ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Jul 22, 2007

XSS သို့မဟုတ် Cross-Site Scripting - ကာကွယ်နည်းများ


XSS သို့မဟုတ် Cross-Site Scripting ရန်မှ ကာကွယ်မှုကို ဆောင်ရွက်သည့်အခါ Web Developer များဘက်မှ ၄င်းတို့၏ Web Site ကို XSS ပျော့ကွက်များ ဖြစ်ပေါ်မလာအောင် လိုအပ်သော အကာအကွယ်များဖန်တီးခြင်း၊ User များမှ ထည့်သွင်းလိုက်သော အချက်အလက်များကို စိစစ် လက်ခံခြင်း အစရှိသည့် ဆောင်ရွက်မှုများကို ပြုလုပ်ရသည်။ ထိုအပိုင်းကို ချန်ထားခဲ့ပြီး အင်တာနက် သုံးသူတစ်ဦး အနေဖြင့် XSS အန္တရာယ်မှ မည်သို့ အကာအကွယ်ပြုရမည်၊ ရှောင်တိမ်းရမည်ကို အဓိက ဖော်ပြသွားမည် ဖြစ်သည် -

၁. အင်တာနက်ကြည့်ဆော့ဖ်ဝဲ ရွေးချယ်ခြင်း
အင်တာနက်ထဲတွင်လျှောက်သွားစဉ် မိမိအတွက် လုံခြုံမှုရှိစေရန် အကာအကွယ်ဖန်တီးသည့်အခါ တစ်ခုတည်းသော အရေးအကြီးဆုံး အရာမှာ မိမိအသုံးပြုမည့် အင်တာနက်ကြည့်ဆော့ဖ်ဝဲကို ရွေးချယ်ခြင်း ဖြစ်သည်။ အင်တာနက် သုံးသူ အများစုသည် အများအားဖြင့် အင်တာနက်ကြည့်ဆော့ဖ်ဝဲ တစ်ခုထက် ပို၍ အသုံးပြုလေ့ရှိကြပြီး Website တစ်ခုကို ကြည့်သည့်အခါ ဆော့ဖ်ဝဲ တစ်ခုဖြင့် အဆင်မပြေလျှင် နောက်တစ်ခုဖြင့် ပြောင်းသုံးလေ့ ရှိကြသည်။ ဆော့ဖ်ဝဲ ရွေးချယ်သည့်အခါ သတိထားရမည့် အချက်တစ်ခုမှာ - တိုက်ခိုက်မှုများသည် အင်တာနက်သုံးနေသူ အများစုကို ပစ်မှတ်ထားသည် - ဟူသော အချက် ဖြစ်သည်။ လတ်တလော အခြေအနေတွင် Firefox ဆော့ဖ်ဝဲမှာ လူသုံးများသည့် ဆော့ဖ်ဝဲများထဲတွင် “ ပိုမို လုံခြုံသော ” အနေအထား တွင်ရှိပြီး၊ တိုက်ခိုက်သူများ၏ အဓိက ပစ်မှတ်မှာ မိုက္ကရိုဆော့ဖ်၏ Internet Explorer ဖြစ်နေသည်။ ထို့ပြင် Mozilla, Netscape, Opera, နှင့် Safari တို့ကိုလည်း ရွေးချယ် အသုံးပြုနိုင်သေးသည်။

-စိတ်ချစွာ အသုံးပြုနိုင်မည့် အင်တာနက်ကြည့် ဆော့ဖ်ဝဲ တစ်ခု (သို့) နှစ်ခုကို ရွေးပါ။


၂. အင်တာနက်ကြည့်ဆော့ဖ်ဝဲ ကို ပိုမိုလုံခြုံအောင် ဖန်တီးခြင်း
မည်သည့် အင်တာနက်ကြည့်ဆော့ဖ်ဝဲ ကိုရွေးချယ် အသုံးပြုသည်ဖြစ်စေ ၄င်းတို့ အတွက် အကာအကွယ်ပေးမည့် ပရိုဂရမ်များ နှင့် ကိရိယာ (Tools) များကို ထပ်မံပေါင်းစပ်ပေးခြင်းဖြင့် အင်တာနက်ကြည့် ဆော့ဖ်ဝဲကို ပိုမို လုံခြုံလာအောင် ဖန်တီးနိုင်သည်။

  • Firefox အတွက် - NoScript , SafeHistory, SafeCache,
  • Internet Explorer အတွက် - eBay Toolbar
  • Firefox/Internet Explorer နှစ်မျိုးလုံးအတွက် Netcraft Anti-Phishing Toolbar, Google Toolbar စသည်တို့မှာ -
လုံခြုံမှုကိုများစွာ အထောက်အပံ့ပေးနိုင်သည့် ကိရိယာများ ဖြစ်ကြသည်။
၎င်းတို့သည် သီးခြား ထည့်သွင်းပေးရသည့် ပရိုဂရမ်များ (Add-ons) များဖြစ်ပြီး -
  • Phishing web site များကို ဖော်ထုတ်ပေးခြင်း၊
  • web site များ၏ အချို့သော အင်္ဂါရပ်များ (Features)ကို ရပ်တန့်ပေးထားခြင်း၊
  • အင်တာနက်သုံးသူများ၏ စကားဝှက် စသည်များကို မသက်ဆိုင်သူများ လက်ထဲသို့ မရောက်အောင် ထိန်းသိမ်းကာကွယ်ပေးခြင်းနှင့်
  • အခြားသော အသုံးဝင်သည့် အကာအကွယ် အမျိုးမျိုးကို ရရှိစေသည်။
Phishing - အီးမေးလ် ကိုအသုံးပြုပြီး အင်တာနက်သုံးသူတစ်ဦးကို အင်တာနက်နေရာ( Web site) အတု တစ်ခုသို့ ရောက်လာအောင်ဖန်တီးကာ credit card, social security, bank စာရင်းအမှတ် စသည့် အရေးကြီးသော အချက်အလက်များကို လှည့်ဖျားရယူသည့် အင်တာနက် ရာဇ၀တ်မှု တစ်မျိုး။
      1. NoScript - https://addons.mozilla.org/firefox/722/
      2. SafeHistory - www.safehistory.com/
      3. SafeCache - www.safecache.com/
      4. Netcraft Anti-Phishing Toolbar -http://toolbar.netcraft.com/
      5. eBay Toolbar -http://pages.ebay.com/ebay_toolbar/
      6. Google Toolbar - www.google.com/tools/firefox/toolbar/index.html

-လိုအပ်သော ပရိုဂရမ်များ နှင့် ကိရိယာများ ထပ်မံပေါင်းထည့်ပေးပါ။



၃. အချို့သော အင်္ဂါရပ်များကို ရပ်တန့်ထားခြင်း
အရိုးစင်းဆုံးပြောရလျှင် အင်္ဂါရပ် (Features) အချို့ကိုသာ အလုပ်လုပ်စေခြင်းသည် အင်တာနက်ထဲတွင် သွားလာရသည့်အခါ ပိုမို စိတ်ချ လုံခြုံသည့် အနေအထားကို ဖြစ်ပေါ်စေသည်။ ပြောရလျှင် JavaScript, Java, Active X, JScript, VBScript,Flash, နှင့် QuickTime တို့အားလုံးမှာ အန္တရာယ်ပေးနိုင်သည့် အရာများ ဖြစ်သည်။ ၄င်းနည်းပညာများသည် အင်တာနက်လူဆိုးများအတွက် လက်နက်ပုံစံသစ်များ ဖြစ်လာ ကြသည်။ မကောင်းသော အချက်တစ်ခုမှာ အဆိုပါ အင်္ဂါရပ်များကို အလုပ်မလုပ်နိုင်အောင် ရပ်တန့်ထား ခြင်းသည် အချို့သော Web site များ၏ အလုပ်လုပ်မှု အနေအထားကို ရပ်တန့်စေခြင်း၊ တ၀က်တပျက်သာ အလုပ်လုပ်စေခြင်း စသည်တို့ ဖြစ်ပေါ်လာစေနိုင်သည်။
မည်သို့ပင် ဖြစ်စေ ၄င်းတို့ကိုရပ်တန့်ထားခြင်းက ပို၍ အကျိုးများစေသည်။ ထို့ကြောင့် အချို့သော အင်တာနက်ကြည့်ဆော့ဖ်ဝဲများ နှင့် ၄င်းတို့၏ နောက်ဆက်တွဲများ (Extensions) သည် အထက်တွင်ဖော်ပြခဲ့သည့် အင်္ဂါရပ်များကို လိုအပ်သလို ဖွင့်/ပိတ်ခြင်းများကို အလျင် အမြန် ဆောင်ရွက်ပေးနိုင် အောင်ဖန်တီးထားခြင်းဖြစ်သည်။

-အန္တရာယ်ပေးနိုင်သော အချို့အရာများ (JavaScript, Java, Active X, JScript, VBScript, Flash, နှင့် QuickTime) ကို မဖြစ်မနေ လိုအပ်မှသာ အလုပ်လုပ်ပါစေ။ မလိုအပ်က ရပ်ထားပါ။


၎. ကွန်ပျုတာ စက်အတု (Virtual Machine) တစ်ခုကို သုံးခြင်း
ယခုအခါ ကွန်ပျုတာ စက်အတု (Virtual Machine) ကဲ့သို့သော အတုဖန်တီးထားသည့် နေရာများမှတဆင့် အင်တာနက်ကို အသုံးပြုနေသူများ တနေ့ထက်တနေ့ တိုးတက် များပြားလာနေပြီ ဖြစ်သည်။ အကယ်၍ အခြေအနေ တစ်ခုခု ထူးခြားမှုဖြစ်ပေါ်လာပါက စက်အတုထဲတွင်သာ ပြဿနာ တက်မည်ဖြစ်ပြီး ပင်မ ကွန်ပျုတာကို ထိခိုက်မှု မရှိနိုင်ပေ။
ကွန်ပျုတာ စက်အတု (Virtual Machine) - တကယ့် ကွန်ပျုတာတစ်လုံးကဲ့သို့ အလုပ်လုပ်ပေးနိုင်သော ကွန်ပျုတာ ဆော့ဖ်ဝဲတစ်မျိုး၊ Operating System တစ်ခု ထည့်သွင်းတပ်ဆင်ပေးရသည်။ အခြားသော ဆော့ဖ်ဝဲများလည်း ထည့်သွင်းနိုင်သည်။
-မိမိအကျွမ်းတ၀င်မရှိသော Web site များ၊ ဆော့ဖ်ဝဲများကို စမ်းသပ် အသုံးပြုရသည့်အခါ ဘေးကင်းစေရန် အတွက် ကွန်ပျုတာ စက်အတု (Virtual Machine) ကို အသုံးပြုပါ။


၅. အီးမေးလ် အတွင်းရှိ အင်တာနက် လိပ်စာများကို ဘယ်တော့မှ ကလစ်မလုပ်ပါနှင့်
အီးမေးလ်အတွင်းပါဝင်လာသည့် -
  • လိပ်စာနှင့် အင်တာနက်နေရာများ၊
  • ရုပ်ပုံများ ကို တတ်နိုင်သမျှ မည်သည့် အချိန်တွင်မှ ကလစ်မလုပ်ပါနှင့်။
  • ၄င်းလိပ်စာများသည်ပင် အန္တရာယ်ဖြစ်နေပြီး၊
  • Phishing အီးမေလ်များကို ရှာဖွေ ဖော်ထုတ်နိုင်ရန်မှာလည်းခက်ခဲသည်။
အကယ်၍ အီးမေးလ်တစ်စောင်သည် အစစ်အမှန်ဖြစ်ကြောင်း မသေချာပါက၊ ဆောင်ရွက်နိုင်သည့် အကောင်းဆုံးနည်းမှာ ပေးထားသော လိပ်စာကို အင်တာနက်ကြည့်ဆော့ဖ်ဝဲ၏ လိပ်စာဖေါ်ပြသည့်နေရာတွင် ကိုယ်တိုင်ရိုက်ပြီး ထည့်သွင်းခြင်းဖြစ်သည်။ ဤနည်းအားဖြင့် မိမိရောက်သွားမည့်နေရာသည် အစစ်အမှန်နေရာတစ်ခု ဖြစ်ကြောင်း အတော်အတန် အာမခံချက် ရရှိနိုင်ပေသည်။

ချွင်းချက် တစ်ခုတော့ ထားရှိရမည် ဖြစ်သည်။
ဥပမာအားဖြင့် မိမိ၏လုပ်ဆောင်မှု တစ်ခုကို တုန့်ပြန်ပေးရန် ချက်ချင်း ပေးပို့လာသော အီးမေးလ်များ
(Web site တစ်ခုတွင် မှတ်ပုံတင်ခြင်း၊ စကားဝှက် မေ့သွားခြင်း ကြောင့် ပြန်တောင်းခြင်း/ပြန်ပြင်ခြင်း၊ ကုန်ဝယ်အမှာစာ အတည်ပြုခြင်း .. စသည်) ကို မိနစ်ပိုင်းအတွင်း ပြန်လည် တုန့်ပြန် ဆောင်ရွက်ပေးရသည့် အခါမျိုး အတွက် ဖြစ်သည်။
-မိမိ၏ လိုအပ်ချက်ကြောင့် ချက်ချင်းရောက်လာပြီး ချက်ချင်းတုန့်ပြန်ပေးရမည့် အီးမေးလ်များအတွင်းရှိ လိပ်စာများမှ အပ၊ အခြားမည်သည့် အီးမေးလ်များအတွင်းရှိ လိပ်စာများ၊ ပုံများ ကိုမဆို ကလစ် မလုပ်ပါနှင့်။


၆. မိမိ၏ Web mail ကို ကာကွယ်ထားပါ
လူသန်းပေါင်းများစွာတို့သည် နည်းအမျိုးမျိုးဖြင့် Web mail များကို အသုံးပြုလျက် ရှိနေကြသည်။ ၄င်းကို မိမိ၏ ဘဏ်စာရင်း နံပါတ် ထက်ပင် လျှိုဝှက် သိမ်းဆည်းထားသင့်ပေသည်။ လူပေါင်းများစွာတို့သည် အရေးကြီးသော အင်တာနက် ပေါ်မှ Account များကို Web mail လိပ်စာ တစ်ခုတည်းဖြင့် ရယူ သိမ်းဆည်း ထားတတ်လေ့ရှိကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က မိမိ၏ အီးမေးလ်လိပ်စာကို နည်းလမ်းတစ်ခုခုဖြင့် အသုံးပြုနိုင်သွားမည်ဆိုပါက ထိုသူသည် ၄င်းအီးမေးလ်တွင် ချိတ်ဆက်ထားသော အခြားသော Account များကိုပါ သုံးခွင့်ရသွားမည် ဖြစ်သည်။

သင့်အနေဖြင့် ဆောင်ရွက်နိုင်သည့် အကောင်းဆုံးအရာတစ်ခုမှာ -
  • အလွယ်တကူ မခန့်မှန်းနိုင်သော စကားဝှက်မျိုးကို အသုံးပြုခြင်း၊
  • စကားဝှက်များကို အနည်းဆုံး ၃ လတစ်ကြိမ် ပြောင်းလဲခြင်း၊
  • ၄င်းစကားဝှက်ကို အခြားမည်သည့်နေရာတွင်မှ မသုံးခြင်း၊
  • အလုပ်အမျိုးမျိုးအတွက် အီးမေးလ် လိပ်စာ အဆင့်အတန်းအမျိုးမျိုးထားရှိ အသုံးပြုခြင်း တို့ ဖြစ်သည်။
အရေးကြီးသော အချက်အလက်များပါဝင်နေသည့် မည်သည့် အီးမေးလ်ကိုမဆို ဖတ်ရှုပြီးသည့်အခါ ဖျက်ဆီးပစ်လိုက်ခြင်း သည်လည်း ကောင်းမွန်သော လုပ်ဆောင်ချက် တစ်ခု ဖြစ်သည်။
-မိမိ၏ အီးမေးလ် စကားဝှက် ကို ကောင်းစွာ ကာကွယ်ထားပါ။ အရေးကြီးသော အကြောင်းအရာများကို အီးမေးလ် Inbox ထဲတွင် သိမ်းမထားပါနှင့်။ အများနှင့် သက်ဆိုင်သော၊ လူများစုအတွက် ချပေးရမည့် အီးမေးလ်လိပ်စာကို အခြား အရေးကြီးသော နေရာများတွင် မသုံးပါနှင့်။


၇. ရှည်လျားသော အင်တာနက်လိပ်စာများကို သတိထားပါ
အကယ်၍ အင်တာနက်လိပ်စာ တစ်ခုသည် စာကြောင်း တစ်ကြောင်းထက်ပိုမိုရှည်လျားပြီး၊ ရာခိုင်နှုန်း သင်္ကေတများ % ဖြင့် ပြောင်းလဲ ဖော်ပြထားပါက အထူးသတိပြုသင့်သည်။ အကယ်၍ အင်တာနက်လိပ်စာ တစ်ခု၏ သဘာဝ အမှန်ကို မသိပါက ၄င်းတို့ကို မူရင်း သင်္ကေတ အဖြစ် ပြန်ပြောင်းပြီး အတွင်းတွင် HTML သင်္ကေတများ ပါဝင်နေခြင်း ရှိမရှိ စစ်ဆေးပါ။

-HTML သင်္ကေတများ ပါဝင်နေပါက ၄င်းလိပ်စာကို ကလစ်မလုပ်ပါနှင့်။


၈. URL အတိုချုံးပေးသော ၀န်ဆောင်မှုများ
URL အတိုချုံးပေးသော ၀န်ဆောင်မှုများကို သတိထားပါ။ အချို့သော အင်တာနက်လူဆိုးများသည် မိမိတို့၏ ကောက်ကျစ်သော အင်တာနက်လိပ်စာများကို ကွယ်ဝှက်နိုင်ရန်အတွက် TinyURL, snipURL, notlong, shorl, နှင့် doiop တို့ကဲ့သို့သော အင်တာနက်လိပ်စာ ပြောင်းပေးသည့် ၀န်ဆောင်မှုများကို သုံးလေ့ရှိကြသည်။ ထိုကဲ့သို့သော လိပ်စာများကို စစ်ဆေးနိုင်ရန်အတွက် လိုအပ်ပါက Command Line ထဲတွင် ရိုက်ထည့်ပြီး တိုက်ရိုက် စစ်ဆေး ကြည့်နိုင်သည်။ အကယ်၍ လိပ်စာ အစစ်အမှန်ဖြစ်ပါက အမှန်အတိုင်းလမ်းညွှန်မည် ဖြစ်သည်။ ယခုကဲ့သို့ လိပ်စာပြောင်းပေးသော ၀န်ဆောင်မှုများသည်လည်း ၄င်းတို့ထံရောက်လာသော လိပ်စာ မှန်မမှန်ကို အာမခံနိုင်မည် မဟုတ်ပေ။
-ထို့ကြောင့် မည်သည့် နေရာကိုမဆို ကလစ် လုပ်တော့မည်ဆိုပါက အထူးသတိထားရန်လိုမည် ဖြစ်ပေသည်။ မသိသော၊ သံသယရှိနေသော လိပ်စာများကို ကလစ်မလုပ်ပါနှင့်။


သတိပြုစေလိုသည်မှာ - ယခုဖော်ပြထားသော အချက်များ သည်လည်း မိမိတို့ကို အတော်အသင့် မျှသာ အကာအကွယ်ပေးနိုင်မည်ဖြစ်ပြီး ရာနှုန်းပြည့် အကာအကွယ် ပေးနိုင်မှုအတွက် သက်ဆိုင်သူ တစ်ဦးချင်းစီ အနေဖြင့် အမြဲမပြတ် ဆက်လက် လေ့လာသွားရန် အထူးပင် အရေးကြီးလှပါကြောင်း -


REF -
- http://en.wikipedia.org/wiki/Xss
- http://www.cgisecurity.com/articles/xss-faq.shtml
- XSS Attacks - CROSS SITE SCRIPTING EXPLOITS AND DEFENSE by Syngress