြန်ကုမှ အဆင်ပြေမယ်။ စိတ်ရောဂါ တစ်ကယ်ပျောက်ဖို့ ဗုဒ္ဓရဲ့ နည်းလမ်းကို လိုက်နာကျင့်သုံးမှ ရမယ်။

ရုပ်ခန္ဓာကိုယ်ရလာတာနဲ့ ကျန်းမာတယ်လို့ ပြောလို့ မရတော့ဘူး၊ အမြဲတမ်းရောဂါဖြစ်နေတယ်။ ဒါသဘာဝပဲ။ ကိုယ်မကျန်းမာသော်လည်း စိတ်ကျန်းမာနေအောင် ကြိုးစားနေထိုင်မယ်၊ စိတ်မှာ အနာတရ မရအောင်၊ စိတ်ရောဂါ မရအောင် နေထိုင်နိုင်ဖို့ ပိုအရေးကြီးတယ် လို့ ဘုရားကဟောခဲ့တယ်။
Meditation ဆိုတာ စိတ်ရောဂါ မရအောင် ကျင့်တာပဲ။

အတော်အသင့်ကျန်းမာနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ရုပ်ခန္ဓာမှာဖြစ်လာတဲ့ တော်တန်ရုံရောဂါတွေကို သက်သာစေနိုင်တယ်။ ရောဂါတစ်ခုဖြစ်လာတယ်ဆိုတာနဲ့ စိတ်ကိုကူးစက်သွား တတ်တယ်။ ဒီလို ရုပ်ခန္ဓာရောဂါရလာတဲ့အခါ စိတ်ကိုမကူးစက်အောင်၊ စိတ်မှာ ရောဂါမရအောင် ကုစားတဲ့နည်းဟာ Meditation ပဲ။
စိတ်မှာ ရောဂါကို ကောင်းအောင်ကုစားနိုင်တဲ့ စွမ်းအားတွေ အများကြီးရှိတယ်။ အရှင်မဟာကဿပ ရဟန္တာအရှင်မြတ်ကြီးဟာ ဗုဒ္ဓရဲ့ဗောဇ္ဈင်သုတ် တရားတော်ကို နာကြားရတဲ့ အခါမှာ ပီတိသဗ္မောဇ္ဈင်ကို ခံစားရပြီး ဖြစ်လာတဲ့ ပီတိစိတ်က ရောဂါကို ကျန်းမာစေတတ်တဲ့ ရုပ်တွေကို ထုတ်ပေးတဲ့ အတွက် ပြန်လည်ကျန်းမာလာတာပဲ။
စိတ်အသစ်ဖြစ်တိုင်း ကိုယ်မှာ ရုပ်အသစ်တွေကို ဖြစ်စေတယ်၊ ဒေါသစိတ်ဖြစ်ရင် ဒေါသရုပ်တွေဖြစ်လာတယ်၊ အဲဒီဒေါသရုပ်တွေကြောင့် "မျက်နှာနီလာတာ၊ အသက်ရှုမြန်လာတာ၊ အသံကျယ်လာတာ" တွေဖြစ်လာတာကို ထင်ထင်ရှားရှား မြင်တွေ့နိုင်တယ်။
စိတ်အေးချမ်းလာရင်လည်း ဒီလိုပဲ၊ နှလုံးသားလေးက ငြိမ်သက်၊ အေးချမ်းလို့ နေတယ်။ ဒါကို “၀ိပဿနာ အကျင့်” နဲ့ ရရှိနိုင်တယ်။

စိတ်စွမ်းအားတွေ ရှိဖို့ အရေးကြီးတယ်။ စိတ်စွမ်းအားတွေ တက်လာတာနဲ့အမျှ ကျန်းမာစေတတ်တဲ့ ရုပ်တွေတိုးပွားလာတယ်။
ဗောဇ္ဈင် ဆိုတာ "ဗောဓိအင်္ဂ" ဆိုတဲ့ စကားကနေလာတယ်။ “အသိဥာဏ်ရဲ့ စွမ်းအင်တွေ” လို့ အဓိပ္ပါယ်ရတယ်။ ဒါတွေကို မြင့်မားအောင်လုပ်လိုက်တာနဲ့ ကျန်းမာစေတဲ့ ဆဲလ်တွေ တိုးပွားလာတယ်။
“ပဋာစာရီ” ဟာ သောကကြောင့် အရူးဘ၀ ရောခဲ့ရတယ်။ “လင်မြွေကိုက်၊ ကလေးတစ်ယောက်ကို စွန်ချီ၊ ကလေးတစ်ယောက်က ရေမျော၊ မိဘနှစ်ပါးနဲ့ မောင်ငယ်က အိမ်ပြိုလို့ သေဆုံး” တဲ့ အဖြစ်အပျက်တွေကို ရက်ပိုင်းအတွင်း မချိမဆန့်ကြုံတွေ့လိုက်ရတဲ့ “ပဋာစာရီ” ကြုံတွေ့လိုက်ရတဲ့ အပူမီးက ကြီးမားလွန်းတဲ့ အတွက် အရူးဘ၀ ရောက်ခဲ့ရရှာတယ်။
မြတ်ဗုဒ္ဓနဲ့ တွေ့တဲ့ အချိန်မှာ ကိုယ်မှာ အ၀တ်မရှိတာတောင် မသိလောက်အောင် ရူးနေရှာပြီ။ မြတ်ဗုဒ္ဓက ပဋာစာရီကို “သတ္တ၀ါတစ်ခု၊ ဘ၀တစ်ခု အဆုံးသတ်ဖို့ သေရတဲ့ အချိန်မှာ အဲဒီသူသေတာကို ကျန်နေတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကယ်တင်နိုင်ဖို့ မရှိဘူး၊ ဒီသဘောကို နားလည်ပါ၊ ဖြစ်ခဲ့တာတွေကို စဉ်းစားမနေပါနဲ့တော့၊ ဘ၀ရဲ့ သဘာဝအမှန်ကို နားလည်ပါ” စသည်ဖြင့် တရားဟောတော်မူတယ်။
မြတ်ဗုဒ္ဓရဲ့ အသံတော်ကို ကြားလိုက်ရချိန်မှာပဲ ပဋာစာရီဟာ အသိပြန်ဝင်လာတယ်။ စိတ်ကြောင့်ရူးတယ် စိတ်နဲ့ပဲ ပြန်ကောင်းလာတယ်။

အသိဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ “သီလ - ကိုယ်ကျင့်တရား” ကို အားကိုးပါ။ ကိုယ်ကျင့်တရားကောင်းအောင်လုပ်ပြီး “နိဗ္ဗာန်” ကို တက်လှမ်းပါ။
လူတွေဟာ ဒုက္ခရောက်လာတဲ့ အခါမှာ စဉ်းစားဥာဏ်မရှိတော့ဘူး။ လောကကြီးဟာ ဒုက္ခအစုအဝေးကြီးပါပဲ။ ဘ၀ဆိုတာ ဒီလိုပဲ ဒုက္ခတွေချည်းပဲဖြစ်တဲ့ အတွက် ဒီသဘာဝကို စိတ်ပျက်၊ ကြောက်ရွံ့စရာ မလိုဘူး။ ကိုယ်ကျင့်တရား မကောင်းတဲ့သူ မကောင်းတာတွေ လုပ်နေတဲ့သူဟာ တခြားဘယ်သူမှ မသိဘူးဆိုရင်တောင် ကိုယ့်ကိုယ်ကိုတော့ အသိဆုံးပါပဲ။
လူတွေ သေကြတဲ့အခါ -
- တချို့က ပြုံးပြီးသေကြတယ် ...
- တချို့က အော်ဟစ်ပြီး သေတယ် ...
- တချို့က ရုန်းကန်ပြီး သေတယ် ...
- တချို့က ဝေဒနာကို ပြင်းပြင်းထန်ထန် နာကျင်ခံစားရပြီး သေတယ် ...
ဘ၀ တစ်လျောက်လုံး ကိုယ်ကျင့်သုံးလာခဲ့တဲ့ ကိုယ်ကျင့်တရားက သေခါနီး အချိန်မှာ ပြန်ပေါ်လာတယ်။

ကိုယ်ကျင့်သီလ ကောင်းလာတဲ့ အခါမှာ ဒေါသမဖြစ်အောင် နေနိုင်လာတယ်။ ဒေါသဖြစ်/ စိတ်ဆိုးလာပြီ ဆိုရင်လည်း ချက်ချင်းသိပြီး ဖယ်ရှားနိုင်လာတယ်။
ထို့အတူပဲ ကိုယ်ကျင့်သီလကောင်းလာတဲ့သူဟာ ကောင်းတဲ့စိတ်ဖြစ်အောင်လည်း အမြဲလုပ်နေတယ်။ ဖြစ်လာတဲ့ ကောင်းတဲ့စိတ်ကိုလည်း တိုးပွားအောင် အမြဲတမ်း ကြိုးစားနေထိုင်တယ်။
ဒီလိုနေမှ ဘ၀ကောင်းလာမယ်၊ စိတ်စွမ်းအားတွေ ကောင်းလာမယ်။ ဒါကို Right Effort “မှန်ကန်တဲ့ ကြိုးစားအားထုတ်မှု” လို့ခေါ်တယ်။ “မှန်ကန်တဲ့ သတိ” Right Mindfulness အမြဲရှိပြီး ကိုယ်နဲ့ မကွာ ထိန်းသိမ်းထားနိုင်ရမယ်။
(နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့) ကောင်းတဲ့ အာရုံ တစ်ခုခုမှာ စိတ်လေးက ငြိမ်သက်အောင် နေနိုင်တဲ့ အခါမှာ Right Concentration “မှန်ကန်တဲ့ စူးစိုက်မှု” ဖြစ်ပေါ်လာတယ်။ စိတ်ရောဂါကင်းလာတာနဲ့ အမျှ စိတ်ကြောင့်ဖြစ်တဲ့ နှလုံးပူပန်မှုဆိုတာလည်း မရှိတော့ဘူး။

လူတွေက ကိုယ်ရောဂါကိုပဲ အဓိက ကုစားနေကြတယ် ...
လောဘ၊ ဒေါသ၊ မောဟ တွေက နှလုံးသားကို ပူလောင်ချင်တိုင်း ပူလောင်နေစေတာကို မသိကြဘူး၊ ကုလည်း မကုစားကြဘူး ...
မဂ္ဂင်ရှစ်ပါး စိတ်စွမ်းအားကို မြှင့်တင်မှ စိတ်အေးချမ်းမှာ၊ နှလုံးသားမှာ ငြိမ်းချမ်းမှာ ဖြစ်တဲ့အတွက် “၀ိပဿနာ အကျင့်” မဂ္ဂင်ရှစ်ပါးကို ထူထောင်ပြီး ဘ၀သံသရာမှ လွတ်မြောက်အောင်၊ စိတ်မှာ ခွန်အားတွေရှိအောင် ကြိုးစားနေထိုင် လေ့ကျင့်သွားနိုင်ကြပါစေ ...

-- ဆရာတော် ဟောကြားသွားတဲ့ တရားတော်ကို ရသလောက် မှတ်စုလိုက်ရေးပြီး နှစ်သစ်ကူးလက်ဆောင်မွန် အဖြစ် “ဓမ္မဒါန” ဖြန့်ဖြူး ဝေမျှလိုက်တာ ဖြစ်ပါတယ်။
-- တစ်ခုခု အမှားအယွင်းပါခဲ့တယ်ဆိုရင် ကျွန်တော့်ရဲ့ ချွတ်ယွင်းချက်သာ ဖြစ်ပါတယ် ...
-- အမှားအယွင်းတွေရှိနေရင်လည်း ပြင်ဆင်တည့်မတ်ပေးဖို့ တတ်သိနားလည်သူများကို ဖိတ်မန္တက ပြုပါတယ် ...
-- အသံဖမ်းဖို့ အဆင်မပြေတဲ့ အတွက် အသံကိုတော့ ပြန်လည်ဝေမျှနိုင်ခြင်း မရှိပါဘူး ...
-- ညီအကို မောင်နှမများ အနေနဲ့ ဖတ်ရှုပြီးတဲ့အခါ ကိုယ့်အတွက်၊ ဘ၀အတွက် အဆင်ပြေတာ၊ အသုံးဝင်တာလေးတစ်ခုခုကို ရသွားတယ်ဆိုရင်ပဲ ၀မ်းသာအားရ ဖြစ်မိမှာပါ ....
-- နှစ်သစ်မှာ ညီအကို၊ မောင်နှမများ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများနဲ့ ပြည့်ဝကြပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ...

Jun 4, 2007

ပရိတ်ကြီး (၁၁) သုတ် အပိုင်း (၁) - ရွှေလင်းယုန်ဆရာတော်

ပရိတ်ကြီး (၁၁) သုတ် အပိုင်း (၂) - ရွှေလင်းယုန်ဆရာတော်

ပရိတ်ကြီး (၁၁) သုတ် အပိုင်း (၃) - ရွှေလင်းယုန်ဆရာတော်

Jun 3, 2007

ပရိတ်ကြီး (၁၁) သုတ် အပိုင်း (၄) - ရွှေလင်းယုန်ဆရာတော်

ပရိတ်ကြီး (၁၁) သုတ် အပိုင်း (၅) - ရွှေလင်းယုန်ဆရာတော်

May 11, 2007

နာကြားခဲ့သောတရားတော်များ


သူငယ်ချင်းတွေကို ဘာတွေပေးရမလဲ သေသေချာချာစဉ်းစားတဲ့အခါမှာ
နာကြားခဲ့ဖူးသော ၊ နာကြားနေဆဲဖြစ်သော တရားတော်တွေကို
ပြန်ပြီးဖောက်သည်ချဖို့ အရင်တွေးမိပါတယ် . .

တနေ့ထက်တနေ့ ပူလောင်မှုတွေများသထက်များလာတဲ့ အခုလိုအချိန်မှာ
အားလုံးဟာ တရားတော်တွေကို နာကြားဖို့ အချိန်မပေးနိုင်ကြတော့သလို . . ဖြစ်လာတာတွေ့ရတာကြောင့်
တရားတော်တွေ အထဲမှာ ဟောကြားထားတဲ့ မှတ်သားဖွယ်ရာ သိမှတ်စရာလေးတွေ၊
သိချင်ပြီးတရားတော်ကို နာယူချင်တဲ့စိတ်ပေါ်လာနိုင်တဲ့ အချက်လေးတွေကို ထုတ်နှုတ်ဖော်ပြပေးလိုက်ပါတယ် . .

တရားတော်များရဲ့ အညွှန်းလေးတွေအောက်မှာ
ကူးယူနာကြားနိုင်မယ့် “ လင့်ခ် ”လေးတွေနဲ့
ကျွန်တော်ရယူခဲ့တဲ့ နေရာလေးတွေကို ဖော်ပြပေးထားပါတယ် . .
တကယ်လို့များ ကျွန်တော့်ရဲ့ ဖော်ပြချက်တွေထဲမှာ . . မှားယွင်းမှု တစ်စုံတရာပါနေခဲ့တာ တွေ့ရင်လည်း ပြောပြပေးခဲ့ဖို့ ပန်ကြားအပ်ပါတယ် . .

ချစ်သူငယ်ချင်းများအားလုံး တရားဓမ္မမှာ မွေ့လျော်၊ ပျော်ပိုက်နိုင်ကြပါစေဗျာ. . .

May 9, 2007

စုဆောင်းထားတာလေးတွေ


ကျွန်တော်စုဆောင်းထားတာလေးတွေပါ . .
တရားတော်တွေ၊ မှတ်စုလေးတွေနဲ့ ဟိုနေရာဒီနေရာတွေကရလာတဲ့ သီချင်းလေးတွေကို
အကြိုက်ချင်းတူတဲ့ သူငယ်ချင်းတွေပါ မျှဝေခံစားလို့ရအောင်လုပ်ပေးထားတာပါ . .

တရားတော်တွေမှာတော့ သီတဂူဆရာတော်ဘုရားရဲ့ တရားတွေများပါတယ် . .
Dhammadownload.com ကနေ ကူးထားတာပါ.
အဲဒီကိုသွားချင်ရင်တော့ ဒီနေရာ ကနေသွားလို့ရပါတယ် . .

စာအုပ်တွေကတော့ သိပ်မရှိသေးပါဘူး၊
မှတ်စုတွေကတော့ web site တွေကနေတူရာလေးတွေစုပြီး pdf ပြန်လုပ်ထားတာပါ . .
သီချင်းတွေကတော့အစုံပါဘဲ၊ ကြိုက်လို့ကတော့ ကူးသွားလိုက်ပါ . .

အင်း . . copyright တွေကိုတော့ ကြောက်တယ်ဗျာ . .
နောက်ပိုင်းဆိုရင် ဒီလိုမှပေးလို့ ရပါတော့မလားမသိဘူးဗျာ . .
လောလောဆယ်တော့ file တွေကို အမြဲ update လုပ်နေမှာပါ
အဆင်မပြေတာရှိရင်လည်း အောက်မှာပြောခဲ့ပါနော် . .

သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေဗျာ . . .

May 8, 2007

မြတ်စွာဘုရား၏ဂုဏ်တော် (၉) ပါး အနက်အဓိပ္ပါယ်


၁။ အရဟံ
ကိလေသာမှန်သမျှ ကင်းစင်တော်မူသော၊ ဆိတ်ကွယ်ရာ အရပ်တွင်ပင် မကောင်းမှုမှန်သမျှ ပြုတော်မမူသော၊ လူမင်းနတ်မင်းဗြဟ္မာမင်းတို့နှင့်တကွ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ
သိစရာ တရားအလုံးစုံကို ဆရာမရှိ ကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်တော်တိုင် ထိုးထွင်းသိမြင် တော်မူသော မြတ်စွာဘုရား။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၎။ သုဂတော
ကောင်းသောစကားကို ဆိုတော်မူသော ၊ ကောင်းသောနိဗ္ဗာန်သို့ကြွလှမ်းတော်မူသော မြတ်စွာဘုရား။
၅။ လောက၀ိဒူ
သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟူသော လောကသုံးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ
ဆိုဆုံးမထိုက်သောသတ္တ၀ါတို့ကို အတုမရှိဆုံးမတော်မူသော မြတ်စွာဘုရား။
၇။ သတ္ထာဒေ၀မနုဿာနံ
လူနတ်ဗြဟ္မာ၊ သတ္တ၀ါ အပေါင်းတို့၏ ကိုးကွယ်အားထားရာ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ
သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိ၊ သူတစ်ပါးတို့လည်းသိအောင် ဟောကြားတော်မူသော မြတ်စွာဘုရား။
၉။ ဘဂ၀ါ
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဒီအချက်တွေက မူရင်းအဓိပ္ပါယ်တွေပေါ့ . . .
ဒီအဓိပ္ပါယ်တွေကို အခုလို ပေါင်းစပ်ကြည့်တဲ့အခါ ပိုပြီး လေးနက်၊ ကြည်ညိုဖွယ်ရာ၊ လိုက်နာ ကျင့်သုံးဖွယ်ရာ ဖြစ်လာတာ တွေ့ရပါမယ်။

၁+၈
ကိလေသာ မှန်သမျှ ကင်းစင်သော ၊ဆိတ်ကွယ်ရာအရပ်တွင်ပင် မကောင်းမှုမှန်သမျှ ပြုတော်မမူသော ၊သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိ၊ သူတစ်ပါးတို့လည်းသိအောင် ဟောကြားတော်မူသောကြောင့် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့နှင့်တကွ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂+၇
သိစရာတရားအလုံးစုံကို ဆရာမရှိကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသောကြောင့် လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ကိုးကွယ်အားထားရာ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား။
၃+၆
အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသောကြောင့် ဆိုဆုံးမထိုက်သော သတ္တ၀ါတို့ကို အတုမရှိ ဆုံးမနိုင်တော်မူသော မြတ်စွာဘုရား။
၎+၅
လောကသုံးပါးကို သိမြင်တော်မူသောကြောင့် ကောင်းသောစကားကို ဆိုတော်မူသော၊ ကောင်းသောနိဗ္ဗာန်သို့ ကြွလှမ်းတော်မူသော မြတ်စွာဘုရား။

ဒီဂုဏ်တော်တွေ နဲ့ ပေါင်းစပ်အနက်တွေကို စိတ်ထဲကဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ ရွတ်ဖတ်ရင်း
ဘုရားရှင်အပေါ် ကြည်ညိုစိတ်တွေ ပိုပြီးလေးလေးနက်နက် ဖြစ်ပေါ် လာလိမ့်မယ်။
နောက်ဆက်တွဲ အနေနဲ့

  • သစ္စာလေးပါးကို သိချင်လာတာ
  • ဆိတ်ကွယ်ရာအရပ်မှာ မကောင်းမှု မပြုမိအောင်နေတာ
  • ပညာရပ်တွေလေ့လာရတဲ့အခါ လွယ်ကူလာတာ
  • အခြားသူတွေရဲ့ အားထားလေးစားစရာ ဖြစ်လာတာ
  • အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံကောင်းမွန်အောင် နေထိုင်ကျင့်သုံးချင်စိတ် အမြဲဖြစ်ပေါ်နေတာ
  • ကောင်းသောစကားကိုပဲ အမြဲပြောမိလာပြီး၊
  • မကောင်းသောစကားကို ကြားရသောဆင်းရဲမှုက လွတ်လာတာ
စတဲ့ မြောက်မြားလှစွာသော ကောင်းကျိုးတွေကိုလည်း
မတောင်းဘဲ အလိုလိုရလာ၊ ရောက်လာတာ တွေ့ရမယ်။
ဂုဏ်တော်တွေ အမြဲပွားနေတာကြောင့်
ပွားနေရင်းရုတ်တရက်သေရင်တောင် ငရဲ မရောက်နိုင်ဘူး။
သံသရာမှာ မကောင်းတဲ့ ဘုံ ဘ၀တွေ မရောက်နိုင်ဘဲ ၊
အဆုံးမှာ နိဗ္ဗာန်သို့ရောက်နိုင်တာ စတဲ့ ကောင်းကျိုးတွေလည်း ရလာမယ် ။

(တကယ်တော့ဒီထက်မကများပြားလှတဲ့ အကျိုးတွေရရှိမှာပါ. . နောက်ထပ်ပြောချင်တာလေးတစ်ခုကဘုရားရှင်ရဲ့ဂုဏ်တော် တွေဟာကျွန်တော်တို့ မှန်းဆမရနိုင်အောင်များပြားလှသလို ကျေးဇူးလည်းကြီးမားလွန်းလှတဲ့အတွက် မိမိတို့သံသရာအကျိုးကိုမျှော်ပြီးအထူးအာရုံပြုကြစေချင်ပါတယ် . .)

တကယ်လို့များ ကျွန်တော့်ရဲ့ ဖော်ပြချက်တွေထဲမှာ . . မှားယွင်းမှုတစ်စုံတရာပါနေခဲ့တာတွေ့ရင်လည်း ပြောပြပေးခဲ့ဖို့ ပန်ကြားအပ်ပါတယ် . .

သူငယ်ချင်းများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းရွှင်လန်းပြီး
အမျိုးဘာသာ၊ သာသနာအကျိုးကို တတ်အားသမျှ ထမ်းဆောင်ကြသူများ ဖြစ်နိုင်ကြပါစေ။